抖阴社区

2. Alpha Centauri ( U )

35.6K 1.9K 248
                                        

မနေ့ညက မိုးအေးအေးနှင့် တစ်ယောက်တည်း ဘယ်အချိန် အိပ်ပျော်သွားမှန်း မသိလိုက် ။ သည်မနက် လင်းထွဋ် အိပ်ရာက နိုးတော့ နားထဲမှာ စကားပြောသံတွေလိုလို အရင်ကြားရသည် ။ အိပ်ချင်မူးတူးနှင့် မျက်လုံးကို အားယူဖွင့်ကြည့်မိတော့ အခန်းထဲက တီဗီက ဖွင့်လျက်သား ။

ညက ဇာတ်ကားကြည့်ရင်း အိပ်ပျော်သွားခြင်းပင် ။ လင်းထွဋ်အကျင့်အတိုင်း နှိုးစက်လည်း ချမထားမိ ။

ပြတင်းမှန်ကနေ ထိုးဖောက်ဝင်ရောက်လာသည့် အလင်းရောင်စူးစူးအရဆို နေမြင့်နေလောက်ပြီ။ အိပ်ရာဘေးက နာရီကို ကမန်းကတန်း ယူကြည့်မိတော့ ခုနစ်နာရီနဲ့ မိနစ်လေးဆယ်တဲ့ ။

အိမ်မှာ အမေ ရှိလျှင် သူ အခုလောက်ဆို ပွစိပွစိ ‌အပြောခံနေရပြီ ။

" အသက်ပဲ သုံးဆယ်ကျော်နေပြီ ။ အိပ်ရာထဖို့ကို ငါပဲ နေ့တိုင်း လာနှိုးနေရမှာလား လင်းထွဋ်ဦးရဲ့ ။ နင့်ကိစ္စဝိစ္စတွေ ငါ ဘယ်အချိန်အထိ လိုက်လုပ်ပေးနေရဦးမှာလဲ ဟင် ။ မိန်းမယူဆိုတော့လဲ မယူဘူး ။ တကတည်း ဘာသားနဲ့ထုထားလို့ ဒီအရွယ်အထိ ချစ်စရာကြိုက်စရာ ရည်းစားသနာပါ မရှိရတာလဲ "

ရေချိုးခန်းထဲ ကမန်းကတန်း ဝင်ပြေးရင်း မနက်တိုင်း ကြားနေကြ မာတာမိခင်ဆီက အိမ်ထောင်ပြုရေးတရားတော်တို့က လင်းထွဋ် နားထဲ အစီအရီ ပြန်ဝင်လာ၏ ။

ဒေါ်ဆွေဆွေဦးရဲ့ သားဖြစ်ရတာလည်း သိပ်တော့မလွယ် ။ အသက်သုံးဆယ် ပြည့်ပြီးကတည်းက ရည်းစားမရှိတာကိုပဲ အသုံးမကျတဲ့သူလို သူ့မှာ အပြောခံရတတ်သည် ။

" တက္ကသိုလ်တက်တုန်းက ရည်းစားမထားဘဲ နင်ဘာလုပ်နေခဲ့တာလဲ " ဆိုတာမျိုးပင် ပါသေး၏ ။

လူတစ်‌ယောက်ကို စောင့်နေတာလို့များ အမှန်အတိုင်း ဖြေလိုက်လျှင် သူ့အမေ ဘယ်လိုတုန့်ပြန်လာမလဲ လင်းထွဋ် သိချင်မိသည် ။ ပြီးတော့ အဲဒီလူတစ်ယောက်ဆိုတာ သူ့ထက် သုံးနှစ်လောက်ငယ်သည့် ယောက်ျားလေးတစ်‌ယောက် ဖြစ်နေခဲ့တယ် ဆိုတာရောပေါ့ ။

" မနက်စာ စားပြီးပြီလား သား "

ရေစိုနေသည့် ခေါင်းကို သဘက်နှင့် သုတ်နေစဉ် Viberကနေ ဖုန်းခေါ်လာတာ သူ့အဖေ ။ သူ့အဖေဆိုမှတော့ ဘေးမှာ သူ့အမေလည်း ရှိနေလိမ့်မည် ။ လင်းထွဋ် အမှန်အတိုင်း ပြော၍မဖြစ် ။ စားပြီးပြီဖြစ်ကြောင်းနှင့် အခုပဲ ရုံးသွားတော့မှာဖြစ်ကြောင်း ညာရွှီးလိုက်ရ၏ ။

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now