" လင်းထွဋ် .... နိုးပြီလား ။ ထမင်းစားရအောင်လေ "
ကိုထူးမြတ်အသံကြောင့် မပွင့်တပွင့် ဖြစ်နေသည့် မျက်လုံးတွေကို ပွတ်သပ်ရင်း အိပ်နေရာက ထထိုင်လိုက်ရသည်။ အလာတုန်းက ကားပေါ်မှာ ကောင်းကောင်းမအိပ်ခဲ့ရ၍ ခဏမှေးဦးမည်ဆိုပြီး အိပ်ပျော်သွားရာက လင်းထွဋ်နိုးလာတော့ မွန်းလွဲချိန်ပင်ရောက်လုပြီ ။ ကိုထူးမြတ်က နေ့လယ်စာ မစားသေးဘဲ သူနိုးအလာကို စောင့်နေ၏ ။
သူတို့နေဖို့ ပေးထားသည့် အဆောင်က ဝါးကပ်မိုးထားပြီး ဆယ့်ငါးပေပတ်လည်ခန့်ရှိသည့် ခြေတံရှည် မြေစိုက်တဲကလေး ။ ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ သည်လိုတဲအိမ်လေးတွေ အလုံးနှစ်ဆယ်ခန့်ရှိသည်။ တရားစခန်းရှိတဲ့အခါ ယောဂီတွေနေဖို့ ဆောက်ထားသည့် အဆောင်လေးတွေတဲ့ ။
အဆောင်လေးထဲမှာ အခန်းကန့်ထားခြင်းမရှိသလို ခုတင်လည်းမရှိ ။ အညာနွေအပူနှင့် မွှေ့ယာလည်း မခင်းနိုင် ။ ကြမ်းအပြည့်ခင်းထားသည့် နှီးကြောဖျာပေါ်မှာပဲ သည်အတိုင်း အိပ်ရသည် ။ အဆောင်ခေါင်းရင်းနှင့် နောက်ကျောမှာ မန်းကျည်းပင်ကြီးများရှိ၍ အရိပ်ကတော့ ကောင်းကောင်းရပါသည် ။
ထမင်းစားဖို့ဆိုပြီး ကိုထူးမြတ် သူ့ကို ခေါ်သွားတာက ဆွမ်းစားကျောင်းဆောင်ထဲ ။ ကိုထူးမြတ်ဆီမှာ ဂတ်စ်မီးဖိုအသေးလေးတစ်လုံးရှိပေမဲ့ သိပ်တော့ ချက်စားဖြစ်ပုံမပေါ် ပါ ။ သည်ရွာမှာက လျှပ်စစ်မီးလည်း မရသေးသလို ၊ ဂတ်စ်ဖြည့်ဖို့ကလည်းမလွယ်။ မုံရွာမြို့ပေါ်အထိသွားရင်း ကြုံကြိုက်မှသာ ဂတ်စ်ဘူးတွေ လဲရသည်တဲ့ ။
သူတို့မြင်တော့ ကပ္ပိယတစ်ဦးက ထမင်းထခူးပေးသည် ။ ကိုထူးမြတ်ကလည်း ကူပေး၏ ။ လင်းထွဋ်ကတော့ အခုမှ ရောက်စဖြစ်၍ ဟိုနားရပ်တေးရပ်တေး သည်နားရပ်တေးရပ်တေးလုပ်ရင်း စောင့်နေရသည်။
ပျဉ်းကတိုး ခုံပုစားပွဲဝိုင်းကြီးပေါ် အနက်ရောင် စစ်စည်းသုတ်ထားသည့် နှီးအုပ်ဆောင်းကြီးကို ဖယ်လိုက်တော့ တွေ့ရသည့် ဟင်းခွက်တွေက အစုံအလင် ။ ကြာညှို့များများနှင့် ချက်ထားသည့် ဝက်သားဟင်းခွက်လည်းပါသည် ။ ပင်စိမ်းနိုင်နိုင်အုပ်ထားသည့် ကြက်သားရေကျိုချက်လည်းပါ၏ ။ ခရမ်းသီးချက် ၊ ပဲသီးကြော် ၊ ကုလားပဲဆံနှပ် ၊ ချဉ်ပေါင်ကြော် ၊ ကြက်သွန်နီနှင့် ရွနေအောင် ပနှော်ထားသည့် ငရုတ်သီးကြော်ရဲရဲ ၊ ကြက်ဥပြုတ်ကို မန်ကျည်းသီးမှည့်နှင့်ချက် ၊ မြေပဲဆံနိုင်းချင်းနှင့်ကြောင်လျှာပွင့်သုပ် ။ နောက်ပြီး သရက်သီးခြောက်ရယ် လက်ပံပွင့်ခြောက်ရယ်နှင့် အမျိုးအမည်မကွဲပြားသည့် ဟင်းတွေအစုံအလင်ရောနှောထားသည့် အညာအခေါ် ဟင်းပေါင်းချက်ကလည်း ပူပူနွေးနွေး ။ ကပ္ပိယကြီး ယူလာပေးသည့် စတီးဇလုံကြီးထဲမှာက အငွေ့တထောင်းထောင်း ထနေသည့် ဆူးပုတ်နှင့် ပြည်ပန်းညိုရွက် ဟင်းချို ။
YOU ARE READING
Love Beyond The Milky Way - ???????? { Completed }
Romance??????????? × ?????????? ????????????????? ????????? ????????? ????????????????? ?????????????? ?????????? ????????? ??????????????? ....
