抖阴社区

5. Proxima Centauri ( Z )

4.5K 49 0
                                        

" တစ်ယောက်ယောက်ကို ကြာပန်းလက်ဆောင်ပေးတယ်ဆိုတာကလေ လှပကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးတဲ့ သဘောပဲ အစ်ကိုရဲ့ "

လင်းထွဋ်ကို စက်ဘီးနှင့် ပြန်ပို့ပေးပြီး ကြာပန်းနှစ်ပွင့်စလုံး သူ့လက်ထဲ ထည့်ပေးသွားရင်း ထင်ရှားဇော် ပြောသွားသည့် စကားတစ်ခွန်းက လင်းထွဋ် မှတ်ဉာဏ်ထဲရော နှလုံးသားထဲမှာပါ စွဲထင်ကျန်ခဲ့သည် ။

ကြာပန်းက သူတို့လို ဗုဒ္ဓဘာသာဝင်တွေအတွက် တန်ဖိုးထားစရာ မြင့်မြတ်သည့်ပန်းဖြစ်ကြောင်းကိုတော့ သူငယ်ငယ်ကလည်း အဘွားဖြစ်သူဆီက မကြာခဏ ကြားခဲ့ရဖူး၏ ။

ရွှံ့ညွန်ထဲကနေ တိုးထွက်လာရပေမဲ့ ညစ်ပေခြင်းမရှိဘဲ စင်စင်ကြယ်ကြယ် လှလှပပနှင့် ဖူးပွင့်လာကြသည့် ကြာပန်းကလေးတွေက သန့်စင်ခြင်း ၊ မွန်မြတ်ခြင်း ၊ တည်ငြိမ်ခြင်း ၊ စိတ်ဓာတ်ခိုင်မာခြင်းတို့ကိုလည်း ကိုယ်စားပြုသေးသည်တဲ့ ။ ဒါကြောင့်လည်း အဘွားက သူ့ကို ဆုံးမစကားဆိုတဲ့အခါတိုင်း ကြာပန်းလေးတွေနှင့် ဥပမာပေးပြီး ဘဝကို ကြာပန်းလေးတွေလို ရှင်သန်ရမယ်လို့ ပြောလေ့ရှိခြင်းပင် ။

သည်လိုမျိုး လေးနက်သည့် အဓိပ္ပာယ်တွေနှင့် ကြာပန်းလေးကို ထင်ရှားလေးက ကိုယ်တိုင် ရေထဲဆင်းခူးပြီး သူ့ကို လက်ဆောင်ပေးခဲ့ပါသည် ။ ပန်းကတစ်ဆင့် ဆုတောင်းစကားလေးကိုပါ ပြောသွားသေး၏ ။

ဘယ်လောက် ချစ်ခင်တွယ်တာစရာကောင်းသည့် ညီငယ်လေးပါလဲ ။

ကြာပန်းလေးနှစ်ပွင့်ကို စာကြည့်စားပွဲခုံပုလေးပေါ် ကမြေပန်းအိုးလေးထဲ အတူထိုးစိုက်ပြီး လင်းထွဋ် စိတ်ထဲမှာ ကြည်နူးခြင်းရသတွေ ပန်းလိုဝေရသည်။ စေတီတော်တွေဆီကလာသည့် ဆည်းလည်းသံ တချွင်ချွင်ကလည်း သူ့ရင်ကို တစ်မျိုးအေးမြစေ၏ ။

သူတို့နေသည့် ယောဂီဆောင်လေးထဲမှာ ရေနံဆီမီးအိမ်ထွန်းထားပြီး ဘုန်းကြီးကျောင်းကြီးပေါ်မှာတော့ အင်ဗာတာနှင့် အလင်းပေးထားသည့် ဘက်ထရီမီးရောင်က ဖြူလဲ့လဲ့ ။

ဘက်ထရီအားသွင်းဖို့နှင့် ဖုန်းဆက်ဖို့ လိုအပ်လာပြီဆိုသူ ရန်ကုန်မှလာစဉ်အခါက ကားပေါ်ကနေ ဆင်းဆင်းချင်း ရောက်သည့်ရွာကို သွားကြရသည် ။ ချောင်းဦး-မုံရွာ ကားလမ်းဘေးမှာရှိသည့် ထိုရွာတွေက ရွှေတွဲလွဲ ငွေတွဲလွဲထက်တော့ ပိုပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသည်ဟု ပြောရမည် ။

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now