抖阴社区

32. Earendel ( U )

23.7K 1.3K 176
                                        

" Good Morning "

" ဒီစာကို ဖတ်လိုက်ရခြင်း အကျိုးအားကြောင့် ကျွန်တော့်အချစ်လေး တစ်နေ့လုံး စိတ်လက်ကြည်သာပြီး အစစအရာရာ အဆင်ပြေပါစေ "

" ချစ်တယ်ဗျ "

လင်းထွဋ်ရဲ့ တစ်နေ့တာဟာ ဆက်သွယ်ရေးလိုင်းထဲမှတစ်ဆင့် စီးဝင်လာတတ်သည့် ထိုမေတ္တာစာလေးများဖြင့် စတင်လေ့ရှိသည် ။ ရာသီဥတု ကြည်လင်သည်ဖြစ်စေ ၊ မှုန်မှိုင်းသည်ဖြစ်စေ သူ့ကောင်းကင်မှာ လင်းဖြာနေသည့် နေခြည်တန်းလေး ။ ဆုတ်ရက်ဖြစ်စေ ၊ ဆန်းရက်ဖြစ်စေ သူ့အခန်းပြတင်းဝမှာ အမြဲလာမေးတင်နေသည့် လရောင်လေးပေါ့ ။

သို့ပေမဲ့ နေခြည်တန်းလေးကို ဖမ်းယူဆုပ်ကိုင်၍မရသလို လရောင်လေးကိုလည်း  သူ့မှာ ထိတွေ့နမ်းရှိုက်ခွင့်တော့ မရှိပါလေ။

" ဒီနေ့ ဆေးစစ်တာလဲ အဆင်ပြေတယ်နော် အစ်ကို ။ သွေးဖိအားလဲကောင်းတယ် ။ ကိုယ်အလေးချိန်လဲ ပုံမှန်ပဲ ။ နှလုံးခုန်သံကတော့ ကိုထွဋ် ၊ ကိုထွဋ်နဲ့ မြည်နေလို့ နည်းနည်းပြဿနာရှိနေတယ် "

အတူမရှိရလည်း အတူရှိနေသလို ပြုံးစေပျော်စေ ၊ ရင်ခုန်စေသည့် ချစ်သူပါပဲ ။

အာကာသယာဉ်မှူးတွေက နေ့စဉ် မနက်ခြောက်နာရီဆို ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေ ပုံမှန်လုပ်ဆောင်ကြရသည် ။ ထို့နောက် ခုနစ်နာရီမှစပြီး သက်ဆိုင်ရာ လုပ်ငန်းတွေ ၊ လေ့ကျင့်မှုတွေ ဆောင်ရွက်ကြရ၏ ။ ISSကို သွားရမည့်သူတွေ ၊ လကမ္ဘာကို ပြန်လည်ခြေချနိုင်ဖို့ Artemis အစီအစဉ်မှာ ပါဝင်မည့်သူတွေ စသဖြင့် ကိုယ့်missionနှင့်ကိုယ် လေ့ကျင့်ရသည့်နေရာတွေလည်း မတူကြ ။

ထင်ရှားက Johnson Space Centre၏ Mission Control Centreမှာ အလုပ်လုပ်ပြီး ISSကို သွားမည့် အာကာသယာဉ်မှူးတွေထဲက တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မနက် ခုနစ်နာရီမှစ၍ ISSမှာလည်ပတ်နေသည့် နည်းစနစ်တွေ ၊ ဒီဇိုင်းပုံစံတွေနှင့်ပတ်သက်သည့် သင်တန်းပို့ချမှုတွေမှာ ပါဝင်ရသည် ။ နောက်ပြီး ISS ပုံစံငယ်အနေနှင့် တည်ဆောက်ထားသည့် နေရာမှာ လက်တွေလေ့ကျင့်မှုတွေကို နေ့လယ်ဆယ့်နှစ်နာရီအထိ လုပ်ကြရသည် ။

" ဒီနေ့ နေ့လယ်စာကိုတော့ ကြက်ရင်အုံသားရယ် ၊ ပေါင်မုန့်ကြမ်းနှစ်ချပ်ရယ် ၊ ဆလပ်သုပ်ရယ် ၊ သံလွင်သီးရယ် ၊ ဗာဒံစေ့ရယ် စားခဲ့တယ်ဗျ ။ အစ်ကိုရော ဘာစားလဲ ပြန်ပြောထားဦးနော် "

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now