နောက်ဆုံးတွင်တော့ ကယ်ဆယ်ရေးတပ်ဖွဲ့က အနီရောင်အမြီးနှင့်မြွေ၏တည်နေရာကို သိသွားကာ နောက်ကျမှရောက်လာသည်။
ဤအခိုက်အတန့်တွင် အပေါ်မှ စစ်လေယာဉ်၊ လက်နက်များနှင့်အတူဆင်းလာသော စစ်သားများအုပ်စုကိုကြည့်ကာ မိုနာနှင့်အခြားလူများက စိတ်လှုပ်ရှားနေပုံမပေါ်ချေ။
အဘယ့်ကြောင့်ဆိုသော် သူတို့ကယခုလေးတင် ကြီးကြီးမားမား အံ့အားသင့်ခဲ့ရပြီး ဤစိတ်ချောက်ချားမှုထက် ပိုပြင်းသောနှိုးဆွမှုကြောင့်သာမဟုတ်လျှင် လုံးဝစိတ်လှုပ်ရှားလာမည်မဟုတ်ပေ။
3S အဆင့်သားရဲကောင်အား အီလော့စ်မှ လက်ဗလာဖြင့် ဆွဲဖြဲခဲ့ပုံကို မျက်မြင်တွေ့ခဲ့ကြသော ကြည့်ရှုသူအားလုံးမှာ မိုနာနှင့်အမူအရာအတူတူပင်။ သူတို့က နေရာတွင်သာ ကြက်သေသေနေပြီး မျက်လုံးများမှာ မျက်နှာပြင်ကိုသာ စိုက်ကြည့်နေသော်လည်း စဉ်းစားမရဖြစ်နေပုံပင်။
ယခုလေးတင် သူတို့ဘာမြင်ခဲ့သနည်း။ အီလော့စ်က 3S အဆင့်သားရဲကောင်ကို လက်ဗလာဖြင့် ဆွဲဖြဲခဲ့သည်လား။ ချီးပဲ၊ 3S အဆင့်သားရဲကောင်ဆိုတာ အနီရောင်အမြီးနဲ့မြွေမဟုတ်ဘဲ၊ အဲ့ဒါနဲ့ဆင်တူတဲ့ အစိမ်းရောင်အမြီးနဲ့မြွေ၊ ဒါမှမဟုတ် အမည်းရောင်အမြီးနဲ့မြွေ မဟုတ်တာသေချာလား။
သို့သော် မိုနာနှင့်အီလော့စ်တို့ တည်နေရာ၏အပေါ်ဘက်၌ သိပ်သည်းစွာဝဲပျံနေသော စစ်လေယာဉ်များက အီလော့စ်ယခုလေးတင် သတ်လိုက်သော မြွေ၏ဇာစ်မြစ်ကို အပြည့်အစုံ သက်သေပြနေသည်။
စောစောပိုင်းတွင် အီလော့စ်အား လှောင်ပြောင်ခဲ့သော ပရိသတ်များ၏မျက်နှာများပူလောင်လာသည်။ အီလော့စ်က အနီရောင်အမြီးနှင့်မြွေထံမှ မလွတ်မြောက်နိုင်ဟု သူတို့ထင်ခဲ့သော်လည်း အီလော့စ်က ရိုးရှင်းစွာမလွတ်မြောက်ချင်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
အန္တရာယ်ကို အာရုံမခံနိုင်ဘူးဆိုတာ ဘာ အဓိပ္ပါယ်လဲ။ အီလော့စ်ကအဲ့နေရာမှာ ရပ်နေပြီး အနီရောင်အမြီးနဲ့မြွေရဲ့အသက်ကို ရိတ်သိမ်းဖို့စောင့်နေတာမဟုတ်ဘူးလား။
သန့်ရှင်းပြတ်သားသော သက်ဖြတ်မှုက လူတိုင်း၏စိတ်ထဲ၌ ကြီးမားသောထင်မြင်ချက်တစ်ခုကို ချန်ခဲ့သည်။
အရာရှိတစ်ယောက်က လေယာဉ်ပေါ်မှဆင်းလာသည်။ သူက လက်နက်ကိုချက်ချင်းအသင့်ပြင်လိုက်ကာ မိုနာအားကျယ်လောင်စွာပြောလိုက်သည်။ "ဒီနေရာက အနီရောင်အမြီးနဲ့မြွေနေနေတဲ့နေရာပဲ။ အဲ့ကောင်က တော်တော်အန္တရာယ်များတယ်။ ဘေးကင်းရာထံကို ကျေးဇူးပြု၍ မြန်မြန်ရွှေ့ပြောင်းပေးပါ။"
အနီရောင်အမြီးနှင့်မြွေနိုးလာကာ လွတ်မြောက်သွားသည်ဟု သတင်းကြားစဉ်ကပင် သူတို့က လာကယ်ဆယ်ရန်အတွက် လက်နက်များကိုတပ်ဆင်ရင်း အလုပ်များနေရာ စောနကကြောက်မက်ဖွယ်မြင်ကွင်းအား မမြင်ရသေးပေ။
ထိုနေရာတွင်သာ ဆက်ထိုင်နေသောမိုနာကိုတွေ့သောအခါ အရာရှိကဒေါသထွက်လာပြီး ပြန်တက်သွားကာ တစ်ခုခုပြောမည်ပြုစဉ်တွင် မိုနာသည် လားရာတစ်ခုဘက်သို့ ခေါင်းလှည့်၍ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။ ထို့နောက် အသက်မပါသော အမူအရာနှင့် ယောက်ျား၏မျက်လုံးများ ရုတ်တရက် ဆတ်ခနဲလှုပ်သွားသည်။
မိုနာကဲ့သို့ ဆတ်ခနဲလှုပ်သွားသော ပွဲကြည့်ပရိသတ်များလည်းများစွာရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က အီလော့စ်ဘာလုပ်နေသည်ကို မြင်လိုက်သောကြောင့်ပင်။
မည်သူကမှ သူတို့အားလာနှိုးဆွနိုင်တော့မည်မဟုတ်ဟု တွေးနေကြသော ပွဲကြည့်ပရိသတ်များမှာ အီလော့စ်အား အထင်သေးမိခဲ့သည်။
အီလော့စ်က မြွေကိုအရေခွံခွာနေပြီး 3S အဆင့်သားရဲကောင်၏အသားကို နေရာတွင်ပင် စီစဉ်နေသည်။
နောက်ဆုံးတွင်တော့ မျက်နှာပြင်က တစ်ခုပြီးတစ်ခုပေါ်လာသော မှတ်ချက်များဖြင့် ပြန်၍လှုပ်ရှားလာကာ ဗျာများနေကြသောအနေအထားဖြစ်လာသည်။
(သူက...အဲ့ဒါကိုစားဖို့...ကြိုးစားနေတာလား။)
(သူက 3S အဆင့်သားရဲကောင်ကို ဘယ်လိုလုပ်စားနိုင်မှာလဲ။ မင်းတစ်ကိုက်လောက်စားရင်တောင် သေသွားလိမ့်မယ်။ အီလော့စ်က အဲ့လိုမျိုးကိုယ့်ကိုယ်ကိုယ်မသိဘဲ ဘယ်နေမလဲ။... တောင်းပန်ပါတယ်၊ ငါထပ်ပြီး သရုပ်မဆောင်နိုင်တော့ဘူး။ ငါ့ရဲ့စိတ်ကူးယဉ်နိုင်စွမ်းတွေ အားနည်းနေပြီ။ သူငယ်ချင်းရေ၊ အဲ့ဒါကိုစားလိုက်တော့။ ငါမင်းကို ထောက်ခံတယ်။ 3Sအဆင့်သားရဲကောင်ကို အစိမ်းလိုက်ဆွဲဖြဲတာနဲ့ 3Sအဆင့်သားရဲကောင်ကို တိုက်ရိုက်စားပြတာကိုလည်း အခုကစပြီးငါမျက်မြင်တွေ့လိုက်ရပြီ။
(ဟုတ်တယ်၊ အဲ့ကောင်ကို သတ်ပြီး စားပစ်။ အဲ့ဒါက ကြက်တစ်ကောင်မဟုတ်ဘူး၊ 3Sအဆင့် သားရဲကောင်လေ၊ ဟုတ်ပြီလား။ အီလော့စ်နဲ့တွေ့သွားတဲ့ အနီရောင်အမြီးနဲ့မြွေအတွက် ဖယောင်းတိုင်တစ်ချောင်းထွန်းပေးပါတယ်။)
(ထွက်မပြေးတဲ့အတွက် အီလော့စ်ကို လှောင်ခဲ့တဲ့လူတွေ အခုသိသွားပြီမဟုတ်လား။ ငါတို့ရဲ့အီလော့စ်က ဗိုက်ဆာနေလို့ အစာသူ့ဆီလာမှာကိုစောင့်နေတာ၊ အိုကေ။ ကျွတ်၊ မင်းက အနီရောင်အမြီးရှိတဲ့မြွေနဲ့ တွေ့ရင် ဘယ်လိုလွတ်အောင်ပြေးရမလဲဆိုပြီးတွေးပေမဲ့ အီလော့စ်ကတော့ ဘယ်လိုစားရမလဲဆိုပြီးတွေးတယ်။ ဒါလူတွေကြားက ကွာခြားမှုပဲ။)
(မင်း အဲ့ဒါကို တကယ်စားချင်နေတာလား။ ကင်စားမှာလား၊ ပြုတ်စားမှာလား။)
မျက်နှာပြင်ပေါ်၌ အီလော့စ်က အနီရောင်အမြီးနှင့်မြွေအား စားမစားကိစ္စကို ဆွေးနွေးနေရင်း အရှိန်ရလာကြရာ ၎င်းကလူသားတို့၏ အာရုံခံစားမှုသည် အလွန်သန်မာကြောင်း ပြသနေသည်။ အိုး၊ ဟုတ်တာပေါ့။ ချင်းယွင်၏လှုပ်ရှားမှုက အလွန်အံ့အားသင့်ဖွယ်ကောင်းရာ အီလော့စ် ဘယ်နှကိုက်မျှစားနိုင်မည်ကိုပင် အချို့လူများက လောင်းနေကြသည်။
(ဟမ်၊ နည်းနည်းပဲစားနိုင်မှာလား။ မင်းက ငါတို့ရဲ့အီလော့စ်ကို လျှော့တွက်ထားတာပဲ။ ငါထင်တာတော့ အဲ့ဒါကို ကီလိုဂရမ်နဲ့ ချိန်ရမယ်။)
ယခင်ကအနီရောင်နှင်းဆီပေါ်၌ နေခဲ့သူများက အီလော့စ်မည်မျှစားနိုင်သည်ကို တွေ့ကြုံဖူးသဖြင့် ၎င်းကပိုက်ဆံရှာရန်အခွင့်အရေးကောင်းဟုထင်ကာ လောင်းလိုက်ကြသည်။
တောအုပ်ထဲ၌ လက်နက်ကိုင်တပ်သားအုပ်စုကလည်း အနီရောင်အမြီးနှင့်မြွေကိုယ်ထည်ကို ကိုင်တွယ်နေသောအီလော့စ်အားကြည့်ကာ ပါးစပ်မပိတ်နိုင်ကြတော့ပေ။
ယှဉ်ပြိုင်သူများသည် တောအုပ်ထဲ၌ အစာအတွက် အမဲလိုက်နိုင်သည်ဟု ရွေးချယ်ပွဲအစတွင် စည်းမျဉ်းတစ်ခုထုတ်ထားသော်လည်း တစ်စုံတစ်ယောက်က 3Sအဆင့်သားရဲကောင်ကို သတ်လိုက်မည်ဟု သူတို့မည်သို့ထင်ထားမည်နည်း။
"ဆ...ဆရာ၊ ကျွန်တော်တို့လာတာ ဘာအသုံးဝင်တော့မလဲ။"
အရာရှိက အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် လက်များကိုရုတ်တရက်ပွတ်လိုက်ကာ ရှက်ရွံ့စွာပြောလိုက်သည်။ "သားရဲကောင်ကို ပေါ်ပြီးမှတော့ စားဖို့နည်းနည်းလောက် တောင်းရအောင်။ အံ့ပါရဲ့၊ အဲ့ဒါ3Sအဆင့်သားရဲကောင်ကွ။ မင်းအဲ့ဒါကို မှောင်ခိုဈေးကွက်မှာတောင် မမြင်နိုင်ဘူး၊ ဟုတ်ပြီလား။"
အရာရှိ၏ပြောသံကို ကြားသည်နှင့် ဘေးမှတပ်သားများသည်လည်း အီလော့စ်၏လက်ထဲမှ အသားကိုကြည့်ကာ တံတွေးမျိုချမိသည်။ သူတို့အားလုံးက S အဆင့်အထက် ကိုယ်ကာယရှိပြီး ကိုယ်စွမ်းကို တိုးတက်စေရန်အတွက် 3Sအဆင့်သားရဲကောင်၏အသားကို အနည်းငယ်စားနိုင်သည်။
ဤသို့တွေးမိသောအခါ တပ်သားအားလုံးက သူတို့၏အရာရှိအား မျှော်လင့်စောင့်စားစွာ ကြည့်မိကြသည်။
အရာရှိမှာ အော်ငိုနေကြသော ကလေးတစ်အုပ်စုကဲ့သို့ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်နေရသကဲ့သို့ ချက်ချင်းခံစားရကာ အနည်းငယ်ချောင်းဟန့်လိုက်ပြီး ချင်းယွင်ထံလျှောက်သွားသည်။
ချင်းယွင်က အနီရောင်အမြီးနှင့်မြွေကြီး၏ ကိုယ်ထည်ကို ခက်ခက်ခဲခဲ ကိုင်တွယ်နေရသည်။ ဤအကောင်ကြီး၏ ခန္ဓာကိုယ်ကအလွန်ကြီးမားရာ ၎င်းကိုကိုင်တွယ်ရသည်မှာ သူ့အတွက်အလွန်အမင်းခက်ခဲပင်ပန်းသည်။ ဤသို့ ရင်းနီးသော၊ မရင်းနှီးသောအလုပ်ကြောင့် ထိုယောက်ျားကို ချင်းယွင်ထပ်သတိရမိသည်။
အရင်ကဆိုလျှင် ချင်းယွင်က မူလကမ္ဘာတွင် အရာအားလုံးကို ကိုယ်တိုင်ခံစားခဲ့ရရာ သားရဲကောင်အမျိုးမျိုး၏ခန္ဓာအား ကိုင်တွယ်ရန်မှာ သူ့အတွက်ခက်ခဲသောတာဝန်မဟုတ်ပေ။ သို့သော် ကူးပြောင်းလာပြီးနောက် မည်သည့်ကိစ္စတွင်မဆို ထိုယောက်ျားကသူ့ကို ကောင်းကောင်းဂရုစိုက်ရာ ဤအရာများအား သူကိုယ်တိုင်မလုပ်ဆောင်ရသည်မှာ ကြာပြီဖြစ်သည်။
အနားကပ်လာသောအရာရှိကို သတိထားမိသောအခါ ချင်းယွင်ကဂရုမစိုက်ဟန်ဖြင့် ခေါင်းမော့ကာမေးလိုက်သည်။ "ဘာကိစ္စလဲ။"
တပ်သားအုပ်စုက သူ့ကိုဝိုင်းနေသည်မှာ ကြာပြီဖြစ်သော်လည်း ချင်းယွင်ကစိတ်အခြေအနေမကောင်းရာ လစ်လျူရှုထားခဲ့သည်။
"ဟိုဟာ...လူကြီးမင်း၊ ကျွန်တော်တို့ကို အနီရောင်အမြီးနဲ့မြွေရဲ့ အသားအနည်းငယ်လောက် ပေးနိုင်မလား။ မင်းရဲ့ လက်ဖဝါးအရွယ်လောက်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ စျေးကွက်ကဈေးအတိုင်းပေးပါ့မယ်။"
အရာရှိက ဂရုတစိုက် မေးလိုက်သည်။ သူတို့ဧကရာဇ်မျိုးရိုး၏ထူးခြားမှုကြောင့် ဤကမ္ဘာ၌သန်မာသူများက မည်သည့်နောက်ခံမှလာသည်ဖြစ်စေ လူများထံမှလေးစားခံရသည်။ ထို့ကြောင့် အရာရှိက အနီရောင်အမြီးနှင့်မြွေကို လွယ်လွယ်ကူကူသတ်ဖြတ်နိုင်သော ဤလူငယ်လေးအား မသိမ်ငယ်စေဘဲ လုံလုံလောက်လောက်လေးစားမှုပေးသည်။
ထို့အပြင် အီလော့စ်က အနီရောင်အမြီးနှင့်မြွေကိုသတ်လိုက်ရာ အပျက်အစီးကြီးကြီးမားမား မဖြစ်တော့သဖြင့် သူတို့အားများစွာအကူအညီဖြစ်စေသည်။
အရာရှိ၏ပြောစကားကို ကြားသောအခါ ချင်းယွင်က မတ်တပ်ရပ်ကာ အကြောလျှော့၍ပြောလိုက်သည်။ "ခင်ဗျားလိုသလောက် ကျွန်တော်ပေးနိုင်တယ်။ ကျွန်တော်အဖိုးအခမလိုချင်ဘူး။ ဒါပေမဲ့ အနီရောင်အမြီးနဲ့မြွေတစ်ကိုယ်လုံးကို ကူပြင်ဆင်ပေးနိုင်မလား။ မြစ်ကရေကို မသုံးနဲ့၊ တန်းတူထုတ်ပေးထားတဲ့ ရေအရင်းအမြစ်ထုတ်စက်ကိုပဲ သုံးပေး။"
တပ်သားအုပ်စုက ချက်ချင်းအော်ဟစ်ကာ စုအုံ၍ အနီရောင်အမြီးနှင့်မြွေတစ်ကိုယ်လုံးကို သန့်သန့်ရှင်းရှင်း ပြင်ဆင်လိုက်သည်။
မျက်နှာပြင်ပေါ်မှဖြစ်စဉ်ကိုမြင်သောအခါ ကြည့်ရှုသူများက သူတို့၏ကွန်ပျူတာများရှေ့တွင် ပလုတ်ခနဲပြုတ်ကျသွားကြကာ ရယ်မောနေကြသည်။ အလှမ်းဝေးသောတော်ဝင်စစ်တပ်နှင့်ပင် နီးစပ်သွားသကဲ့သို့ သူတို့ခံစားလိုက်ရသည်။
(ဟား ဟား ဟား ဟား ၊ စစ်သားတွေကော အီလော့စ်ကော သိပ်ချစ်ဖို့ကောင်းတာပဲ။)
( ဒီတော့ အီလော့စ်မျက်နှာပျက်နေတာ အနီရောင်အမြီးကို ကိုင်တွယ်ရင်း ပင်ပန်းနေလို့ပေါ့။ သူကဘာလို့အဲ့လောက် ချစ်စရာကောင်းတာလဲ။)
(အီလော့စ်မှာ အသန့်ကြိုက်တဲ့ရောဂါရှိတယ်ထင််တယ်။ သူ့လက်တွေကို သွေးပေသွားတော့ နည်းနည်းရွံသွားတဲ့မျက်နှာကိုကြည့်ဦး။ အမူအရာပုံတွေ လုပ်ဖို့အတွက် ငါ Screenshot တောင်ရိုက်ပြီးပြီ။)
(အီလော့စ်က တကယ်ကိုအသန့်ကြိုက်တာကွာ။ သူက မြစ်ရေကိုမသုံးဘဲ ရေသန့်ကိုပဲ သုံးဖို့တောင် အထူးတလှယ်မှာလိုက်သေးတယ်။ တကယ်ချစ်ဖို့ကောင်းလွန်းတယ်။)
လူများ၏နှလုံးသားထဲကပင် ကြောက်ရွံ့စေခဲ့သည်အထိ အင်အားကြီးသောတစ်စုံတစ်ယောက်က ချစ်ဖို့ကောင်းသောစရိုက်ထူးရှိသူတစ်ယောက်ဖြစ်နေမှန်း သိသွားသောအခါ အီလော့စ်၏ပရိသတ်များက သူနှင့်အနည်းငယ်နီးကပ်သွားသကဲ့သို့ ခံစားကြရသည်။ အနီရောင်အမြီးနှင့်မြွေကို ရှင်ရက်ဆွဲဖြဲလိုက်သည်အား တွေ့ခဲ့ရသဖြင့် ကြောက်ရွံ့နေမှုသည်လည်း လျော့သွားသည်။
တပ်ဖွဲ့က ခပ်မြန်မြန်လာရောက်ကာ အသားရရန်အလုပ်လုပ်ပြီးနောက် ပြန်ထွက်သွားသည်။ အနီရောင်အမြီးနှင့်မြွေလွတ်သွားသောဖြစ်ရပ်မှာ ကြောက်မက်ဖွယ်ရာအသွင်ဆောင်ထားသော ဟာသသက်သက်သာဖြစ်သွားသည်။ ရွေးချယ်ပွဲဆက်မသွားခင်တွင် ခေတ္တမျှသာရပ်တန့်ခဲ့သည်။ သို့သော်ဤတစ်ကြိမ်သင်ခန်းစာရပြီးနောက် စစ်တပ်က တောအုပ်၏နေရာအားလုံးကို ဆက်တိုက် စောင့်ကြည့်နေသည်။
ညအချိန်ရောက်နေပြီဖြစ်ပြီး အီလော့စ်၊ မိုနာနှင့် ဖေးလ်တို့က အန္တရာယ်အရှိဆုံးနေရာတွင် ရှိခဲ့သည်။ သို့သော်ယခုအခါတွင်မူ အငြမ်းချမ်းဆုံးနေရာဖြစ်လောက်သည်။
အဘယ့်ကြောင့်ဆိုသော် အနီရောင်အမြီးနှင့်မြွေ၏ပိုင်နက်တွင် ဘာသားရဲကောင်မှမရှိချေ။
3S အဆင့်သားရဲကောင်အားအမဲလိုက်ကာ သတ်ဖြတ်သည့် ရက်စက်သောမြင်ကွင်းကို အာရုံစိုက်ခဲ့ရရာ အီလော့စ်ဘက်မှကြည့်သူများက ရွှင်ပျလန်းဆန်းနေကြသဖြင့် အိပ်မပျော်ကြဘဲ ဤနေရာမှလူသုံးယောက်ကိုသာ ငေးကြည့်နေကြသည်။
မိုနာနှင့်ဖေးလ်တို့က ရွက်ဖျင်တဲထဲသို့ဝင်သွားပြီးဖြစ်သည်။ လူများက သူတို့၏အမူအရာအား မမြင်ရသည့်အပြင် အမှိုက်အီလော့စ်ဟု သူတို့ခေါ်ခဲ့သူက 3S အဆင့်သားရဲကောင်ကို သတ်လိုက်သည်အား ကိုယ်တိုင်မြင်လိုက်ရသောအခါ သူတို့၏စိတ်ထဲ၌ ဘာရှိနေသည်ကိုလည်းမသိပေ။
သို့သော် အီလော့စ်က မီးပုံဘေးတွင်သာ ထိုင်နေသေးသည်။
ညအချိန်တွင် တိတ်ဆိတ်နေပြီး တိုက်ရိုက်စားပြခြင်းကလည်း အလွန်တည်ငြိမ်ကာ ဘာပေကျံမှုမှမရှိပေ။
အချိန်အတော်ကြာမှသာ တစ်စုံတစ်ယောက်က အချိန်မှတ်တမ်းတင်သူအဖြစ် ပြန်လည်တက်လာလေ့ရှိသည်။
(နှစ်နာရီရှိပြီ။ အီလော့စ်စားနေတာ နှစ်နာရီလောက် ရှိနေပြီလေ၊ သူမပင်ပန်းဘူးလား။ သနားစရာကောင်းလိုက်တဲ့ကလေးလေး၊ ဂလဒ်မိသားစုက သူကိုဆင်းတောင့်ဆင်းရဲထားထားတာလား မသိဘူး။)
(အမ်၊ ဒါကညဘက်ကြီး နှိပ်စက်နေတာပဲ။ ငါကြည့်နေရင်း ဗိုက်ဆာလာပြီ။ 3Sအဆင့်သားရဲကောင်က စားကောင်းလားမသိဘူး။)
(အီလော့စ်က အစာစားပြတဲ့သူဖြစ်ဖို့ အလားအလာရှိတယ်။ ဒါပေမဲ့ 3S အဆင့်သားရဲကောင်ကို တိုက်ရိုက်လွှင့်ပြီးစားပြတာကတော့ တကယ်ရှားတယ်။)
(ငါလည်း တစ်ကိုက်လောက် စားချင်တယ်လေ။ အဲ့ဒါ 3Sအဆင့်သားရဲကောင်လို့၊ ငါစားချင်တယ်...)
ထိုနေရာ၌ထိုင်ကာ တိတ်ဆိတ်စွာစားနေသော ချင်းယွင်ကိုကြည့်ရင်း လူများ ဂနာမငြိမ်ဖြစ်လာကြသည်။ သူတောအုပ်ထဲ၌ လျှောက်သွားနေစဉ်တွင်၊ အနီရောင်အမြီးနှင့်မြွေအား သတ်ဖြတ်စဉ်တွင် ရွှေရောင်ဆံပင်ခွေများမှာ မရှုပ်ပွဘဲ သပ်ရပ်သန့်ရှင်းနေခဲ့သည်။ သို့သော်ယခုအခါတွင် ရွက်ဖျင်တဲရှေ့၌ထိုင်ကာ အသားစားနေစဉ်တွင် ၎င်းကအနည်းငယ်ရှုပ်ပွလာသည်။ အစည်းခံထားရသော ခပ်မှိုင်းမှိုင်းဆံပင်များက ချင်းယွင်၏ခေါင်းထိပ်တွင်ထောင်နေကာ ညလေပွေကြားတွင် တဖျပ်ဖျပ်လှုပ်နေသည်။
မည်သို့ပင်ဆိုစေ ဆံပင်ပိုင်ရှင်က ၎င်း၏တည်ရှိမှုကို လုံးဝလစ်လျူရှုထားကာ ကိုယ့်ဘာသာစားနေသည်။
ခေါင်းပေါ်မှ အနည်းငယ်မှိုင်းနေသော ဆံပင်ခွေများ၊ ဖောင်းကားနေသောပါးများနှင့်အတူ ချင်းယွင်၏ တမူထူးခြားသော အေးစက်စက်အမူအရာတို့ပေါင်းစပ်လိုက်သောအခါ ထူးဆန်းစွာချစ်စရာကောင်းနေပြီး မျက်နှာပြင်ရှေ့မှ ပရိသတ်များအား မျက်နှာများကိုကာကာ အော်ဟစ်စေချင်လာသည်။
ခံ့ညားကာ အင်အားကြီးပြီး ဒေါသအနည်းငယ်ထွက်တတ်သော်လည်း ချစ်စရာကောင်းသည်။ အီလော့စ်က ကြယ်ကွန်ယက်ပေါ်မှ လူများပြောသကဲ့သို့ သူရဲဘောကြောင်သူ မဟုတ်သည်မှာ မမျှော်လင့်ထားကြသောကိစ္စပင်။
အချို့လူများကပင် အီလော့စ်၏ အတိတ်ဆိုးမှာ တစ်စုံတစ်ယောက်က သူ့အား တမင်သက်သက်အသရေဖျက်လို၍လုပ်ထားမှန်း သိသာကြောင်းစတင်ပြောဆိုလာကြသည်။
အချို့လူများကမူ အီလော့စ်အားတကယ်သိစေခွင့်ပြုခဲ့သည့် ရွေးချယ်ပွဲကို ကျေးဇူးတင်နေကြသည်။
နောက်တစ်နေ့တွင် လူများအိပ်ရာနိုးလာသည်နှင့် ပထမဆုံးလုပ်ဆောင်သည်မှာ မနေ့ကတစ်ညလုံးစားသောက်နေခဲ့သော အီလော့စ်က ဘာလုပ်နေသည်ကို တိုက်ရိုက်ထုတ်လွှင့်မှုဖွင့်ကြည့်ရန်ပင်။
တောအုပ်ထဲတွင် မိုနာနှင့်ဖေးလ်တို့က သူတို့လမ်းသူတို့ ဆက်လျှောက်နေကြသည်။ အံ့ဩစရာကောင်းသည်မှာ အီလော့စ်က မိုနာနှင့်ဖေးလ်တို့၏အနောက်ဘက် မနီးမဝေးမှ လိုက်လာနေသေးသော်လည်း အီလော့စ်သည် မိုနာနှင့်ဖေးလ်တို့ထံမှ အမြတ်ထုတ်နေသည်ဟု မည်သူမှမပြောတော့ခြင်းပင်။
အီလော့စ်က 3S အဆင့်သားရဲကောင်ကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်ရာ မိုနာနှင့်ဖေးလ်တို့၏ အနောက်၌ ပုန်းနေရန်မလိုပေ။
အီလော့စ်က သူတို့အနောက်သို့လိုက်နေသည့် အပြုအမူနှင့်ပက်သက်၍လည်း မိုနာနှင့်ဖေးလ်တို့ မငြင်းဆန်ရဲတော့ပေ။ သွေးထွက်သံယိုမြင်ကွင်းက သူတို့ကို ခြောက်လှန့်ခဲ့သည်။ အီလော့စ်က အနီရောင်အမြီးနှင့်မြွေ၏ ဧရာမပါးစပ်ကို မည်သို့လှမ်းဆွဲကာ သူ၏အနည်းငယ်ပိန်ပါးသော လက်မောင်းများကို သုံး၍ အနီရောင်အမြီးနှင့်မြွေတစ်ကိုယ်လုံးအား မည်သို့ဆွဲဖြဲလိုက်သည်ကို သူတို့ကမျက်နှာပြင်ပင်မခြားဘဲ မျက်မြင်တွေ့ခဲ့ရသည်။
ထိုအချိန်တွင် သွေးများသာမက အနီရောင်အမြီးနှင့်မြွေ၏ ကိုယ်တွင်းအင်ဂါများလည်း မြေကြီးပေါ်၌ပြန့်ကျဲနေခဲ့သည်။ ယင်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။
ဖေးလ်က ခေါင်းငုံ့၍လမ်းလျှောက်နေကာ အနောက်ဘက်သို့ လုံးဝလှည့်မကြည့်ရဲပေ။ အီလော့စ်၏ မနေ့ကပြုမူပုံနှင့်ပက်သက်၍ ဖေးလ်မှာအတော်မိန်းမောနေသည်။
ဤတစ်ယောက်က တကယ်ကိုသူ့မိသားစုဝင်ဖြစ်သော သနားစရာအီလော့စ်လား။ အီလော့စ်က မြေကြီးပေါ်၌ တစ်ခါလဲကျကာ သေဆုံးသွားပြီးနောက် ဘာတွေ့ကြုံခဲ့ရသနည်း။
ယခင်က သူအီလော့စ်အပေါ်မည်မျှရိုင်းစိုင်းခဲ့သည်ကို တွေးမိသောအခါ ဖေးလ်၏နှလုံးသားတင်းကြပ်လာကာ မကျေချမ်းမှုလှိုင်းတစ်လှိုင်းလည်း ပေါ်လာသည်။ ယခုအခါ အီတလာ့စ်ကအလွန် အင်အားကြီးနေရာ မည်သည့်ပြိုင်ပွဲဝင်ကမှ သူ၏ပြိုင်ဖက်မဟုတ်တော့ချေ။ အီလော့စ်က အရှင်ဧကရာဇ်နှင့် ဆက်နွယ်ရမည့်သူဖြစ်သွားပြီလား။
ဖေးလ်ကထိုသို့တွေးသည်သာမက ဂလဒ်မိသားစုတွင်လည်း ပေါက်ကွဲနေသည်။
မနေ့ကညတွင် အီလော့စ်မှ သားရဲကောင်အား အမဲဖြတ်ခဲ့သော မြင်ကွင်းကိုတွေ့စဉ်ကပင် သခင်မဂလဒ်ရူးသွပ်သွားကာ တစ်နေ့လုံးသံသယဝင်နေပြီး အနီရောင်အမြီးနှင့်မြွေအား သတ်ခဲ့သကဲ့သို့ သူမအားဆွဲဖြဲပစ်မည်ကို ကြောက်ရွံ့နေသည်။
ယခုအချိန်တွင် သခင်မဂလဒ် ကြောက်ရွံ့စွာငိုကြွေးနေသည်ကို ဂလဒ်မိသားစုတစ်အိမ်လုံး ကြားနေရသည်။
အီလော့စ်၏အဖေဗီလဖ်သည်လည်း သားအလတ်၏လုပ်ဆောင်မှုကြောင့် အံ့အားသင့်သွားကာ ထိုတစ်ယောက်သည် တကယ်ကိုအီလော့စ်ဟုတ်သလားဟု တစ်စုံတစ်ယောက်အား သွားစစ်ဆေးခိုင်းလိုက်သည်။ သူမည်မျှ စစ်ဆေးပါစေ၊ ရလဒ်များအရ ထိုတစ်ယောက်သည်သူ၏သားအလတ်ပင်။
စစ်တပ်က အီလော့စ်၏ထူးချွန်ပြောင်မြောက်သော လုပ်ဆောင်ချက်ကြောင့် ပို၍အာရုံစိုက်လာကာ အရှင်ဧကရာဇ်၏ဆက်နွယ်သူအဖြစ်ရွေးချယ်ရန်ပင် ဆုံးဖြတ်ချက်ချထားသည်။ ထို့အပြင် သူ့ကို စစ်တက္ကသိုလ်မှ မြန်နိုင်သမျှမြန်မြန် ဘွဲ့ရကာ တပ်မ(၄) မှလစ်လပ်နေသောနေရာတွင် ဖြည့်ချင်နေသည်။
ပရိသတ်များ၏ အမြင်တွင် အီလော့စ်က အနိုင်ရရန်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သော်လည်း ဤရွေးချယ်မှု၏ရလဒ်မှာ အရေးမပါတော့ပေ။ အဘယ့်ကြောင့်ဆိုသော် အီလော့စ်က လုံလုံလောက်လောက် သန်မာပြီးသားဖြစ်ပြီး နာမည်ကြီးရန်အတွက် အရှင်ဧကရာဇ်၏ဆက်နွယ်သူဟူသည့်ဘွဲ့ကို မလိုချေ။
ချင်းယွင်က တောအုပ်အတွင်းပိုင်းသို့ တဖြည်းဖြည်း လျှောက်လာစဉ်တွင် ပြိုင်ပွဲဝင်များစတင်တွေ့ဆုံကြသည်။
ဖေးလ်၊ မိုနာနှင့် အီလော့စ်မှလွဲ၍ ကျန်လူများက အနီရောင်အမြီးနှင့်မြွေကို မတွေ့ခဲ့ရသည့်အပြင် အပြင်လောကနှင့်လည်း မဆက်သွယ်နိုင်ရာ အီလော့စ်မှ 3S အဆင့်သားရဲကောင်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း မသိကြပေ။
ထို့ကြောင့် ဖေးလ်နှင့် မိုနာတို့၏ အနောက်သို့ အီလော့စ်လိုက်လာသည်ကို တွေ့သောအခါ စိတ်ပျက်စွာကြည့်ကြသည်။
အကြောင်းသိနေသော ကြည့်ရှုသူများက ဤပြိုင်ပွဲဝင်များအတွက် ဖယောင်းတိုင်ထွန်းပေးကြသည်။
(အီလော့စ်က 3S အဆင့်သားရဲကောင်ကို သတ်လိုက်တာကိုသာ ဒီလူတွေသိသွားရင်...)
(အီလော့စ်အခုလေးတင် စားထားတာက စစ်တပ်ကို ဖရိုဖရဲဖြစ်သွားစေတဲ့ အနီရောင်အမြီးနဲ့မြွေသားဆိုတာသာ သူတို့သိသွားရင်...)
(ဟား ဟား ဟား ဟား ၊ အဖြစ်မှန်ကို သိသွားရင် သူတို့ဖြစ်သွားမဲ့ မျက်နှာကြီးကို မြင်ချင်သေးတယ်။)
မိုနာသည်လည်း သူ့ကိုချီးမွမ်းကာ အီလော့စ်အား အထင်သေးနေသော ဤပြိုင်ပွဲဝင်များ၏စကားကြောင့် ထိတ်လန့်နေသည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်းတွင် အီလော့စ်ကသူ့အနောက်သို့ လိုက်လာခဲ့သည်။ သူ့အနောက်လိုက်လာသူမှာ လူတစ်ယောက်မဟုတ်ဘဲ လူယောင်ဆောင်ထားသည့် သားရဲကောင်ဟု အမြဲတမ်းခံစားနေရသည့်အတွက် မိုနာထိတ်လန့်ခဲ့ရသည်။
မိုနာက လုံးဝကိုအတွေးလွန်နေခြင်းပင်။ ချင်းယွင်က ဘေးမှလူများ၏အမူအရာအားလုံးကို လုံးဝဂရုမစိုက်ပေ။ သူကဖေးလ်ပတ်လည်မှ သံလိုက်စက်ကွင်းအပြောင်းအလဲကိုသာ သတိထားနေသည်။
ယခုအခါသူတို့က တောအုပ်အတွင်းပိုင်သို့ရောက်နေရာ အကြေးခွံကသူတို့၏အနီးအနား၌ ရှိနေလောက်သည်။ သူ၏ရည်ရွယ်ချက်မှာ အကြေးခွံကို ရယူကာ ထိုယောက်ျား၏ ဆက်နွယ်သူနေရာကို ပွင့်လင်းရိုးသားသော နည်းလမ်းဖြင့်ရရန်ဖြစ်ကြောင်း ချင်းယွင်မမေ့ပေ။
ချင်းယွင်ကဲ့သို့ တွေးနေသူမှာလည်း အများအပြားပင်။ ထို့ကြောင့် ယခုအခါတွင် လူတိုင်းကဘေးမှအပေါင်းအသင်းများကို သတိထားနေကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ကပြိုင်ဘက်များပင်။ အကြေးခွံကို ရသွားသူက အခြားလူတိုင်းထံမှ တိုက်ခိုက်ခံရမည်ပင်။
လူတိုင်းသတိထားနေစဉ်တွင် အပြင်မှပရိသတ်များကလည်း အရှင်ဧကရာဇ်၏အကြေးခွံ၏ လှုပ်ရှားမှုကို တွေ့ရှိပြီးဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်သူများအပြင် အကြေးခွံ၏ဘေးတွင်လည်း အချိန်တိုင်းမှတ်တမ်းတင်ရန် ကင်မရာတစ်ခုရှိသည်။
တောအုပ်၏အလယ်ဗဟိုတွင် ငြိမ်သက်စွာနေနေခဲ့သော အကြေးခွံက ယခုအခါတွင် ရုတ်တရက်တုန်ခါလာကာ လားရာတစ်ခုသို့ လျင်မြန်သောအဟုန်ဖြင့် ဝှီးခနဲထွက်သွားသည်။
(အဲ့ဒါ ရွေ့နေပြီ၊ ရွေ့နေပြီ။ အရှင်ဧကရာဇ်ရဲ့ အကြေးခွံဆိုတဲ့အတိုင်းပဲ၊ သူ့ဘာသာရွေ့တတ်တယ်။)
(ဒီတော့ ဆက်နွယ်သူကို အရှင်ဧကရာဇ်ကိုယ်တိုင် ရွေးမယ်ဆိုတာ အမှန်ပေါ့။ အကြေးခွံက ဘယ်သူ့ဆီပျံသွားမယ်ဆိုတာ ငါသိချင်သား။)
(အဲ့ဒါ အီလော့စ်ပဲ။ သူက အင်အားအကြီးဆုံးတစ်ယောက်လေ။ အရှင်ဧကရာဇ်က သူ့ကိုပဲတကယ်ရွေးလိမ့်မယ်။)
(အဲ့လို သေချာပေါက်ကြီးတော့မဟုတ်ပါဘူး။ ဆက်နွယ်သူနဲ့ အဖော်သားရဲကောင်တို့က အပြန်အလှန်ရွေးကြတာလေ။ ဘယ်သူက အင်အားအကြီးဆုံးဆိုတာလဲနဲ့ မဆိုင်ဘူး။ ဟုတ်ပြီလား။)
(ကြည့်၊ တစ်ယောက်က အကြေးခွံကို ဆွဲယူနေတယ်။)
အကြေးခွံက လျင်မြန်စွာလှုပ်ရှားနေရာ အနီးအနားမှ ပြိုင်ပွဲဝင်များသည်လည်း အကြေးခွံ၏လှုပ်ရှားမှုကို ချက်ချင်းသတိထားမိသဖြင့် ပရမ်းပတာဖြစ်နေကြသည်။ အချို့လူများက အကြေးခွံရှိရာသို့ တိုက်ရိုက်ပြေးသွားကာ အချို့လူများက သက်ရှိကဲ့သို့ လွတ်မြောက်ရန်ကြိုးစားနေသော အကြေးခွံကို ဖမ်းယူရန်အတွက် တစ်စုံတစ်ခုကို ကိုင်ထားရန်ကြိုးစားနေကြသည်။
အန်ဒရီယာသာ အကြေးခွံ၏ လက်ရှိအခြေအနေကိုတွေ့ပါက အလွန်အံ့ဩသွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အကြေးခွံ၏ဘေးပတ်လည်မှ အကာအကွယ်က ၎င်းကိုဖေးလ်ရှိရာသို့ မခေါ်ဆောင်သွားပေ။
အရွယ်ရောက်သူ၏ လက်ဖဝါးအရွယ်အစားမျှရှိသော အကြေးခွံက အသက်ရှင်နေသကဲ့သို့ တုန်ယင်နေသည်။ ၎င်းက လားရာကို သွက်လက်ချက်ချာစွာ ချင့်ချိန်နေပြီး သူလိုချင်နေသောလူအား ရှာဖွေနေသည်။