(Uni)
" မြေးလေး.. ဘာဖြစ်လို့လဲ "
ကျောင်းတက်ဖို့ကို တက်ကြွနေခဲ့တဲ့မြေးငယ်မှာ လက်ချင်းတွဲလို့ လမ်းအတူလျှောက်လာကြရင်းက လမ်းတစ်ဝက်လည်းရောက်ရော ခြေတစ်လှမ်းလှမ်းဖို့တောင် တွန့်ဆုတ်သွားတာကြောင့် ဒေါ်ခင်နှင်းကြည် အမေးပြုမိလေသည်။
ဘွားမေပြန်ချုပ်ပေးထားတဲ့ ဖိနပ်ဟောင်းလေးကို တွေတွေလေးစိုက်ကြည့်ပြီး မလှုပ်မယှက်ရပ်နေတဲ့ ခညောင်းဦးက ကျောင်းသွားရမယ့်ခြေလှမ်းတွေအတွက် ပေကပ်ကာ တွန့်ဆုတ်လို့နေရှာသည်။ ဒါ့အပြင်..၊ သက်ပြင်းမောရှိုက်စေမိသည်အထိ ဝတ်ထားရတဲ့ ကျောင်းဝတ်စုံဂါဝန်ပွပွက ၈နှစ်အရွယ် ကလေးတစ်ယောက်အပေါ်မှာ ဖိအားကြီးလွန်းလှသည်။
" မြေးလေး ဘာဖြစ်နေတာလဲကွယ်..။ ဘွားမေကိုပြောစမ်း "
" ဘွားမေ သမီး..အင့်.. သား ကျောင်းမသွားချင်ဘူး.. "
" ဟင်.. ဘာလို့လဲ ငါ့မြေးလေးရယ်။ စာတွေက မှတ်ရခက်လို့လားဟင် "
ခညောင်းဦးက ခေါင်းလေးကိုခါယမ်းပြလာပြီး ဘွားမေကိုလှမ်းဖက်လိုက်တော့ ဆံရစ်ဝိုင်းလေးက လှုပ်ခါသွားလေသည်။
" ကျောင်းမှာ သမီး..အင့်.. သားကို အရူးမကြီးသားဆိုပြီး ဝိုင်းပြောကြတယ်။ သူတို့နဲ့ကစားချင်တာကို..အင့်.. အနားမကပ်ဖို့.. ကျောက်ခဲတွေနဲ့လည်း ပစ်ပေါက်ကြတယ်..အင့်.. သဲတွေနဲ့လည်း ဝိုင်းပက်ကြတယ်.. အီးဟီးဟီး!!! "
ဗိုက်နားမှာမျက်နှာလေးဝှက်လို့ အော်ဟစ်ငိုကြွေးနေရှာတဲ့ မြေးဖြစ်သူကြောင့် ဒေါ်ခင်နှင်းကြည်ရဲ့ ရင်ဘတ်တစ်ခုလုံးမှာ နိမ့်ချည်မြင့်ချည်နဲ့ တင်းကျပ်လို့သွားရလေတော့သည်။ ဒီဒဏ်ရာတွေကို သူမေးစမ်းကြည့်တုန်းက သူငယ်ချင်းတွေနဲ့ကစားရင်း ချော်လဲလာတယ်လို့သာ မြေးလေးက ပြန်ဖြေပေးခဲ့သည် မဟုတ်ပါလား..။
အခုကျတော့..၊ တော်ရုံငိုခဲလှတဲ့မြေးငယ်လေးက စိတ်အားငယ်စွာနဲ့ရှိုက်ငင်ပြီးကို အော်ဟစ်ငိုကြွေးနေတာဖြစ်သည်။
" ပြီးတော့..အင့်.. ဆရာမကပြောတယ်..။ ဂါဝန်ဝတ်တာက မိန်းကလေးတွေပဲ.. ဝတ်ရတာတဲ့..။ သား.. ဂါဝန်မဝတ်ချင်ဘူး..အင့်.. ဘွားမေ.. "
" အိုကွယ်.. "
အဝတ်အစား အသစ်ဝယ်နိုင်ဖို့ထက် တစ်နေ့တစ်နေ့ လူသုံးယောက်စာအတွက် ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရသူမို့ ဒေါ်ခင်နှင်းကြည်အနေနဲ့ အများကြီး ထပ်မတွေးတောနိုင်ခဲ့ပါ။ အသက် ၃၈နှစ်အရွယ်မှာပဲ အမှတ်မထင် မြေးလေးတစ်ယောက်ကို တစ်ကိုယ်တည်းပျိုးထောင်လာခဲ့ရသလို စိတ်ဖောက်ပြန်နေတဲ့ သမီးဖြစ်သူကိုလည်း တတ်စွမ်းသလိုလေး စောင့်ရှောက်နေရတာကြောင့် ငွေရေးကြေးရေးမှာ ဘယ်လိုမှလက်မလည်နိုင်ခဲ့ပြန်..။
ကျောင်းမထားနိုင်တဲ့ အခြေအနေဆိုပေမယ့် မြေးငယ်ကိုယ်တိုင်က ကျောင်းတက်ချင်ကြောင်းကို ပထမဦးဆုံးပူဆာလာခဲ့တာကြောင့် မနက်တိုင်းပဲပြုတ်ဝယ်နေကျ မမညိုပေးကမ်းလာတဲ့ ကျောင်းဝတ်စုံနှစ်ထည်ကိုသာ ဝမ်းသာအားရယူခဲ့မိသည်လေ။ လူကြီးတွေကိုယ်တိုင်က အသုံးမကျခဲ့တာကြောင့် စိတ်ဒဏ်ရာရနေတဲ့မြေးငယ်လေးခမျာ ကျောင်းမှာလည်း မျက်နှာငယ်နေရတဲ့အဖြစ်ကိုပါ ရောက်ရရှာပြီပေါ့..။
" ဘွားမေကို ခွင့်လွှတ်ပါ ငါ့မြေးလေးရယ်..။ ဒီအဘွားက အသုံးမကျခဲ့လို့.. ငါ့မြေးလေး ဝမ်းနည်းနေရပြီ။ ကဲ.. ဘွားမေတို့ အိမ်ပဲပြန်ကြရအောင်နော်.. ဟုတ်ပြီလား.. "
ရှိုက်သံတိုးတိုးကို အသာထိန်းပြုရင်းက ကျောပြင်သေးသေးကို အသာပွတ်သပ်လို့ အဖိုးမထိုက်တန်သော စကားလုံးများကြားသာ နစ်မြုပ်ရပြန်ရောပေါ့။
" အင့်.. ဘွားမေ.. "
" ပြော ငါ့မြေးလေး "
" ဆရာမက.. ကျောင်းဝတ်စုံတွေကို သမီး..သားအတွက် အလှူခံပေးမယ်လို့.. ပြောတယ်.. "
" ဟင် ဟုတ်သလား.. "
" အင်း..။ အာ့.. ကျောင်းမလာလို့.. ဆရာမ မပေးတော့ရင် ဘယ်လိုလုပ်မလဲဟင်..။ သား.. ကျောင်းပျက်လို့ မရဘူး..ထင်တယ်နော်.. ဘွားမေ.. "
" မြေးလေးက ကျောင်းသွားချင်သေးလို့လားကွယ် "
" .. ဟုတ်.. "
မဝံ့ရဲစွာနဲ့ပဲ ကျောင်းဆက်တက်ဖို့ကိုသာ ရွေးချယ်နေရှာသည့် ခညောင်းဦးက သူ့အတန်းဖော်တွေကို မကြောက်လို့တော့မဟုတ်..။ ၈နှစ်တာအတောအတွင်းမှာ ဘယ်အရာတွေပဲကြုံလာပါစေ..၊ အကောင်းဆုံးရင်ဆိုင်ကြမယ်ဆိုတဲ့ မြေးအဘွားနှစ်ယောက်ရဲ့ ခြေလှမ်းတွေကတော့ မူလတန်းကျောင်းလေးဆီသို့သာ ပြန်၍ဦးတည်သွားလေသည်။
" အဲ့ဂါဝန်ကိုယှန်ပြချမ်း! မင်းက ယောကျာ်းရားမိန်းမရား နာတို့ကိုယ်တိုင်ကျိမျယ် "
ရှေ့သွားလေးချောင်းလုံး ပိုးစားလို့ကျိုးနေတဲ့ ကျောင်းသားတစ်ယောက်က ဂျစ်ကန်ကန်နဲ့ပြောလာတော့ ခညောင်းဦးခမျာ အလန့်တကြားဖြစ်ပြီး ခေါင်းခါပြလိုက်မိသည်။
" ဟင်.. ဟင့်အင်း.. မလုပ်ဘူး.. "
" ဘာမယုပ်တာယဲ! အေး.. မင်းယှန်မပြရင် နာကိုယ်တိုင်ယှန်မှာ.. "
တတိယတန်းမှ အတန်းကြီးကျောင်းသားတွေက မုန့်စားဆင်းချိန်မှာ အတန်းထဲတစ်ယောက်တည်းကျန်နေခဲ့တဲ့ ခညောင်းဦးကို ကျောင်းမုန့်စျေးတန်းဘေးရှိ ကျောင်းအဆောင်တွေကြားထဲ အတင်းဆွဲခေါ်လာကြတာဖြစ်သည်။ သက်တူရွယ်တူတွေဆိုပေမယ့် လူကောင်ညှက်တဲ့ခညောင်းဦးက အလျင်ပြေးထွက်ဖို့ပြင်တော့လည်း ရှေ့မှာပိတ်ရပ်ကာ အတင်းအကြပ် လှမ်းတားထားကြသည်လေ။
" မလုပ်နဲ့..! မလုပ်ပါနဲ့နော်..။ ငါ..ကြောက်လို့ပါဟာ.. "
" ပါးချပ်ပိတ်ထားချမ်း! နာတို့က သေချာအောင်ကျိရုံယေးပဲ "
" ဟင့်အင်း.. မကြည့်နဲ့.. "
" ဟာ! ယက်တွေက ရှုပ်ယိုက်တာတွာ..။ ဟျောင့်တွေ.. ဒီသစ်ကိုင်းခြောက်ယက်တွေကို ယာချုပ်ထားကြချမ်း! "
ဘယ်လောက်ရုန်းရုန်း အားမမျှတဲ့ကြားမှာ ခညောင်းဦးရဲ့မြင်ကွင်းတွေက မျက်ရည်တွေနဲ့ဝေဝါးလာရပြီး ကြည်လင်ပြတ်သားမှုများ ရှိမနေချင်တော့ပေ။
" မင်းတို့ကောင်တွေ ဒါဘာလုပ်နေကြတာလဲ! "
" ..... "
မာတင်းတင်း အသံကျယ်ကြီးတစ်ခုရဲ့ ဟန့်တားလာမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့ ကျောင်းသားတစ်စုရဲ့ လုပ်လက်စ ဆူဆူညံညံလှုပ်ရှားမှုတွေက ရုတ်ချည်းဆိုသလို ရပ်တန့်လို့သွားရရှာသည်။
မှုန်ဝါးဝါးမြင်ကွင်းကနေတစ်ဆင့် လှမ်းမြင်နေရတဲ့ ခပ်ထွားထွားကျောင်းသားတစ်ယောက်ကို မျက်ဝန်းလေးများဖျော့တော့စွာနဲ့ ခညောင်းဦး လှမ်းကြည့်လို့နေမိသည်။ နေရောင်အောက်မှာ ပြောင်လက်တောက်ပနေတဲ့ ဒီလူဟာ ခညောင်းဦးအတွက်တော့ အတောင်မပါတဲ့ ကတုံးနတ်သားလေးဆိုလည်း မမှားနိုင်ချေ။
" ငါမေးနေတယ်လေ! မင်းတို့ ဒါဘာလုပ်နေကြတာလဲလို့..! "
" မင်းနဲ့ချိုင်ရား! ချိုက်ကားသမားသားက အသံကောင်းယာဟစ်နေရာတဲ့.. ဟားဟားဟား! မင်းနာ့ကို ဘယ်သူထင်နေယဲတွ! "
" သွားကျိုးနေတဲ့ အောက်တန်းစားလို့ ထင်နေတာလေ! ငါမမှားဘူးမလား "
" ဘာ! ဟျောင့်တွေ..! အဲ့ကြောင်နေတဲ့ကတုံးကို ပေါက်တွားအောင်သာ ဝိုင်းဆော်ကြတွာ "
သူသွားကျိုးတာကို လူကြားထဲ မန်းရှင်းလုပ်ခံလိုက်ရလို့ ရှက်ရမ်းရမ်းပြီးထအော်ဟစ်လာတဲ့ သွားကျိုးတစ်ယောက်နဲ့ နောက်လိုက်ငါးဖောင်ရိုးနှစ်ယောက်က ကတုံးလေးကို သုံးယောက်တစ်ယောက်ဝင်လုံးဖို့ ပြင်တော့သည်။
တတိယတန်းက ကျောင်းသားများရဲ့ရန်ပွဲမှာ ကျောင်းဆောင်ကြားမှစလို့ ရုံးခန်းထဲရောက်သည်အထိ မပြီးဆုံးနိုင်သေးပေ။ ဆရာမများကိုယ်တိုင် ဆိုင်ရာပိုင်ရာမိဘများထံ လှမ်းဆက်သွယ်ပြီး ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ထိပ်တိုက်ဖြေရှင်းကြတော့မှပဲ..၊ အမှားစလုပ်လာတဲ့ ကျောင်းသားမိဘတွေဘက်ကနေ ခညောင်းဦးတို့မြေးအဘွားကို တောင်းပန်လာကြလေသည်။
တစ်ဖက်က မအေတွေနဲ့သားတွေမှာ မကျေနပ်ကြပေမယ့် ဖအေဖြစ်သူတွေကတော့ ကြေအေးနားလည်ပေးဖို့သာ ဝိုင်းဝန်းညှိနှိုင်းရင်း ခွင့်လွှတ်မှုကို တောင်းခံနေကြသည်။ နဂိုတည်းကမှ ဆုပ်လည်းစူး စားလည်းရူးဘဝတွေမို့ အခုလိုမျိုး တောင်းပန်လာသည်ကိုတောင် မနေတတ်တော့သည်အထိ ပြန်အားနာနေမိသည်လေ။
" ကလေးတွေက ဆုံးမမှုအားနည်းနေတာကြောင့် အခုလို အရှက်ရစရာလုပ်ရပ်မျိုးတွေကို မကြားဝံ့အောင် လုပ်မိသွားရပါတယ်ဗျာ "
" ရပါတယ်ကွယ်..။ ကလေးအချင်းချင်း ဖြစ်သွားကြတာပဲမို့ ကျွန်မဘက်က ဘာမှမပြောလိုပါဘူးနော်။ မြေးလေးထက်စာရင် ဒီကတုံးလေးကသာ ပိုအထိနာသွားရတာပါ "
မျက်နှာထားခပ်တင်းတင်းနဲ့ သုံးယောက်တစ်ယောက် ယှဉ်ဖိုက်ထားတဲ့ကတုံးလေးက သူ့နဖူးမှာ အာလူးဘူးသီးထွက်ရုံကလွဲရင် သိပ်ကြီးကြီးမားမား ထိမိထားတာတွေတော့ မရှိချေ။ ကျန်ကျောင်းသားတွေကသာ ကတုံးလက်ချက်ကြောင့် မျက်ကွင်းညိုသွားတဲ့သူရယ်၊ နှာခေါင်းသွေးစို့နေဆဲသူရယ်၊ ဆံပင်ကျွတ်သွားလို့ ထိပ်ကွက်ဖြစ်နေတဲ့သူရယ်နဲ့ အမြင်လှနေရုံလေး..။
ကတုံးလေးရဲ့ဖအေဖြစ်သူ ဆိုက်ကားဆရာလူရိုးကြီး ဦးမင်းနောင်ကတော့ ဘေးမှာအသာလေးရပ်ပြီး ဘာတစ်ခွန်းမှဝင်မပြောလာဘဲ ပြုံးပြုံးပြုံးပြုံးနဲ့ သူ့ကွမ်းချိုးတက်သွားများကိုသာ ရဲပတောင်းခတ်အောင်လို့ လှစ်ဟပြနေရှာသည်။ သူ့အဖြစ်က လက်ရဲဇက်ရဲသားဖြစ်သူကြောင့် နေရင်းထိုင်ရင်းမရှိတဲ့ကြားကနေ ဆေးဖိုးဝါးခပေးလိုက်ရမှာကို တိတ်တဆိတ်ကြောက်နေမိတာဆိုလည်း မမှားလောက်ပါ။
မိနစ်ပိုင်းအကြာမှာတင် ဆူဆူညံညံစကားဝိုင်းက ဖျန်ဖြေရေးဖခင်တွေကြောင့် အဖက်ဖက်ကနေ အဆင်ပြေပြေဖြစ်သွားကြရသည်။ ဒဏ်ရာကိုယ်စီနဲ့မို့ ကျောင်းအုပ်ကြီးကိုယ်တိုင် အတန်းဆက်မတက်ခိုင်းတော့ဘဲ အိမ်ပြန်လွှတ်လိုက်ကြတာကြောင့် ကလေးတွေက လွယ်အိတ်လေးကိုယ်စီနဲ့ ဘောက်ဆတ်ဘောက်ဆတ်လေးသာ ထွက်လာခဲ့ကြလေသည်။
" ခညောင်းဦးရေ.. ဒီကျောင်းဝတ်စုံလေးတွေပါ တစ်ခါတည်းယူသွားလိုက်နော် သား "
သူငယ်တန်းအတန်းပိုင်ဆရာမက ကျောင်းဆောင်အပြင်ဘက်ဆီ အလျင်လိုက်လာကာ လက်ထဲကိုင်ထားတဲ့အထုပ်ကို ခညောင်းဦးရင်ခွင်သေးသေးလေးထဲ ထည့်ပေးလေသည်။
" အိုကွယ်.. ကျေးဇူးတင်ပါတယ် ဆရာမရယ်..။ ကျွန်မဘက်က ဘယ်လိုကျေးဇူးတင်စကား ပြောရမယ်မှန်းတောင် မသိတော့ပါဘူး.. "
" အဲ့လိုမပြောပါနဲ့ရှင် "
ဝမ်းသာမျက်ရည်တွေ ဝေ့တက်လာရင်းက ဒေါ်ခင်နှင်းကြည်ခမျာ ပြုံးရယ်နေမိတော့သည်။ ဘွားမေရဲ့စကားကို သံယောင်လိုက်ပြီး လှမ်းဆိုလာသူက ခညောင်းဦးရယ်..။
" ကျေးဇူးတင်ပါတယ်.. ဆရာမ.. "
" ဟင်းဟင်း.. ဟုတ်ပါပြီရှင့်။ ဖိနပ်တစ်ရံနဲ့သနပ်ခါးဘူးလေးပါ ဆရာမ ဝယ်ထည့်ပေးထားတာမို့ သားနက်ဖြန်ကျောင်းလာရင် သနပ်ခါးလေးလည်းလူးခဲ့နော် "
" ဟုတ်.. ဆရာမ.. "
" သားမောင်လည်း အာလူးဘူးသီးကို သနပ်ခါးလေးအုံထားလိုက်ဦး "
" ဟုတ်ကဲ့ "
သူ့ကို ဆရာမလှမ်းပြောနေတာကြောင့် ကတုံးလေးက သူ့နဖူးသူပြန်စမ်းကြည့်ပြီး ဖုနေတဲ့ဘူးသီးအနေအထားကို မှန်းဆလို့နေလေသည်။ ကျောင်းအပြင်ရောက်လာတာနဲ့ ကတုံးလေးသားအဖကို မြေးအဘွားနှစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲကြဖို့ပြင်လိုက်သည်။
" မြေးလေးကိုကူညီပေးလို့ ကျေးဇူးပဲနော် ကလေး "
" ကျေးဇူးတင်ပါတယ်.. "
ဘွားအေတစ်ခွန်း မြေးတစ်ခွန်းနဲ့ ဝိုင်းပြီးကျေးဇူးတင်နေကြတော့ ကတုံးလေးအဖေ ဦးမင်းနောင်မှာလည်း ဟိုကုတ်ဒီကုတ်နဲ့ အားနာလာရတော့သည်။
" ဒါတွေ မလိုပါဘူးဗျာ..။ ဒီကောင်လူးလူးက သူလုပ်သင့်တာကို လုပ်သွားတာပဲလေနော့.. "
ဗျတ်ခနဲဆို ကတုံးပြောင်ကိုလာရိုက်တဲ့ လက်မြန်ခြေမြန်အဖေကြောင့် ကတုံးလေးခမျာ မျက်မှောင်ကြုတ်နေရပြီ။ ခညောင်းဦးက ကတုံးနတ်သားလေးကို ခင်ချင်ပေမယ့် မျက်နှာထားတင်းတင်းကြီးကိုမြင်ပြီး ဘွားမေနောက်မှာသာ ကွယ်ရပ်နေမိလေသည်။ ဒီကတုံးလက်သံပြောင်တာ သူ့မျက်မြင်ပဲမဟုတ်လား..။
" ဒါနဲ့.. အစ်မကြီးတို့က ဘယ်နားနေသလဲဗျ။ ကျွန်တော် အိမ်ထိလိုက်ပို့ပေးပါ့မယ် "
ဦးမင်းနောင်ကအားနာနာနဲ့ ခညောင်းဦးတို့မြေးအဘွားကို အိမ်လိုက်ပို့ပေးဖို့ ပြင်တော့သည်။
" မဟုတ်တာပဲကွယ်။ အိမ်ကသိပ်မဝေးလို့.. ကိုယ့်ဘာသာပဲ လမ်းလျှောက်ပြန်လိုက်ပါ့မယ် "
" အဲ့လို မလုပ်ပါနဲ့ဗျာ။ မွန်းလွဲနေက တော်တော်ကြီးပူနေတာ.. ထီးလည်းမပါကြတော့ ကလေးအတွက်လည်း မကောင်းဘူးလေ..။ တက်ကြပါဗျာ.. ကျွန်တော်ကိုက ပို့ပေးချင်လို့ပါ "
ငြင်းမရတဲ့အဆုံးမှာ ဒေါ်ခင်နှင်းကြည်လည်း ဦးမင်းနောင်ရဲ့ဆိုက်ကားပေါ်သာ တက်လိုက်ရတော့သည်။ ထိုအခါ ဆိုက်ကားနောက်ခုံမှာ အဝတ်ထုပ်လေးကို ပွေ့ပိုက်ထားလျက်နဲ့ ခညောင်းဦးကထိုင်လိုက်ပြီး ကတုံးနတ်သားလေးကတော့ ဘေးခုံအပိုမှာ ဖင်လွှဲထိုင်လေသည်။
ဆိုက်ကားအရှိန်ရလာတာနဲ့ ဘေးကတစ်ယောက်ကို ကတုံးလည်းစကားစဖို့ အရှိန်တင်ပါတော့သည်။
" အဟမ်း! မင်း.. နာမည်က ဘယ်လိုခေါ်လဲ "
" ဟင်.. "
" နာမည်! "
" ခ..ခညောင်းဦး.. "
" ဩ.. ငါက လူးလွန့်မောင် "
" ဟင်.. "
" လူး..လွန့်..မောင်..! "
" အင်း.. "
သူတစ်ခုခုမေးတိုင်း မျက်လုံးအိမ်ကျယ်ကျယ်လေးက ပြူးကျယ်ဝိုင်းစက်လျက် မော့ကြည့်လာတတ်သူကြောင့် လူးလွန့်မောင်လည်း သူ့စိတ်ထဲပေါ်လာတဲ့ နာမည်တစ်ခုကိုသာ ခညောင်းဦးကိုခေါ်ဆိုဖို့ ဆုံးဖြတ်လိုက်မိသည်။
" မင်းကို ဒီနေ့ကစပြီး ငပြူးလို့ခေါ်မယ် "
" ဟင်.. "
" မကြားပြန်ဘူးလား..။ မင်းနာမည်က ငပြူးလို့! "
" ဟင့်အင်း.. ခညောင်းဦး.. "
" ငပြူးပဲ! "
နာမည်ဖျက်ခေါ်ခံရတာကို မကြိုက်ပုံရတဲ့ငပြူးက သူ့နှုတ်ခမ်းလေးကို မသိမသာလေးစူလို့ မျက်လုံးလေးဝင့်ကာ ငြိမ်သက်နေလေသည်။
" ငပြူး! "
" ငလူး.. "
" ဟမ်! "
" ငါက ငပြူးဆိုရင်.. မင်းက.. ငလူး.. "
" ..... "
ခညောင်းဦးကို မစွာတတ်ဘူးထင်ထားတဲ့ လူးလွန့်မောင်က မထင်မှတ်တဲ့အခေါ်အဝေါ်ကြောင့် ကြောင်အသွားရှာတော့သည်။
" နေပါဦး.. မင်းအခု ငါ့ကို ဆဲလိုက်တာမလား! "
" ဟားဟားဟား!!! "
ကလေးနှစ်ယောက်ရဲ့ တီတီတာတာတွေကိုကြားပြီး ဆိုက်ကားနင်းနေတဲ့ ဦးမင်းနောင်တစ်ယောက်လည်း အော်ဟစ်ရယ်မောမိသွားလေသည်။
(ZawG)
" မြေးလေး.. ဘာဖြစ်လို့လဲ "
" အိုကွယ်.. "
" အင့်.. ဘွားမေ.. "
" ပြော ငါ့မြေးလေး "
" ဟင် ဟုတ်သလား.. "
" .. ဟုတ်.. "
" ဟင်.. ဟင့်အင်း.. မလုပ်ဘူး.. "
" ဟင့်အင်း.. မကြည့်နဲ့.. "
" ..... "
" ကျေးဇူးတင်ပါတယ်.. ဆရာမ.. "
" ဟုတ်.. ဆရာမ.. "
" ဟုတ်ကဲ့ "
" ကျေးဇူးတင်ပါတယ်.. "
" ဟင်.. "
" နာမည်! "
" ခ..ခညောင်းဦး.. "
" ဩ.. ငါက လူးလွန့်မောင် "
" ဟင်.. "
" လူး..လွန့်..မောင်..! "
" အင်း.. "
" ဟင်.. "
" မကြားပြန်ဘူးလား..။ မင်းနာမည်က ငပြူးလို့! "
" ဟင့်အင်း.. ခညောင်းဦး.. "
" ငလူး.. "
" ဟမ်! "
" ..... "
" ဟားဟားဟား!!! "
2024 / Feb / 3
TomorrowChen (_ _).。o○
♪───O(≧∇≦)O────♪