~သံယောဇဉ် ~
အပိုင်း(၄)
ညဘက် ငုဝါ စာကြည့်နေသည့်အချိန်တွင် ပုံမှန်ဆို ကိုရီးယားဇာတ်ကားကြည့်နေတတ်သည့် တီပိုးအား ငုဝါအခန်းထဲဝင်လာလေသည်။
"သမီး စာလုပ်နေတာလား... တီပိုး စကားခဏလောက်ပြောချင်လို့..."
"ဟုတ် တီပိုး....ငုဝါလည်း စာလုပ်လို့ပြီးပါပြီ.....ကာတွန်းဖတ်နေတာ...ပြောလေ တီပိုး"
ငုဝါက စာကြည့်စားပွဲရှေ့ကထိုင်ခုံပေါ်မှာထိုင်ပြီး တီပိုးက ငုဝါအိပ်ရာပေါ်တွင် ဝင်ထိုင်လေသည်။ တီပိုးက အသားဖြူဖြူ
အသင့်အတင့်ဝပြီး..... အသက်သုံးဆယ့်ငါးသာရှိသေးလေသည်။
"သမီးကို တီပိုးပြောရမှာ ရှက်လည်းရှက်ပါတယ်....ဒါပေမယ့်.. ဒါပေမယ့် တစ်ဖက်ကလည်း တီပိုးကို အတင်းတောင်းဆိုနေတာနဲ့ မငြင်းနိုင်ဘဲ ဖြစ်သွားရတာ......."
တီပိုးပြောသည့်စကားများကို ငုဝါအနည်းအကျဥ်းတော့နားလည်ပါသည်။ စကားပြောဖို့ တွန့်ဆုတ်နေသည့် တီပိုးကြောင့် ငုဝါကဘဲ စပြီးမေးလိုက်မိသည်။
"တီပိုးက အိမ်ထောင်ပြုချင်လို့လား..."
အစကတည်းက ငုဝါရိပ်မိပါသည်။
ဆိုင်ကိုထမင်းလာလာစားသည့် ကားသမားငယ်ငယ်နှင့် တီပိုး ပတ်သတ်နေသည့်ဆိုတာကို....ပြီးတော့ ထိုလူကလည်း ငုဝါနှင့်ခင်သည်။ ရိုးရိုးသားသားပါဘဲ...အသောက်အစားကင်းပြီး ရှုပ်ပွေသည့်သတင်းများလည်း မကြားဖူးခဲ့ပါ။
"သမီးက သိနေတယ်.... "
"ဟုတ်... သမီးရိပ်မိပါတယ်.....ဟို အကိုကြီးနဲ့မို့လား...."
ထိုလူက ပိုးနှယ်ထက် ဆယ်နှစ်လောက်သာကြီးသည်။
ဒါ့ကြောင့်လည်း ထမင်းလာစားနေကျ အကိုကြီးအရွယ်ဘဲဆိုပြီး အကိုကြီးဟုသုံးတာဖြစ်သည်။
တီပိုးနှင့်ကတော့ ဆယ့်တစ်နှစ်လောက်ကွာမည်ထင်သည်။
"ဟုတ်တယ် မောင်နိုင်နဲ့လေ....သမီးကို
အရင်ကတည်းကပြောချင်ခဲ့တာ.....သမီးလက်မခံမှာရော..... တီပိုးကို စိတ်ဆိုးမှာရော ကြောက်လို့ပါ"
စိတ်ထဲမှာရှိသမျှ အမှန်အတိုင်းပြောရရင် တီပိုးနှင့်
တူဝရီးနှစ်ယောက်ထဲ ဒီတိုင်းလေးဘဲ နေသွားချင်ပါသည်။
သူစိမ်းတစ်ယောက်က ငုဝါတို့ဘဝထဲဝင်လာမှာ မလိုလားပါ.,...
ဒါပေမယ့် ငုဝါတစ်ဖက်သတ်တည်းကိုဘဲကြည့်လျှင်
ဘယ်တရားပါတော့မလည်း.......
တီပိုးက အရွယ်ရှိသေးတဲ့မိန်းမသားတစ်ယောက်.....တစ်ခုလပ်တစ်ယောက်အနေနဲ့ လူတွေရဲ့အထင်အမြင်သေးမှုတွေ
အများကြီးရှိတယ်တဲ့..တီပိုး ခဏခဏပြောနေသည့်စကား.....
တကယ်လည်းမှန်ပါသည်။ ထမင်းဆိုင်ကို လာစားသည့်
လူငါးဆယ်မှာ လေးဆယ်လောက်က တီပိုးကို အချောင်ရမလားဆိုသည့် အကြံအစည်များဖြင့် လာနေကြခြင်းလည်းဖြစ်သည်။
တီပိုးက ထိုဒဏ်တွေကိုကြောက်လို့ အိမ်ထောင်ပြုဖို့ဆုံးဖြတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါမှမဟုတ် တကယ်မေတ္တာရှိကြလို့လည်း ဖြစ်နိုင်၏။
တသက်လုံးကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့သည့်
အဒေါ်ဖြစ်သူ၏ ဆန္ဒကို ငုဝါ မပိတ်ပင်ချင်ပါ......ဒါ့ကြောင့် ...
"သမီး လက်ခံပါတယ် တီပိုး......ဆန္ဒရှိတဲ့အတိုင်းသာလုပ်ပါ"
တီပိုးက မျက်ရည်အဝိုင်းသားဖြင့် ပီတိအပြည့်ဖြင့် သူမအား
ဖက်လိုက်လေသည်။ တစ်ခါတစ်လေဘဝမှာ ကိုယ့်ထက် သူများဆန္ဒကို အလေးပေးလိုက်ရသည့်အခါမျိုးတွေလည်း ရှိပါသည်။
~~~~~
"သတင်းကြားပြီးပြီလား.....အကို....."
"ဘာကိုလဲ မှီ....."
"ပိုးခက်လေ.... အိမ်ထောင်ပြုတော့မလို့တဲ့..."
"ဒီအရွယ်ကျမှ ထပ်ပြီးတော့လား......."
"အဲဒါ့ကြောင့်ပြောတာ....ငုဝါလေးကလည်း အပျိုပေါက်လေးဖြစ်နေမှ.....ပြီးတော့ သူ့ယောကျ်ားဘက်က မင်္ဂလာဆောင်
စရိတ်ကို ပိုးခက်ကိုဘဲ အကုန်ခံခိုင်းတယ်တဲ့ ...."
"အင်း......ဒီကလေးမကလည်း အသက်ကြီးမှ
ကိုယ့်ဒုက္ခကိုရှာလို့"
"အဲ့လိုတော့မပြောနဲ့လေ အကိုရဲ့.......တံခွန်မရှိတဲ့ဘုရား....
လင်မရှိတဲ့မယား.....မတင့်တယ်ဘူးတဲ့..... သူလည်း အားကိုးအားထားရှာချင်လို့ နေမှာပေါ့ "
"အင်း.......ဟိုတစ်ဖက်က ကိုယ်ကျင့်တရားကောင်းပြီး
မယားမှတ်မှတ် သားမှတ်မှတ်ပေါင်းရင်တော့ ကောင်းတာပေါ့.. "
"ကောင်လေးက ရိုးသားတယ်လို့ပြောကြတာဘဲ အသောက်အစားကင်းပြီး မိန်းမသတင်းလည်းရှင်းတယ်တဲ့.....
ကားမောင်းတာကလည်း စီးပွားရေးမို့လို့တဲ့....."
"မင်္ဂလာဆောင်က ဘယ်နေ့တဲ့လဲ....."
"သဘက်ခါတဲ့........ငုဝါလေး ဖိတ်စာလာပို့သွားတယ်...."
"အင်း....အဲ့ဒီငုဝါလေးကတော့
တကယ်သိမ်သိမ်မွေ့မွေ့လေးပါဘဲ...နော် မှီ.....ငါတို့အနာဂတ်ချွေးမလေးလည်း ဖြစ်ချင်ဖြစ်လာမှာ......"
"ကျွန်မလည်း ငုဝါလေးကို သဘောကျတယ် အကို......
သားကတော့ ကလေးမလေးအပေါ် နည်းနည်းစိမ်းသလိုဘဲ..."
"အစမို့နေမှာပါ....ပြီးတော့ မင်းရဲ့သားက မျက်နှာကြောတင်းတာသိသားနဲ့..... သူ့ကို မမှတ်မိလို့ စိတ်ဆိုးနေတာလည်းဖြစ်မှာ...."
"ဟုတ်လောက်တယ် အကို......"
"သဘက်ခါကျ မှီတို့သားအမိဘဲ သွားကူညီလိုက်ကြပါ....
အကိုက ခွဲစိတ်ရမယ့်ရက်ချိန်းထားလို့......မလိုက်တော့ဘူး...
ပိုးခက်ကိုလည်း.. သေချာလေးပြောပြပေးလိုက်ပါဦး..."
"ဟုတ်အကို......အော်...ပြောဖို့မေ့နေတာ
သမီးကြီးဖုန်းဆက်တယ်...သူအလုပ်သင်လုပ်နေတာ
အဆင်ပြေတယ်တဲ့...."
"သမီးကြီးကတော်တာဘဲကို...... အဖေ့ခြေရာအတိုင်း
အတော်ဆုံးဆရာဝန်ဖြစ်လာမှာ.....သမီးလတ်ကရော
ဆယ်တန်းစာတွေကျက်ရတာ ဘယ်လိုတဲ့လဲ...."
"သူကတော့ စိုးရိမ်စိတ်များတဲ့လူဆိုတော့
စာတစ်ပိုဒ်လောက်လေးမေ့တာကို အဆောင်မှာ
ကမ္ဘာပျက်နေတာ....."
"ငါ့သားသမီးတွေက ငါ့လိုပဲ လာကြတာ...အခု
ဂိမ်းလောက်သွားဆော့နေတဲ့အငယ်ကောင်တောင် ကျောင်းမှာ
အဆင့်တစ်ကြည့်ဘဲ ရနေတာကို...."
"ဟွန့်.....အဲ့ဒီသားသမီးသုံးယောက်လုံးကို မှီက ဝမ်းနဲ့လွယ်ပြီး မွေးထားတာပါနော်...."
"ဟာ.....ဟုတ်ပါတယ်ဗျာ....ဟုတ်ပါတယ်....
ဒေါ်မှီနှိုင်းယှဥ်လေးရယ်..."
~~~~~~
တီပိုးနှင့် ယူသည်ကို သတို့သားမိဘတွေက သိပ်လက်မခံချင်ကြပါ။ သူတို့သားက လူပျိုလူလွတ်ဆိုတော့ ပိုဆိုးသည်။
တီပိုးက ရုံးတက်လက်မှတ်ထိုးပြီး အကျဥ်းရုံးချင်သော်လည်း
သူတို့ဘက်က တခမ်းတနားနှင့် အကျယ်ချဲ့လိုသောကြောင့်
နှစ်နှစ်လောက်စုထားသည့်ငွေအပြင် တီပိုးရဲ့လက်ဝတ်လက်စား တချို့က မင်္ဂလာဆောင်ထဲသို့ နစ်မြှုပ်ကုန်ကြသည်။
မင်္ဂလာဆောင်မှာလည်း
သူတို့ဘက်ကလူတွေကသာနေရာယူကြပြီး ပန်းကျဲသည့်နေရာမှာလည်း သူတို့ဘက်က ငုဝါနှင့်ရွယ်တူကလေးများကို နေရာချထားပေးသည်။
ထိုပန်းကြဲသည့်ကောင်မလေးများက ငုဝါကို ပြောင်သလိုပုံစံနှင့် လာလုပ်ပြနေကြသည်။ အံ့သြစရာကောင်းလိုက်တာ.....မသိရင် ဒီနေရာကို ကိုယ်ကဘဲ အတင်းလုပ်ချင်နေသလိုလိုနဲ့
စိတ်ပျက်လိုက်တာ .......
ခြေထောက်အညောင်းခံပြီး ဟန်လုပ်ပြုံးနေတဲ့အလုပ်မျိုး
မလုပ်ဘူးဟေ့ မလုပ်ဘူး.......ဟု စိတ်ထဲကနေ အော်ဟစ်ပြောဆိုနေမိတော့သည်။
ငုဝါ ဘာလို့ဒေါသထွက်နေမိတာလည်း........
ဒီကိစ္စတစ်ခုတည်းကြောင့်တော့မဟုတ်ပေ။
ဘာလို့လည်းဆိုတာလည်း ကိုယ့်ကိုကိုယ်သိသည်။....
ထိုပန်းမမအဖွဲ့က ဟိုစန်းပွင့်တဲ့ရေပြာအိုင်ကို ဝိုင်းငေးနေတာကြောင့်ဖြစ်သည်။ ထိုအထဲက
ခပ်ဖြူဖြူနှင့်ကောင်မလေးတစ်ယောက်က သူနဲ့စကားပြောနေသေးသည်။
နာရီဝက်လောက်အတွင်းကို တွေ့ကရာမိန်းကလေးနဲ့ ခင်မင်သွားတာဘဲ..... ဟွန့် လူရှုပ်ကောင်.......
စိတ်တိုဒေါသထွက်ရသည့်ကြားထဲ ဝတ်ထားမိသည်က
ပိုးဂါဝန်အဖြူ ......ခန်းမထဲမှာ ပန်ကာတွေဖွင့်ထားသော်ငြားလည်း မြင်းခြံမြို့၏ အပူဒဏ်ကိုတော့အံမတုနိုင်ပါ....
မနက်ကိုးနာရီသာရှိသေးသော်လည်း ဇွတ်အတင်းကို
ပူနေလေသည့် မြင်းခြံမိုးရာသီ......မိုးရာသီတောင်
ဒီလောက်ပူနေတာ နွေဆို အငွေ့တောင်ပြန်နိုင်သည့်မြို့.....
ကိတ်နှင့်လက်ဖက်ရည် စမူဆာ......ထို့အပြင်
ရေခဲမုန့်.......တော်သေးတာပေါ့.... ရေခဲမုန့်ကျွေးလို့....
မဟုတ်လျှင် ပူလွန်းလို့သေတော့မယ်......
ရေခဲမုန့်ပုံးရှိသည့်နေရာသို့သွားပြီး စားပွဲပြင်ဆင်ပေးနေသည့်အဒေါ်ကြီးတွေက အလုပ်များနေ၍ ကိုယ့်ဘာသာ ခွက်ယူပြီး
ကိုယ့်စိတ်ကြိုက်အဝစားဖို့ ခပ်ယူပြီး စားဖို့ ဟန်ပြင်လိုက်သည်။
ပါးစပ်ထဲ မရောက်ခင် စက္ကန့်တိုင်းအလိုမှာဘဲ လက်ထဲက
ရေခဲမုန့်ခွက်က တစ်စုံတစ်ယောက်၏ လုယူခြင်းခံလိုက်ရသည်။
"တည်တံ့.....စားချင်ရင် နင့်ဘာသာနင် ခပ်ပါလား....ဘာလို့ငါ့ရေခဲမုန့်ခွက်ကို လုတာလဲ......"
"လုပ်မှမလုပ်တာ...."
"ကျစ်...."
ဟွန့်....ခုနက စကားတွေပြောပြီး လေပေးသင့်နေတဲ့
ကောင်မကိုကျ မလုပ်ခိုင်းဘဲနဲ့......
ကိုယ့်ခွက်ကို သူစားနေပြီမို့ နောက်ထပ်တစ်ခွက်ထပ်ခပ်ရတော့သည်။
ဘေးနားက သူ့ကို ရေခဲမုန့်စားရင်း ခိုးခိုးပြီး ကြည့်နေမိသည်။
ဒီလောက်ချောတာကို ကောင်မလေးတွေက
ကြိုက်ကြမှာပေါ့လေ...ရေခဲမုန့်လေးထိုင်စားနေတာကို မိန်းကလေးတွေထက်ပိုပြီး စတိုင်ကျနေတာဘဲ.....
ငုဝါလို ပေအောင်စားတတ်တဲ့သူနှင့်တော့ တကယ်တခြားစီ.....
"တည်တံ့..... ခုနက နင် ဟိုတစ်ယောက်နဲ့
ဘာတွေပြောနေတာလဲ"
"နင်မဟုတ်ဘဲ ကိုကိုလို့ခေါ်ရင်ပြောပြမယ်...."
ကိုကိုတဲ့ ကျောင်းမှာမှမဟုတ်တာဘဲ တစ်ခွန်းလောက်ဘဲခေါ်တော့ ဘာအရေးလဲ.....
"ကိုကို.... ဘာတွေပြောနေတာလဲ "
"သူ့ဖုန်းနံပါတ်ပေးနေတာ......ငါ့ဖုန်းနံပါတ်လည်းတောင်းတယ်..ဆက်ဆက် ဆက်နော်တဲ့...."
"အဲ့တော့ နင်က ဆက်မယ်ပေါ့..... "
"အဲ့ဒါ ငါ့သမိုင်း... "
ပြောတဲ့လေသံနဲ့ လုပ်နေတဲ့ရုပ်ကိုက ၂၁လက်မသစ်သားနဲ့ ရိုက်သတ်ပစ်ချင်စရာ......အမြဲတမ်း လူကို ဘုဂလန့်ပြောသည်။
"မေးနေတယ်လေ "
ငုဝါနောက်တစ်ခေါက်သူ့ကို ထပ်မေးတော့ သူကလူကို
စူးစိုက်ကာပြန်ကြည့်၍......
"နင်နဲ့ဘာဆိုင်လဲ....."
လူမှာ ဖိန်းကနဲ ရှိန်းကနဲ သေချာတာပေါ့...... ငုဝါက
သူ့ရည်းစားမှမဟုတ်တာ.......သူ့ဘာသာ ဘယ်ကောင်မလေးနဲ့ ဖုန်းဆက်ဆက် ငုဝါနဲ့ ဘာဆိုင်လို့လဲ.....
သူ့အဖြေက တိကျပြီးရိုးရှင်းပါသည်။ မရှင်းတာက ငုဝါ.....
သူ့အပေါ် သံယောဇဉ်တွေပိုနေမိလို့လေ....ပထမဆုံးအချစ်ဦးက သူမိုလို့ဘဲ......
~~~~~~~~~
အပိုင်း(၅)ဆက်ရန်
စိတ်ကူးအရရေးဖွဲ့ထားခြင်းဖြစ်ပါသည်။မည်သူ့ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ။
စာဖတ်သူတစ်ဦးချင်းစီအား အထူးကျေးဇူးတင်လျှက် 💛
ငွေဇင်နွယ်<Zapphia >