''အောင်မာ လူပါးဝလို့ ဒီဟန်းချိန်းကိုဘယ်လောက်ထင်နေလို့လဲ အစစ်ဟဲ့အစစ်''
''အဲလိုမရလို့ပါ''
''ဟား ပြဿနာပဲ နင်တို့မန်နေဂျာဘယ်မှာလဲ သွားခေါ်ခဲ့စမ်း''
ဆိုင်ထဲကလူတွေဝိုင်းကြည့်နေတာကိုကြွေကတစ်စက်မှရှက်ပုံမပေါ်။
မင်းသခင်ဆိုင်ထဲဝင်ဝင်ချင်းခါးနှစ်ဖက်ထောက်ပြီးစားပွဲထိုးအားရန်တွေ့နေသောမိန်းကလေးကြောင့်သူ့မျက်ခုံးတွေပင့်တက်သွားရလေ၏။
ထို့နောက်သူ့ကိုယ်သူပင်မသိလိုက်ဘဲထိုနေရာကိုရောက်သွားပြီးမှ
''မင်းကခက်ခက်ရဲ့ညီမမလား''
သူမကသူ့အားမျက်မှောင်ကျုံ့ကြီးနဲ့ကြည့်လာပြီး
''ဘာညီမလဲ! ဘာညီမမှမဟုတ်ဘူး ကြွေအဆင်းကတစ်ဦးတည်းသောသမီး ဘယ်အစ်မမှမရှိဘူး အဲ့ဟာမဆိုရင်ပိုရွံတယ် အစ်မလို့လာမပြောနဲ့!''
အသံစူးစူးနဲ့သူ့ကိုပါရန်တွေ့လာသောသူမကြောင့်သူ့မှာစကားတွေပါထစ်သွားရကာ
''အေး အေးပါကွာ မသိလို့ပါ ခုကဘာဖြစ်နေတာလဲ''
''ဘာဖြစ်ရမှာလဲ အိမ်ကထွက်လာတာပိုက်ဆံအိတ်ယူမလာမိဘူး မုန့်စားပြီးမှသိတာ အဲဒါဒီဟန်းချိန်းပေးခဲ့မယ်ဆိုတာကိုမရဘူးတဲ့ မှောင်ခိုဈေးနဲ့ရောင်းစားရင်တောင်ကြွေစားထားတာရဲ့ငါးဆလောက်ရမှာကို''
အကောင်သေးသလောက်ဒေါသကြီးပုံရသောသူမကရှူးရှူးရှားရှားနဲ့ရှင်းပြလာလေ၏။
''ကဲကဲ ထားတော့ ညီလေး သူစားထားတာဘယ်လောက်လဲ''
''35000ပါအစ်ကို''
သူပိုက်ဆံအိတ်ထဲကသူ့ဘဏ်ကဒ်ကိုထုတ်၍ထိုစားပွဲထိုးကောင်လေးအားပေးလိုက်၏။
''ကဒ်နဲ့ရှင်းမယ်''
''ဟုတ်ကဲ့ပါ''
ဝန်ထမ်းကောင်လေးထွက်သွားတာနဲ့ကြွေကသူမလက်ထဲကဟန်းချိန်းအားမင်းသခင်လက်ထဲထည့်ပေးပြီးဆိုင်ထဲကစူအောင့်အောင့်နဲ့ထွက်သွားလေတော့သည်။
''ဟာ ဟေ့ နေဦးလေ''
သူမကသူ့အားတစ်စက်မှလှည့်မကြည့်။
သူဘဏ်ကဒ်ကိုပြန်ယူပြီးသည်နှင့်ဆိုင်ထဲကထွက်ခဲ့ပြီးဘေးဘီအကုန်ဝေ့ဝဲရှာကြည့်ပေမယ့်သူမအရိပ်ကိုပင်မတွေ့ရတော့ပေ။
''မြန်လိုက်တာ''
သူလက်ထဲကဟန်းချိန်းလေးကိုကြည့်မိတော့ဒူးရင်းသီးပုံလော့ကတ်လေးနဲ့မို့ဒါသူမကိုယ်တိုင်ဒီဇိုင်းအပ်ထားတာပဲဖြစ်မည်ဟုတွေးလိုက်မိသည်။
''ဒူးရင်းသီးတဲ့လား''
✨✨✨
ကြွေအိမ်ပြန်ရောက်သည့်အချိန်တွင်...
''မိခက် ညည်းခုကစပြီးအနေအထိုင်ဆင်ခြင်တော့နော် ညည်းအကောင်တွေနဲ့လည်းဇာတ်လမ်းရှင်းတော့ မင်းသခင်ကိုလွတ်လို့ကတော့ညည်းနဲ့ငါအတွေ့ပဲနော်''
''သိပါတယ်မေမေရဲ့ သူနဲ့သာညားပြီးလို့ကတော့ဟိုကောင်မကြွေအဆင်းကိုပြားပြားဝပ်နေအောင်ကိုလုပ်ပြမယ်''
''အေး ကောင်းတယ် ငါတို့ကသူ့အိမ်မှာကပ်နေနေတယ်ဆိုပြီးကောင်မကလူပါးဝနေတာ ကျက်သတုံးမ''
ထိုစကားတွေကြောင့်ကြွေစကပ်စလေးကိုခပ်တင်းတင်းဆုပ်ကိုင်ပြီးအိမ်ထဲဝင်ကာရန်သွားတွေ့မယ်လို့ဆုံးဖြတ်ပြီးမှသူမခြေလှမ်းတွေကရပ်တန့်သွားပြီးမှနားထဲမှာအမေဖြစ်သူစကားတွေကိုပြန်ကြားယောင်လာရတော့သည်။
''စိတ်တိုစရာကြုံလာရင်ဟောဟောဒိုင်းဒိုင်းနဲ့တည့်ရှင်းတာထက် စိတ်အေးအေးထားပြီးဘယ်လိုအထိနာအောင်လုပ်ရမလဲစဉ်းစား အဲလိုဆိုအကြံကောင်းပိုထွက်တယ် တစ်ချို့ကသ-တ်စရာမလိုပဲေ-သတယ်သမီး''
ကြွေနှုတ်ခမ်းကိုခပ်တင်းတင်းစေ့ကာဒေါသတွေကိုအနည်းငယ်လျှော့ချလိုက်၏။
''နင်ပဲငါ့ကိုပြားပြားဝပ်အောင်လုပ်နိုင်မလား ငါပဲနင့်ကိုနလန်မထူအောင်လုပ်နိုင်မလားဆိုတာစောင့်ကြည့်ရသေးတာပေါ့''
ညရောက်တော့ကြွေတစ်ယောက်အကြံထုတ်ရင်းနဲ့ညဥ့်နက်သွားသည်ထိအိပ်မရဘဲရှိနေ၏။
ဒါပေမယ့်ဘာအကြံမှထွက်မလာ။
''သက်သက်ကိုမေးကြည့်ရမလား''
အတွေးကနောက်မှ လက်ကအိပ်ရာပေါ်ကဖုန်းကိုယူ၍သူငယ်ချင်းဖြစ်သူထံဖုန်းဆက်ပြီးနေပြီပင်။
''ဟဲလို''
သူငယ်ချင်းဖြစ်သူသက်နှင်းဆီကအိပ်ချင်မူးတူးအသံနှင့်ဖုန်းဖြေလာလေ၏။
''အိပ်နေပြီလားသက်သက်''
''အချိန်ကိုကြည့်ဦးလေမိကြွေရယ် ဘာကိစ္စလဲပြော''
''အခုခက်ခက်ခိုင်ကယောက်ျားယူတော့မှာ သူယူမယ့်ယောက်ျားကအရမ်းချမ်းသာတယ် သူကအဲ့လူကိုယူပြီးငါ့ကိုပြားပြားဝပ်အောင်လုပ်ပြမယ်တဲ့ ဒေါ်မြပုလဲကလည်းငါ့ကိုကျက်သတုံးမတဲ့ နင်စဉ်းစားကြည့်လေ ငါမခံပြင်းသင့်ဘူးလား''
''နင်အဲဒါပြောဖို့ငါ့ကိုဒီအချိန်ကြီးဖုန်းဆက်တာလား''
''လာမယ်လေ အခုငါသူတို့ကိုမကျေနပ်ဘူး ငါဘာလုပ်ရမလဲ အကြံပေးဦး''
သက်နှင်းဆီလည်းအနည်းငယ်မျက်လုံးကျယ်သွားပြီမို့
''နင်ကဘာလုပ်ချင်တာလဲ''
''သူတို့ဖြစ်စေချင်သလိုငါအဖြစ်မခံနိုင်ဘူး သူတို့ရည်ရွယ်ချက်တွေကိုလည်းငါအပြည့်မခံနိုင်ဘူး သူတို့စိတ်ကူးယဉ်ထားတာတွေကိုငါကဖျက်စီးပစ်ချင်တာ ငါသူတို့ကိုနိုင်ချင်တယ်ဟာ''
''သူယူမယ့်သူကသူ့ရည်းစားလား''
''မိဘပေးစားလို့ မိဘပေးစားမှလင်ကောင်းသားကောင်းရမယ့်ဘဝလေအဲ့အောလီမက ငါ့ကိုအကြံပေးပါဦးဟယ် ငါစဉ်းစားတာဘာမှပေါ်မလာဘူး''
''သူလိုချင်သလိုမဖြစ်စေချင်ရင်သူ့မင်္ဂလာပွဲပျက်မှပဲရမယ်ကမရေ''
''ဟမ် မင်္ဂလာပွဲပျက်မှ''
''အင်းပေါ့ သူယူမယ့်သူကသူဌေးဆို သူသာအဲ့လူနဲ့လွဲရင် ပွဲကလှပြီ''
ကြွေထိုင်နေရာမှချက်ချင်းထရပ်လိုက်လေ၏။
''ဟုတ်ပြီ ဟုတ်ပြီ ကျေးဇူးပဲသူငယ်ချင်း ငါအကြံပေါ်ပြီ နင်လည်းဆက်အိပ်တော့ မနက်ဖြန်မှငါနင့်ဆီလာတိုင်ပင်မယ် ဒါပဲနော်''
ကြွေချက်ချင်းပဲဖုန်းချပစ်လိုက်သည်။
''စောင့်ကြည့်နေလိုက်နော်ခက်ခက်ခိုင်နဲ့ဒေါ်မြပုလဲ ဘယ်သူကဘာလဲဆိုတာရှင်တို့သိအောင်ပြမယ်''
သူမမျက်နှာလေးကတစ်ကယ်ကလိမ်ကကျစ်ရုပ်ကလေးပင်။
✨✨✨
မင်္ဂလာပွဲဖျက်ဖို့နေ့စဉ်နဲ့အမျှကြံစည်နေတဲ့ကြွေ့ထံသို့အခွင့်အရေးကြီးတစ်ခုကကျရောက်လို့လာလေပြီပင်။
အဲဒါက...
''မွေးနေ့''
ကြွေကငွေရောင်ဖိတ်စာလေးကိုကောက်ကိုင်ရင်းမင်းသခင်အားပြန်မေးလိုက်၏။
''အင်း ကိုယ့်ဖေဖေ့ရဲ့အသက်60ပြည့်မွေးနေ့လေ ဒါနဲ့ဘယ်သူမှမရှိကြဘူးလား''
''မရှိဘူး ဒီကနတ်သမီးလေးပဲရှိတယ် ဟိုစုန်းမသားအမိကတော့အပြင်သွားကြတယ်''
''စုန်းမသားအမိ''
''ဦးလေးကြီးရဲ့သတို့သမီးလောင်းကိုပြောတာ ဒါလေးတောင်သဘောမပေါက်ဘူးလား''
နှုတ်ခမ်းတစ်စူစူနဲ့သူ့ကိုရန်တွေ့နေသောသူမကိုကြည့်ကာသူရယ်လိုက်မိသည်။
''ဦးလေးကြီးကသူ့ကိုတွေ့ချင်လို့လား''
''မဟုတ်ပါဘူး မင်းတစ်ယောက်တည်းဆိုကိုယ်ပြန်တော့မလို့ပါ မသင့်တော်ဘူးလေချာတိတ်ရဲ့''
''ဘယ်နားကိုမသင့်တော်တာလဲ ရှေးဆန်လိုက်တာ အဲဒါကြောင့်ဟိုသားအမိကပိန်းဥတူးလိုက်တာ''
''ဘယ်လို''
''ထားပါ ဦးလေးကြီးကိုဟိုနေ့ကကြွေပေးခဲ့တဲ့ဟန်းချိန်းလေးဘာလုပ်လိုက်ပြီလဲ ရောင်းစားလိုက်ပြီလား ဘယ်လောက်ရလဲ 35000ယူပြီးပိုတာပြန်ပေး''
သူဟန်မဆောင်နိုင်ဘဲရယ်ချလိုက်မိပြီးမှ
''ချာတိတ် မင်းကကိုယ့်ကိုဘယ်လိုထင်နေတာလဲ မင်းဟန်းချိန်းလေးကိုယ်နဲ့အတူရှိနေတုန်းပါပဲ ဒါပေမယ့်အခုတော့ပါမလာဘူး ကိုယ်မေ့ခဲ့တယ်''
''ဦးလေးကြီးအဖေရဲ့မွေးနေ့ကိုကြွေရောလာလို့ရတယ်မလား''
''ရပါတယ်''
''အင်း အဲကျမှပြန်ပေးလေ''
''ဟုတ်ပါပြီ အဲဒါဆိုကိုယ်ပြန်တော့မယ်''
''အင်း ဘိုင့်ဘိုင်''
သူမကိုနှုတ်ဆက်ပြီးအိမ်ထဲကထွက်သွားသောသူ့ကိုကြည့်ပြီးကြွေကမဲ့ရွဲ့ရင်း
''အဟင်း ဟိုသားအမိတူးထားတဲ့ပိန်းဥကိုငါကအရင်ဦးအောင်ပြုတ်စားပစ်မယ် ပြောရင်းနဲ့တစ်ကယ်ပိန်းဥတောင်စားချင်လာသလိုပဲ နေဦး ခုကငတ်နေရမယ့်အချိန်မဟုတ်ဘူး အဲ့နေ့အတွက်ကြိုတင်ပြင်ဆင်ထားရမယ်''
သူမကိုယ့်ဘာသာရေရွတ်ရင်းအိမ်ပေါ်သို့ခပ်သုတ်သုတ်တက်လာခဲ့လိုက်၏။
ဖြစ်နိုင်ရင်အဲဒီ့နေ့ကိုအမြန်ပဲရောက်ချင်နေပါပြီ။
✨✨✨
မင်းသခင်ရဲ့ဖခင် ဦးနေသခင်ရဲ့မွေးနေ့ပွဲသို့သွားရန်အတွက်ခက်ခက်ခိုင်နဲ့ဒေါ်မြပုလဲတို့မှာပြာယာခတ်နေကြလေ၏။
''သမီး ရော့ ဒီဘယက်လေးဝတ်''
''အာ အတုကြီးကို''
''ဘယ်သူကသိမှာလဲ ဝတ်ဆိုဝတ်စမ်းပါအေ မြန်မြန်လုပ် ငါတို့ကိုလူထင်ကြီးခံရအောင်လို့''
ထိုစဉ်
''မရှက်ဘူးလား''
အသံနဲ့အတူကြွေကသူတို့အခန်းထဲဝင်လာပြီးကုတင်မှာခြေချိတ်ဝင်ထိုင်လိုက်လေ၏။
ခြေသလုံးတစ်ဝက်သာရှိသောဂါဝန်ဝဲဝဲလေးကိုဝတ်ထားပြီးဆံပင်ကိုကပိုကရိုထုံးထားသောကြွေ့ကိုကြည့်ပြီးခက်ခက်ခိုင်က
''နင်ကဘယ်လဲ''
''နင့်ယောက္ခထီးလောင်းရဲ့မွေးနေ့လေ''
''ဘာ နင်ကဘာဆိုင်လို့အဲ့ပွဲကိုသွားမှာလဲ''
''ဦးမင်းသခင်ကိုယ်တိုင်ကိုကငါ့ကိုဖိတ်ထားတာလေ ငါလိုက်ရမှာပေါ့''
''နင်မလိုက်ရဘူး နင့်အကြံကိုငါသိတယ် နင်ငါ့ကိုလိုက်အရှက်ခွဲမလို့မလား''
''ထင်ချင်သလိုထင်ပေါ့ ငါကတော့အဲ့ပွဲကိုမရရအောင်ကိုသွားမှာ''
ပြောပြီးတာနဲ့ကြွေကဂါဝန်လေးကိုခါရမ်းပြီးအခန်းထဲကထွက်သွားလေ၏။
ခက်ခက်ခိုင်ကမျက်စိပျက်မျက်နှာပျက်နဲ့
''မေမေ ဘယ်လိုလုပ်မလဲ အဲ့ဟာမကိုရှင်းဦး ကိုမင်းသခင်တို့လာတဲ့နေ့ကလည်းသူ့လုပ်ပုံကိုမြင်တယ်မလား အဲ့ကောင်မကတဇောက်ကန်းမ သူလုပ်ချင်ရာလုပ်တာ မေမေသူ့ကိုမြန်မြန်ရှင်းစမ်းပါ''
''အေးပါ မေမေရှင်း...''
ဒေါ်မြပုလဲစကားမဆုံးခင်ခြံထဲကနေကားတစ်စီးမောင်းထွက်သွားသံကြားလိုက်၍သားအမိနှစ်ယောက် ပြတင်းပေါက်ဆီသို့အပြေးသွားကြည့်တော့မယ်မင်းကြီးမအရှုပ်မကသူတို့ထက်အရင်ဦးအောင်အိမ်ကထွက်သွားပြီပင်။
သူမကကားပြတင်းပေါက်ကနေသူတို့ကိုလက်ပြလိုက်သေး။
''တောက်! အဲ့ခွေးမကတော့လေ''
''မေမေ ဘယ်လိုလုပ်မလဲ''
''လာ ငါတို့လည်းသွားကြစို့ သူ့ကိုမီမှဖြစ်မယ် ဟိုရောက်ရင်သူ့ကိုမင်းသခင်နားလုံးဝမကပ်စေနဲ့ ကြားလား မဟုတ်ရင်အဲ့ကောင်မကခလောက်ဆန်ပြီးချွန်တွန်းလုပ်လိမ့်မယ်''
''အင်းပါမေမေရဲ့''
''လာသွားမယ်''
ကြွေကဘာမဆိုလုပ်ပစ်ရဲတဲ့သူမို့သူတို့မှာကြွေ့ကိုလန့်နေရသည်။
အဒေါ်ကအလိုလိုက်ထားလို့ဘယ်သူမှမနိုင် လက်မြှောက်ထားရတဲ့ဟာမလေး။
ကြည့်နေပါ မကြာခင်မှာပဲအဲ့ဟာမလေးကိုကောင်းကောင်းပညာပေးပြမယ်။
✨✨✨