99%
အကြံအိုက်သွားကာ ကိရိယာကို လှုပ်ခါလိုက်ပြီး နောက်အနည်းငယ်ဆုတ်၍ သူရပ်လိုက်သည့်နေရာ၌ ချထားလိုက်သည်။သို့တိုင် 99% ကနေမပြောင်းချေ။
သို့သော် အကျဥ်းတိုက်အဝင်ပေါက်မှာ ပိတ်သွားပြီဖြစ်သည်။ဝင်ပေါက်ပိတ်ရန် တစ်နာရီကြာခဲ့ပြီး ဧရိယာအတွင်း အခြားဝင်ပေါက်များပေါ်နိုင်ချေအရိပ်ယောင်ပြသည့် ပုံမှန်မဟုတ်သောလက္ခဏာများလည်းမရှိပေ။မဟုတ်လည်း ရှင်းလင်းမှုနှုန်းက ၁၀၀ရာနှုန်းကို သေချာပေါက်ပြပြီးပြီဖြစ်ရာ တိုင်းတာမှုပြ ကိရိယာကပင် ပျက်နေသည်ဟုယူဆလိုက်သည်။
"ပြန်လည်ထိန်းသိမ်းပြုပြင်တာကို အခု စလို့ရပြီ"
အနှီလူသည် ရီဆွန်းကို ပြောပြီးနောက် အလျင်စလိုထွက်သွားတော့သည်။ကျန်သူများက ဝင်ပေါက်အနီးထားထားသည့် အဝါရောင်တိတ်ပြားကို စတင်ဖယ်ရှားလိုက်သည်။ရီဆွန်းနှင့်သူ့သူငယ်ချင်းများလည်း အဆောက်အဦးအနားကို ဖြည်းဖြည်းချင်းကပ်သွားလိုက်သည်။
နေဝင်ဆည်းဆာအရိပ်အရောင်ပင် မမြင်ရသည့်ကောင်းကင်ကြီးသည် ပို၍ပင် မည်းမှောင်လာခဲ့သည်။
ရီဆွန်း၏သူငယ်ချင်းများမှာ ဟာသလုပ်ကာအပြောင်အပြက် လုပ်လိုက်ကြသေးသည်။
"နောက်လကျရင် ငါတို့ တစ်ခုခုစမ်းလုပ်ကြမလား?
ရီဆွန်းရဲ့ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း တိုက်ရိုက်လွှင့်မှုတို့ဘာတို့လေ"
"ဒရုန်းကိုသုံးပြီး ရုပ်သံထုတ်လွှင့်ရင် ကြည့်ရှုနှုန်းက သေလောက်အောင်များမှာ"
"ရီဆွန်း ဘယ်သူ့ဆီကမှ အင်တာဗျူး လက်မခံခဲ့ဘူးမလား? ငါတို့သာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ််မယ်ဆို
သီးသန့် အင်တာဗျူးလုပ်ပေးမယ်မလား ဟင် ဟင်လို့~?"
"ဟေ့ကောင်တွေ စျေးပေါလိုက်တဲ့ကောင်တွေကွာ ရီဆွန်းကို သက်ရှိ ATM လိုဆက်ဆံနေပြန်ပြီ"
"အဲဒါက အခြေခိုင်တဲ့အချက်အလက်ပဲလေ မဟုတ်ဘူးလား"
"အေး.. အချက်ကျကျပြောမယ်ဆို ပိုကောင်းပိုချမ်းသာလာမယ့် အနာဂတ်ရောက်အောင် ရီဆွန်းကို ငွေထုတ်စက်လုပ်စီးမလို့"
အုပ်စုထဲ ပွက်လောရိုက်နေသည့်အဓိက တရားခံ
ကန်ယောင်းဂျွန်က ဝေဖန်စကားစပေးလိုက်လျှင် ကျန်သူများက ကိစ္စအကြီးကြီးဟုတ်သလို ခေါင်း
တညိတ်ညိတ်နှင့်။သူတို့သည် သူ့အား ရှေးခေတ်နတ်ဘုရားတစ်ပါးနှင့် ယှဉ်ပြိုင်စိန်ခေါ်တိုက်ခိုက်တော့မည့်သူအလား ကြည့်နေကြသောအခါ ရီဆွန်းသည် နောက်ထပ်မအောင့်နိုင်တော့သည်အထိ ရယ်မိတော့သည်။သူ့သူငယ်ချင်းများလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လိုက်ရယ်မိတော့သည်။
ထိုသို့ရယ်မိပြီးမှ ရီဆွန်းသည် အဆောက်အအုံအနားချဉ်းကပ်ကာ သူတို့အား ကြည့်နေသည့် သူများရှိသည်ကို သတိရသွားတော့ နောက်ကျသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံး အုတ်ကျိုးအုတ်ပဲ့များကို လက်နှင့်ထိလိုက်သည်။
"ဟင် အဲဒါက အဲဒါ စောက်ကျိုးနဲ ဘာကြီးလဲ"
"နေအုံး ရီဆွန်း!"
"ဟေး မဟုတ်သေးဘူး!"
ရုတ်တရက် သူတို့အရှေ့ရှိ နေရာက ချာလပတ်ရမ်းလာခဲ့သည်။လေပြင်းတိုက်လာခဲ့ပြီး လေထုက ပုံမှန်မဟုတ်တော့ဘဲ စာရွက်အသားတွန့်သကဲ့သို့ တွန့်လိမ်လာခဲ့သည်။ မြင်ကွင်းက ထူးဆန်းနေခဲ့ပြီး လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
အကျဉ်းတိုက်ပေါ်လာပြီ။
ပုံမှန်အားဖြင့် အကျဉ်းတိုက်မပေါ်ခင် အနည်းဆုံး မိနစ်၃၀လောက် ကြိုတင်အချက်ပြတတ်သည်။သို့သော် ဤအကျဥ်းတိုက်သည် ရုတ်ချည်းပေါ်လာခဲ့သည်။အရင်က သူတို့ကြုံဖူးသည့် အကျဥ်းတိုက်ပေါ်လာတာနှင့် မတူနေခဲ့ပေ။လွန်ခဲ့သည့်တစ်နာရီလောက်က ရှင်းလင်းရေးလုပ်ထားသည့် နေရာမှာတင် ဝဲဂယက်လည်သကဲ့သို့ လည်နေသည့် ဝင်ပေါက်က ပေါ်လာခဲ့တာဖြစ်သည်။
၎င်းနောက် သူတို့အရှေ့က မယုံနိုင်စရာ မြင်ကွင်းကြောင့် ရုပ်ထုအလား ကြက်သေသေနေမိကာ ဝင်ပေါက် ပေါက်ကွဲသည့်အချိန်ထိ ကြည့်နေမိပြီး အနီးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အကုန်စုပ်ယူခံလိုက်ရသည်။
အခင်းရှိလူတစ်ယောက်မကျန် အကျဥ်းတိုက်အတွင်းသို့ ကူကယ်ရာမဲ့ဆွဲသွင်းခံလိုက်ရသည်။
အကျဥ်းတိုက်အတွင်းသို့ လိုအပ်သောပြင်ဆင်မှုများ
မလုပ်ဘဲ ဝင်ခြင်းက သေကြောင်းကြံသည်နှင့်မခြားပေ။ ဝင်ပေါက်ပွင့်ချိန်က အနီးနားတွင် အမဲလိုက်သူဟူ၍
ရီဆွန်း၏သူငယ်ချင်းများနှင့် သူတို့နောက်လိုက်လာသည့် ဟွန်ရှင်းအဖွဲ့အစည်းခေါင်းဆောင်သာရှိသည်။
မျက်စိတစ်မှိတ်အတွင်း လူသေအလောင်းများက နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ရီဆွန်းသည် ရှည်ရှည်ဝေးဝေး
မစဉ်းစားနိုင်တော့ဘဲ သူ့သူငယ်ချင်းတွေ၏လက်ကိုသာ တင်းတင်းကိုင်ကာ အကျဉ်းတိုက်အတွင်း ကသုတ်ကရက်ပြေးတော့သည်။
သူသည် ပြန်လည်ထိန်းသိမ်းပြုပြင်သူအနေဖြင့်သာ အလုပ်လုပ်ဖူးခဲ့ပြီး အကျဉ်းတိုက်ဝင်ပေါက်အနားကို ရောက်ဖူးသည်ပင် ကြုံတောင့်ကြုံခဲဖြစ်ရာ အကျဉ်းတိုက်အတွင်းဝင်ဖို့ကို မဆိုထားနှင့်တော့။
"ဟား တောင့်ထားကြ ခဏလောက်ပဲ ထပ်ပြီး!"
"အကျဉ်းတိုက်ပိတ်တာနဲ့ တခြားတစ်ခုပေါ်လာတာ ဒါပထမဆုံးပဲ။မကြာခင် အဖွဲ့အစည်းကြီးတွေ လှုပ်ရှားမှာပဲ။အဲအထိပဲ သည်းခံထားပြီး ဂုံးဒယ်အဖွဲ့ဝင်လာတဲ့အထိပဲ အသက်ရှင်အောင်လုပ်ရင်ရပြီ"
သူငယ်ချင်းနှစ်ယောက်က ရီဆွန်းစိတ်ငြိမ်အောင်ကြိုးစားနေပေမဲ့ သူကြောက်သည်ထက် သူတို့က ပိုဆိုးနေသည်ကို ရိပ်မိလိုက်၍ ခေါင်းကိုသာ ပိုသာသာငြိမ့်ပြလိုက်မိသည်။အကျဉ်းတိုက်အတွင်းဆွဲသွင်းခံလိုက်ရသည့် ၈၀%လောက်က သေကုန်ပြီဖြစ်သည်။သူငယ်ချင်းထဲက နှစ်ယောက်က သူ့ကို ကာကွယ်ပေးနေတုန်း ကျန် ၄ ယောက်က အခြားအသက်ရှင်ကျန်နေသည့်သူများကို ကာကွယ်ပေးဖို့ကြိုးစားနေကြသည်။
ပထမအကျဉ်းတိုက်တုန်းက Cအဆင့်ဖြစ်ခဲ့၍ ဒီတစ်ခုကိုလည်း Cအဆင့်ဖြစ်မည်ဟု ထင်ခဲ့ကြသည်။သို့သော်
တကယ့် အကျဥ်းတိုက်အတွင်း အတွေ့အကြုံရှိထား
သည့် သူငယ်ချင်း ၆ယောက်အုပ်စုအတွက်ပင် ဧရာမ သားရဲကြီးများကို သုတ်သင်ရန် ခက်ခဲနေခဲ့သည်။အမှန်မှာ ထွက်ပြေးဖို့တောင် အနိုင်နိုင်ဖြစ်နေခဲ့တော့သည်။
ဟွန်ရှင်း၏ခေါင်းဆောင်သည် သားရဲအစာဖြစ်သွားသည်မှာ ကြာပြီဖြစ်သည်။ကိုယ်ပျောက်ဆေးရည်သောက်ထားတဲ့သူဆိုလို့ သူသာရှိတာတောင်မှပင်။ဆေးရည်က အလယ်အလတ်အဆင့်အောက် ဖြစ်၍ အရိပ်ကို မဖုံးပေးနိုင်ခဲ့တာကြောင့် အသတ်ခံရသည်ကနေ မလွတ်မြောက်ခဲ့ပေ။
အမဲလိုက်သမား ၆ယောက်ကို မောပန်းမှုက တိုက်စားနေပြီဖြစ်သည်။အကျဥ်းတိုက်အတွင်းမှ အပြင်လောကကို ဆက်သွယ်ရန် လမ်းစမရှိပေ။ထိုကြောင့် သူတို့သည် အကူအညီ တောင်းခံ၍မရခဲ့ချေ။သို့စေကာမူ သူတို့သည် အားတင်း၍ အဖွဲ့အစည်းကြီးတစ်ခုက လာကယ်မည်ကို မျှော်လင့်စောင့်စားနေခဲ့သော်လည်း ၂ နာရီကြာသည်အထိ တစ်ဖွဲ့တလေမျှမမြင်ရသည့်အခါ အနှီမျှော်လင့်ချက်သည် မှေးမှိန်သထက် မှေးမှိန်လာတော့သည်။
လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဝင်ပေါက်ကိုရှာတွေ့ဖို့ဖြစ်ပေမဲ့ ဘယ်လောက်ရှာရှာ မတွေ့သည်အထိ သူငယ်ချင်းတစ်စုမှာ အနှီအချက်အလက်ကို မပြောလာခဲ့ချေ။ဤအခြေအနေတွင် အားလုံးလိုလို ကြောက်ရွံ့နေကြသည်ဖြစ်ရာ ရက်စက်
သည့်သတင်းကိုပြောပြီး သွေးရူးသွေးတန်းအခြေအနေရောက်အောင် ဖန်တီးနေဖို့မလိုအပ်ပေ။
"ဟေး ရီဆွန်းလေး ဂျောင်ရီဆွန်း ဒီမှာနေပြီး ပုန်းနေခဲ့။ကျန်တဲ့သူတွေကို ငါတို့နှစ်ယောက်သွားကူမှဖြစ်တော့မယ်"
"ဘာကိုလဲ အပြင်မှာ သားရဲကြီးတွေကို မမြင်ဘူးလား"
"မြင်တယ် ဒါပေမဲ့ အခု ငါတို့သာအပြင်ထွက်ပြီး သွားမကူရင် အပြင်ကလူတွေအကုန်သေဖို့ အချိန်တစ်ခုပဲလိုတော့တယ်..ဟေး အဲမျက်နှာကြီး မလုပ်စမ်းပါနဲ့ကွာ။ဘာမှမဖြစ်စေရဘူး စိတ်ချ"
"ငါတို့မရှိလို့ ဟိုကောင်တွေ ငိုနေလောက်တယ်"
မသွားခင် ရီဆွန်းကို နှစ်သိမ့်ပေးခဲ့လေသည်။အကျဥ်းတိုက်က နှစ်လမ်းကွဲနေတာဖြစ်သည်။ရီဆွန်း ပုန်းနေသည်က ဘယ်ဘက်ခြမ်းပင်။သူ့သူငယ်ချင်းများသည် ညာဖက်ခြမ်းကို မဆင်းသွားခင် သူတို့အဆင်ပြေပြီဆိုမှ ထွက်လာဖို့ကို မှာခဲ့သေးသည်။
ရီဆွန်းသည် သံသယကိုဘေးပို့ကာ သူတို့ကို ယုံဖို့ကလွဲ ရွေးစရာမရှိခဲ့ပေ။ သူတို့က အမဲလိုက်သမားများဖြစ်၍မဟုတ်ဘဲ သူ့နဲ့ ခုနစ်နှစ်တာ အတူနေခဲ့သည့်သူများဖြစ်တာကြောင့် ယုံဖို့ကလွဲ ရွေးစရာမရှိတာဖြစ်သည်။သူတို့ ဘာကိုပဲရင်ဆိုင်ရပါစေ အတူတူဖြတ်ကျော်လာခဲ့သည်ဖြစ်ရာ ဒါကိုလည်းလုပ်နိုင်မည်ဆိုတာ သူသိသည်။
သို့သော် လက်တွေ့က သူ့ကို ဘယ်သောအခါမှ ကြင်ကြင်နာနာမဆက်ဆံခဲ့ပါ။
မျှော်လင့်ချက်ကြီးလေ အလုပ်ဖြစ်မည်ဟု ယုံကြည်လေ လောကကြီးက သူ့ကို လှောင်ပြောင်လေဟု သူခံစားချက်ဖြစ်မိသည်။ဆုပ်ကိုင်ထားသည့်မျှော်လင့်ချက်တစ်ခု ရိုက်ချိုးခံလိုက်ရသည့် သဲထဲရေသွန်စိတ်က သူ့ကိုနင်းခြေထားခဲ့သည်။ဘာကနေဘယ်လိုမှားသွားလဲဆိုတာကို စဥ်းစားဖို့ကြိုးစားတာတောင် အဖြေဟာနတ္တိ။သူ့ရဲ့မဖြစ်စလောက်အရေးမပါသည့် ဆန္ဒကြောင့်ဟု အပြစ်ပုံချချင်ပေမဲ့ ဒါလည်းမဟုတ်ပါ။ သူသည် လောကကြီးအတွက် ပြုံးရယ်ပြချင်စရာ ကြီးမြတ်သည့်သူမဟုတ်ဘဲ တစ်နေ့ကျရင် မွစာကြဲသွားအောင် ချေဖျက်ပစ်ချင်သည့်ဖုန်မှုန့်သာသာ လူတစ်ယောက်ဖြစ်လောက်မည်။
"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး.. မဟုတ်ဘူး..အဲဒါအမှန်မဟုတ်ဘူး.."
သူ့သူငယ်ချင်းတွေ မျက်ခြေပြတ်သွားသည့်ဖက်က တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။အစက ကျိန်းသေပေါက် အုတ်အော်သောင်းနင်းဖြစ်နေခဲ့ပေမဲ့ ဘာကြောင့်မှန်းမသိ ထူးဆန်းသည့်တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့သည်။သားရဲဘုရင်ကို သတ်နိုင်လိုက်တာကြောင့်ဖြစ်မည်ဟု တွေးလိုက်သေးပေမဲ့ အကျဥ်းတိုက်အတွင်း အပ်ကျသံပင် မကြားရ။သူ့သူငယ်ချင်းတွေပြောဖူးသည် ၁၀၀%ရှင်းလင်းနိုင်သွားရင် အကျဥ်းတိုက်က စပြီးတော့ လှုပ်ရမ်းတတ်သည်ဟူ၍။
အကျဥ်းတိုက်က တိတ်လွန်းနေသည်။နောက်ဆုံး ညာဖက်ခြမ်းကို သတိတထားသွားလိုက်သည့်အချိန် သူ့ကိုကြိုနေခဲ့သည်က အသက်မဲ့ကာ လဲလျောင်းနေသည့် သူ့သူငယ်ချင်းများ၏ခန္ဓာများပင်။
မျက်စိရှေ့က မြင်ကွင်းကို သူ ယုံပင်မယုံနိုင်။အချို့က လက်မောင်းတွေပြတ်ကျနေခဲ့ကာ အချိန့်ကျ ခြေထောက်နှင့်ခန္ဓာ တွဲရက်မရှိနေခဲ့။အိုင်ထွန်းနေသည့်သွေးတွေကြောင့် အချိန်မရွေး မေ့လဲသွားနိုင်သည်အထိ။
"ဟင့်အင်း..."
ရက်စက်လှသည့် အနိဌာရုံမြင်ကွင်းနှင့် ရင်ဆိုင်လိုက်ရ
သည့် ရီဆွန်းသည် ပုံမှန်စိတ်မဟုတ်တော့ သူ့သူငယ်ချင်းတွေ မသေသေဘူးဟုသာ တွေးနေခဲ့သည်။သူ သူတို့ကို ကယ်နိုင်သေးသည်။သွေးမျက်ရည်စွန်းနေသည့်လက်တွေနှင့် သူတို့အလောင်းတွေရဲ့ကျန်နေသည့်အစိတ်အပိုင်းတွေကိုစုပုံလိုက်သည်။လူသားအလောင်းအပေါ်မှာ သူ့စွမ်းအားထုတ်သုံးသည်က သူ့ဘဝမှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော် ပြန်လည်ပြုပြင်ထိန်းသိမ်းသူတစ်ယောက်သည် သက်ရှိမဟုတ်ဘဲ သက်မဲ့တွေကိုသာ ပြုပြင်နိုင်တာဖြစ်သည်။
တိရစ္ဆာန်များအပေါ် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်ခဲ့၍ ပုံမှန်မဟုတ်တော့သည့်အခြေအနေသို့ ပြောင်းသွားသည့်ကိစ္စပြီးကတည်းက စွမ်းအင်နိုးထသူစီမံခန့်ခွဲရေးရုံးချုပ်က ပြန်လည်ပြုပြင်ထိန်းသိမ်းသူများကို သက်ရှိများအား အသက်သွင်းခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်လိုက်သည်။အသက်သွင်းပါက ရလဒ်က ပုံမှန်မဟုတ်သည်ထက်ပိုကာ လူသားများအပေါ်အသုံးချလျှင် ပို၍ပင် ကြောက်စရာကောင်းသည်ဟူသည့်အချက်နှင့်တားမြစ်ချက်ထုတ်ထားတာဖြစ်သည်။
သို့တိုင် ရီဆွန်းမှာ စွမ်းအားသုံးဖို့ကလွဲ ရွေးစရာမရှိခဲ့ပေ။အာဏာပိုင်တွေ၏အမှားလည်းဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ
နှစ်သိမ့်နေမိသည်။သူသည် Sအဆင့်ဖြစ်သည့် မျှော်လင့်ချက်သေးသေးလေးနှင့် ရလဒ်က ကွဲပြားကောင်းကွဲပြားနိုင်သည်။အံ့ဖွယ်ဖြစ်ရပ်ကိုဖန်တီးနိုင်ပြီး သူ့သူငယ်ချင်းတွေကို ကယ်လိုက်နိုင်တာလည်း ဖြစ်နိုင်သည်။
ကျိုးပဲ့နေသည့်အရိုးများ၊ ကြေမွနေသည့်နံရိုးများနှင့် စုတ်ပြတ်သတ်နေသည့် လက်တွေ ခြေတွေများနှင့် ကိုယ်ထည်များက ဖြည်းဖြည်းချင်း ပြန်ဆက်လာခဲ့သည်။
ရီဆွန်းသည် စိတ်အားတက်လာခဲ့ပေမဲ့ မကြာသောအချိန်တွင် တိုတောင်းသောပျော်ရွှင်မှုက ရေအးအေးနှင့်အလောင်းခံလိုက်ရသကဲ့သို့ အေးစက်သွားတော့သည်။
သူ့သူငယ်ချင်းများသည် ခန္ဓာကိုယ်က အသက်ဝင်လှုပ်ရှားနေခဲ့ပေမဲ့ အနားရှိသူတွေကို မှတ်မိသည့် "သက်ရှိလူသားများ" မဟုတ်တော့ချေ။
သူတို့သည် အလောင်းကောင်များ လှုပ်ရှားနေသည်နှင့်တူနေခဲ့သည်။ရီဆွန်းသည် စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေခဲ့သည့်အလျောက် သူ့သူငယ်ချင်း၏ပုံမှန်မဟုတ်သောအခြေအနေကို စစ်ဆေးနေဖို့ အချိန်မရှိခဲ့ပေ။မျက်စိရှေ့ပေါ်သမျှလူအကုန် သတ်ပြီးဆုတ်ခွာသွားခဲ့သည့် ဧရာမသတ္တဝါကြီးများသည် ပြန်ရောက်လာပြန်သည်။
ရီဆွန်းသည် ကြောက်လန့်တကြားနှင့် အနီးအနားရှိ နံရံနောက် ပြေးပုန်းလိုက်သည်။သူ့သူငယ်ချင်းများကို တပါတည်းဝှက်ရန် ကြိုးစားခဲ့ပေမဲ့ သူတို့သည် ထိုနေရာ၌သာ ထူးဆန်းသည့်အသံများပြုလုပ်ကာ ရပ်ကျန်နေခဲ့ပြီး သားရဲများတိုက်ခိုက်မှုကို ထပ်ခံရပြန်တော့သည်။
သို့သော်ငြား သူ့သူငယ်ချင်းတွေ စွမ်းအားတဝက် သုံးနိုင်သေးသည်ကို သိလိုက်ရ၍ စိတ်ရှုပ်ထွေးသွားသည်။မြေပြင်ပေါ်လဲကျသွားသည့် သူတို့၏အလောင်းများသည် သေလောက်သည့်ဒဏ်ရာရထားသော်လည်း လှုပ်ရှားထကြွနေဆဲဖြစ်နေခဲ့သည်။ဒါက ရီဆွန်း၏ အသက်သွင်းမှုကြောင့် ဖြစ်လာသည့်အရာပင်။
သူတို့သည် မသေမျိုးများဖြစ်လာတော့သည်။
သေခြင်းနှင့်ကြုံလာသည့်အခါ ရှင်သန်လိုစိတ်ကပိုပြင်းလာသည့် သဘာဝအရ ရီဆွန်းသည် လူ့မသိစိတ်၏စေ့ဆော်မှုက သူ့ဆန္ဒကို ကျော်လွန်နေခဲ့သည်။သူ့သူငယ်ချင်းများ၏သေဆုံးမှုကို ရင်ဆိုင်လိုက်ရ၍ ကြောက်စိတ်မွှန်နေခဲ့ပြီး သူ့စိတ်က သူတို့သေသွားပြီဟူသည့်အချက်ကို လက်ခံဖို့ ငြင်းဆန်နေခဲ့သည်။အပြင်ဖက်မှာ ဖြစ်နေသည့် ပုံမှန်မဟုတ်သည့် အခြေအနေကို စစ်ကြည့်ဖို့ပင် အတင်းအကျပ်လုပ်ယူနေရကာ ထိုသို့လုပ်ရန် အကျဥ်းတိုက်ကို အရင်ရှင်းဖို့လိုသည်ဟု ကောက်ချက်ချလိုက်လေသည်။
ထိုကြောင့် သူသည် နံရံနောက်တွင်ကွယ်ရင်း အောက်ခြေတွင်ပြန့်ကျဲနေသည့် အလောင်းကောင်များကို အသက်သွင်းတော့သည်။အသက်သွင်းလိုက် သားရဲတိုက်ခိုက်တာခံရလိုက် အသက်ပြန်သွင်းလိုက်နှင့် ထပ်ခါ ထပ်ခါ ထပ်ခါတလဲလဲဖြစ်နေတော့သည်။
ထိုသို့ဖြစ်နေသည်မှာ အကျဥ်းတိုက်ရှင်းလင်းသွားသည့်အချိန်အထိပင်။
၁၀၀%ရှင်းလင်းသွားသည့် သင်္ကေတအနေနှင့် အကျဥ်းတိုက်အတွင်း လှုပ်ရမ်းလာခဲ့သည်။ရီဆွန်းသည် နံရံတွေ ပြိုကျလာတော့မှ အသိဝင်လာခဲ့သည်။သူ့စိတ်က ရှင်းရှင်းလင်းလင်းဖြစ်သွားသည်ကို ရုတ်တရက်ခံစားလိုက်ရပြီးနောက် သူ့ရှေ့ရှိ အစစ်အမှန်ဖြစ်ရပ်က သူ့ကို ဆွဲခေါ်သွားတော့သည်။မျက်ဝန်းများက အံ့သြထိတ်လန့်မှုတို့ကြောင့် ပြူးကျယ်လာကာ တုန်လှုပ်နေမိသည်မှာ တားမရဆီးမရ။
အလောင်းကောင်တွေကို အသက်သွင်းခဲ့မိသည့် အကြိမ်အရေအတွက်ကို မှတ်ပင်မမှတ်မိတော့ပေ။အကြိမ် ၁၀၀လား အကြိမ် ၁၀၀၀ လား။ပါးစပ်ကို လက်နှင့်အုပ်လိုက်မိပြီးနောက် ရူးချင်စရာအနံ့ကြောင့် ချက်ချင်းပဲဖယ်လိုက်မိသည်။သူ့လက်များသည် သွေးများနှင့် စေးကပ်နေပြီး သွေးစွန်းနေသည့်လက်များနှင့် နံရံကိုထောက်ကာ ပျို့အန်တော့သည်။
"ဝေါ့... ဟာ..အော့.."
သို့သော် အန်ဖို့ ဘယ်လောက်ကြိုးစားပါစေ အန်ထုတ်နိုင်ဖို့အလားအလာမမြင်။ပထမဆုံးအကျဥ်းတိုက်ထဲဝင်ရသည့်အကြောက်တရား၊ဧရာမသားရဲကြီးများနှင့်ကြုံရသည့်အကြောက်တရား၊သေသွားသည့်သူ့သူငယ်ချင်းအလောင်းများ၏ တုန်လှုပ်ခြောက်ခြားဖွယ်မြင်ကွင်းကြောင့်ရသည့် လွန်ကဲသည့်စိတ်ဒဏ်ရာတို့နှင့်။
နောက်ပြီး သူတို့ကို အသက်သွင်းလိုက်မိ၍ သူ့ကိုယ်သူ ရွံရှာသည့်စိတ်က ကြောက်ခမန်းလိလိဖြစ်နေခဲ့သည်။
အန်ချင်ရင်တောင် မအန်နိုင်သည့်အဖြစ်။ခံစားချက်ပြင်းထန်ပေါက်ကွဲမှုကြောင့် လည်ချောင်းထဲဆို့နင့်နေမှုက အသက်ရှူရန်ပင် ခက်လှသည်။ချောင်းတဟွတ်ဟွတ်ဆိုးနေခဲ့၍ တုန်ယင်နေသည့်လက်တစ်ဖက်က လည်ပင်းကိုဖိထားရသည်။အသက်ရှူဖို့ရုန်းကန်နေရသည်က သူ့ကိုပို၍ပင် နေထိုင်လို့မကောင်းဖြစ်စေသည်။
နောက်ဆုံး ထူးဆန််းသည့်အသံထွက်ကာ လျှောက်သွားနေသည့်သူ့သူငယ်ချင်းများ ရှေ့၌ပင် နံရံကိုမှီကာ လဲကျသွားတော့သည်။သူတို့၏ ခန္ဓာများသည် ဖြူဖျော့နေခဲ့ပြီး မျက်နှာများက သွေးမရှိသည့်နှယ် မျက်လုံးများက အသက်ငင်မနေခဲ့။
"...မင်းတို့ ကျေးဇူးပြုပြီး.."
ရီဆွန်းသည် ခွင့်လွှတ်မှုကို မတောင်းခံရဲပါ။သူလုပ်နိုင်သမျှက သူတို့နာမည်တွေကို တွင်တွင်ပါအောင် ခေါ်ရင်း ငိုရှိုက်နေရုံသာဖြစ်သော်လည်း သူ့ကို တစ်ယောက်မှ အဖြေတုံ့ပြန်မပေးလာခဲ့ပေ။သူလုပ်လိုက်မိသည့် ကြောက်ရွံံဖွယ်လုပ်ရပ်တွေနဲ့ လက်တွေ့သူ့အခြအနေကို ရင်ဆိုင်ရတော့မှာဖြစ်သည်။
သူ့ကိုယ်ပိုင် စိတ်ပျက်စရာဘဝထဲ ချုပ်မိနေသည်က မွန်းကျပ်လွန်း၍ အသက်ရှူကြပ်သည်အထိ။