သွားတော့မယ်တဲ့ .... ။
သစ်ခွရုံဘေးမှာ ထွန်းထားသည့် မီးတိုင်ဖြူဖြူအောက်မှာရပ်ပြီး နှုတ်ဆက်စကားဆိုသည် ။ အဝါရောင် သစ်သားဒန်းလေးပေါ်မှာ ထိုင်နေသည့် လင်းထွဋ်ကို ကြည့်ပြီး နှုတ်ဆက်စကားဆိုသည် ။ အလာတုန်းကလိုမျိုး ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်မှာလွယ်ပြီး ခရီးဆောင်အိတ်ကိုဆွဲကာ နှုတ်ဆက်စကားဆိုပါသည်။
အလာတုန်းကလို ပေါ့ပါးကြည်လင်သည့်အပြုံးတွေတော့ ရှိမနေ ။ မျက်ခုံးတန်းနှစ်ခုက အနည်းငယ် နီးကပ်ပြီး တွန့်နေသည် ။
နှုတ်ဆက်စကားမှာ လင်းထွဋ် ခေါင်းညိတ်ပြလိုက်သလား ကိုယ့်ကိုယ်ကိုယ် ဝေခွဲမရ ။ သေချာတာတော့ သူ မတားမြစ်ခဲ့သလို ဘာကြောင့်လဲဟုလည်း မမေးခဲ့ပါ ။ သူ့ရှေ့ကနေ တရွေ့ရွေ့ ထွက်ခွာသွားသော ကျောပြင်ကိုလည်း ကြည့်မနေခဲ့ပါ ။ ဒန်းပေါ်မှာပဲ ပြန်လှဲပြီး ခြေထောက်တစ်ဖက်နှင့် ဒန်းကိုလွှဲရင်း မျက်လုံးတွေမှိတ်ထားလိုက်သည် ။ သွေးထဲက လက်ကျန်အယ်လ်ကိုဟောလ်ဓာတ်လေးကြောင့် လူကလည်း ငိုက်မြည်းနေပြီ ။
ထိုစဉ် ခြံတံခါး ဆွဲဖွင့်သံ ကြားရသည်။ တက္ကစီတစ်စီးရပ်သံ ကြားရသည် ။ ကားထဲကို အိတ်တွေ မညင်မသာ ပစ်ထည့်လိုက်သည့်အသံ ကြားရသည် ။ နောက်ပြီး ခြံထဲကို ပြန်လျှောက်လာသည့် ခပ်ပြင်းပြင်းခြေသံကို ကြားရသည် ။
တစ်လှမ်း ... နှစ်လှမ်း .... သုံးလှမ်း ....
ထိုခြေသံက သူနှင့် လေးငါးလှမ်းလောက်အကွာမှာ ရပ်သွား၏ ။
" ဒီတိုင်း အိပ်မနေနဲ့ဗျ ။ ခြံတံခါး လိုက်ပိတ်ဦး "
စကားသံတွေကို အမျိုးအစားခွဲခြမ်းရမည်ဆိုပါက ထိုလေသံသည် တစ်ခုခုကို မကျေမနပ်ဖြစ်ကြောင်း ထုတ်ဖော်ပြသည့်အသံဟု သတ်မှတ်ရပါမည် ။ ဘာကိုမကျေနပ်သွားတာလဲ ။ သူ မမှတ်မိဘူးဟု ပြောလိုက်တာကိုလား ။ မေးချင်စိတ်လည်း မရှိ၍ ရှေ့ကနေ ကျောခိုင်းသွားသည့် ခြေရာတွေကိုသာ လိုက်လံမှတ်သားပြီး ခေါင်းငိုက်စိုက်နှင့် တံခါးဝထိ လျှောက်လာခဲ့သည် ။
" အိမ်တံခါးတွေလဲ သေချာပိတ်အိပ်"
တက္ကစီပေါ် မတက်ခင် ရပ်ပြီး ဆရာလုပ်နေသေး၏။ လင်းထွဋ် ပြန်မကြည့်ဘဲ သံတခါးကိုသာ ဂျိုင်းခနဲ အသံမြည်အောင်ပိတ်ပြီး သော့ခတ်ပစ်လိုက်သည်။ တပြိုင်တည်းမှာပဲ ကားတံခါးဆောင့်ပိတ်သံလည်း ကြားလိုက်ရ၏ ။
" ငတုံးကောင် "
မမှတ်မိဘူးလို့ သူကပြောတဲ့အခါ ' မမှတ်မိရင် မှတ်မိအောင် လုပ်ပေးရမှာပေါ့ ' ဆိုတာမျိုး လာသင့်တာမို့လား ။
ရှေ့က လမ်းခင်းပေးနေတာကို နောက်ကနေ အလိုက်သင့် မလျှောက်တတ် ။ မြောင်းဖောက်ရလွန်းလို့လည်း အဝီစိရောက်တော့မည် ။ ရေက လိုက်စီးမလာ ။ ဘယ်နေရာ ဉာဏ်ကောင်းတာလဲ ။ သည်ဦးနှောက်နှင့် နာဆာမှာ ဘယ်လိုများ အလုပ်ရတာလဲ စဉ်းစားလို့တောင်မရ ။
" သောက်နာဆာကောင် ။ သူကများ စိတ်ဆိုးရတယ်ရှိသေး "
စိတ်တိုတိုနှင့် တံခါးအနီးမှာရှိသည့် ကျောက်စရစ်ခဲတစ်လုံးကို ကန်ထုတ်ပစ်လိုက်၏ ။ နောက်ပြီး အိမ်ထဲမဝင်ဘဲ တစ်ညလုံး ဒန်းပေါ်မှာတင် ခေါင်းအုံးမပါ ခြင်ထောင်မပါဘဲ အိပ်ဖြစ်ခဲ့သည် ။ အကျိုးဆက်အနေနေနှင့် မနက်ရောက်တော့ သူ့တစ်ကိုယ်လုံး ခြင်ပိန့်တွေနှင့် ပြည့်နေပြီး ကျောအောင့်သွားသည့်ဒဏ်ပါ ခံလိုက်ရတော့သည် ။
မိုးအုံ့သည့် မနက်ခင်း ၊ နေရောင်ခြည် မလင်းသည့် မနက်ခင်း ၊ Morning Star မမြင်ရသည့် မနက်ခင်း ၊ အခန်းတံခါးရှေ့မှာရပ်စောင့်ပြီး Good Morningဟု နှုတ်ဆက်မည့်သူ မရှိသည့် မနက်ခင်း ၊ ပဲပြုတ်နှင့်ထမင်းကြော် မစားရသည့် မနက်ခင်း ၊ မှိုင်းညို့ညို့ မနက်ခင်းပါပင် ။
စိတ်ထဲရှိသည့်အတိုင်းဆို အိပ်ရာထဲပြန်ပြီး ခွေခေါက်နေချင်သည် ။ သို့ပေမဲ့ ကံတရားက သူ့ကို အဲသည်လောက် မျက်နှာသာ မပေးပါ ။ ကျောအောင့်နေလျက်နှင့်ပင် ဈေးကိုပြေးရသည် ။ အိမ်ထဲရော အိမ်အပြင်ပါ အမှိုက်လှည်းရသည်။ ထမင်းဟင်းချက်ရသည် ။ ကုမ္မဏီကိုတောင် မနက်တစ်ပိုင်း မသွားနိုင်တော့ ။ ကိုးနာရီခွဲတော့ လေဆိပ်ကိုသွားပြီး ဗုဒ္ဓဂါယာက ပြန်လာမည့် သူ့အဖေနှင့်အမေကို ကြိုရသေးသည် ။
" လူပျိုကြီးဖြစ်မဲ့ ကံဇာတာများ ပါလာသလား ငါ့သားရယ် ။ တစ်ယောက်တည်း နေတတ်ထိုင်တတ်လိုက်တာကိုပဲ "
ခရီးက ပြန်ရောက်ရောက်ချင်း တစ်အိမ်လုံး ရှင်းလင်းတောက်ပြောင်နေတာကိုကြည့်ပြီး ဒေါ်ဆွေဆွေဦးတို့က ချီးကျူးတာလား ကဲ့ရဲ့တာလားမသဲကွဲသော စကားကိုဆို၏ ။ သည်လိုမျိုး လုပ်မထားဘဲ ဖြစ်သလို နေထားပြန်လျှင်လည်း တဗြစ်တောက်တောက်ပြောပြီး သူ့ကို မိန်းမ ယူခိုင်းဦးမည် ။
သည်ရက်ပိုင်း လူတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားခဲ့ကြောင်းကိုတော့ လင်းထွဋ် ရေငုံနှုတ်ပိတ်ပင်နေလိုက်ပါသည် ။
" ထမင်းတန်းစားကြမှာလား ။ နားဦးမလား ။ စားမှာဆိုလဲ ကျွန်တော်ခူးပေးမလို့ ။ ဖေကြီးအကြိုက် ဝက်စတူးနဲ့ မေကြီးအတွက် ကန်စွန်းပလိန်းကြော်ထားတယ် သိလား "
" အမလေး ... သူ့အဖေကျ ဝက်စတူး ငါ့ကျ ကန်စွန်းရွက်တဲ့ "
" မေကြီးက သွေးတိုးရှိလို့လေ "
" တော်ပါ .... မောင်ဖေချစ်ရယ် "
နှုတ်ခမ်းတစ်ဖက်ရွဲ့ပြီး စိတ်ဆိုးဟန်ပြသောအမေ့ကို တင်းနေအောင်ဖက်ကာ ပါးတစ်ဖက်ကို ရွှတ်ခနဲ အသံမြည်အောင် နမ်းပစ်တော့ အခုမှ လာမဖားနဲ့ဆိုပြီး နဖူးကို လက်ဆစ်နှင့် အခေါက်ခံလိုက်ရသည် ။ သူ့အဖေကတော့ ခါတိုင်းလိုပဲ သူတို့သားအမိကိုကြည့်ပြီး ရယ်နေ၏ ။
" သား အားတဲ့အချိန် ကြည်ပြာ့ကို ဒီလက်ဆောင်လေး သွားပေးလိုက်ဦး "
ဗုဒ္ဓဂါယာက နေရာတွေအားလုံး ပါဝင်သည့် ဓာတ်ပုံစာအုပ်တစ်အုပ်ရယ် ၊ သစ်သားနှင့် ထုထားသည့် ဘုရားရုပ်ပွားတော်လေးတစ်ဆူရယ် ၊ ဘုရားပွင့်တော်မူခဲ့သည့် ဗောဓိပင်၏ ဓာတ်ပုံရယ်ကို လင်းထွဋ် တစ်ချက်ကြည့်ပြီး မယူဘဲ ခေါင်းခါလိုက်သည် ။
" ကျွန်တော် သွားမပေးချင်ဘူး မေကြီး "
" ဟဲ့ .... ဘာဖြစ်လို့လဲ ။ ဒီဟာလေး သွားပေးရတာကို ။ ဘာမှလဲ အပန်းကြီးတာ မဟုတ်ဘဲနဲ့ "
အမေကတော့ သူ တမင် ဂျစ်တီးဂျစ်ကန်လုပ်သည်ဟုများ ထင်မလားမသိပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည်ပြာဝေနှင့် ဇာတ်လမ်းကို သည့်ထက်ပိုရှုပ်မလာခင် ရှင်းရှင်းလင်းလင်း လုပ်ထားရမည် ။ နှစ်ဖက်စလုံးက သူငယ်ချင်းတွေလို ရိုးရိုးသားသားခင်မင်ရုံမျိုးမို့ဆို ကိစ္စမရှိ ။
" မပေးဘူး ။ မေကြီးလဲ မပေးပါနဲ့ ။ ကျွန်တော် သူ့အပေါ် အမြင်မကြည်တာမျိုး ရှိလို့ မပေးချင်တာ မဟုတ်ဘူး "
" ဒါဖြင့် ဘာလို့ မပေးရတာလဲ ပြောပါဦး "
" ကျွန်တော် ကြည်ပြာ့ကို မကြိုက်ဘူး မေကြီး ။ အခုလဲ မကြိုက်သလို နောက်လဲ ကြိုက်လာမှာ မဟုတ်ဘူး ။ ဒါပေမဲ့ ကြည်ပြာကတော့ ကျွန်တော့်အပေါ် သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်ရှိနေတယ်လေ ။ အဲဒီလိုမိန်းကလေးတစ်ယောက်ကို ကျွန်တော့်ဘက်က ပြန်လဲမကြိုက်နိုင်ဘဲနဲ့ အခုလို လက်ဆောင်တွေပေးနေမယ်ဆိုရင် မျှော်လင့်ချက်ပေးသလို ဖြစ်နေမှာပေါ့ ။ သူ့ဘက်ကနေ ကျွန်တော် တွေးပေးတာပါ ။ သူ့အတွက် မဟုတ်တဲ့ လူတစ်ယောက်အတွက်နဲ့ သူ့အချိန်တွေကို မကုန်ဆုံးစေချင်တာပါ ။ အဲဒါမို့ ကျွန်တော် သူနဲ့ ကင်းကင်းရှင်းရှင်းပဲ နေချင်တယ် "
" ငါ့သား မှန်တယ် ။ အဲဒီလိုစိတ်မျိုးထားတာ ဖေကြီး သိပ်သဘောကျတယ် "
သည်တစ်ခါတော့ အဖေကပါ သူတို့သားအမိနှစ်ယောက်ကြား ဝင်ပြောရင်း သူနှင့် လက်သီးချင်းပါ တိုက်လိုက်သေးသည် ။ အမေကတော့ သူတို့ကို မျက်စောင်းဝံ့ပြီး ဒါလေးပေးခိုင်းတာကို မိန်းမပေးစားမိတဲ့အတိုင်းပဲဟု ရွဲ့တဲ့တဲ့ဆိုသေး၏ ။ အတင်းကာရော သွားမပေးခိုင်းတာကိုပင် ကျေးဇူးတင်ရသည် ။
ထို့နောက် နေ့လယ်စာကို သုံးယောက်သား လက်ဆုံစားပြီး လင်းထွဋ် ကုမ္မဏီသွားဖို့ပြင်ရသည် ။ အလုပ်အကြောင်းပြပြီး သည်ည ကုမ္မဏီမှာပဲ အိပ်မည့်အကြောင်းလည်း ပြောထားလိုက်၏ ။ အဖေနှင့်အမေက သည်နေ့မှ အိမ်ပြန်ရောက်သည်ဆိုပေမဲ့ပေါ့ ။
လောလောဆယ် ကိုယ့်အိမ်မှာကိုယ် နေချင်စိတ်မရှိ ။ ရက်ပိုင်းလေး လာနေသွားသူ၏ ပုံရိပ်တွေက နေရာအနှံ့ပြည့်နေသည့်အခါ သတိရခြင်းက သူ့စိတ်မှာ ကျပ်ခိုးတွေလို ကပ်ငြိလာသည် ။
သစ်ခွပင်တွေကို သူ ရေလောင်းသည့်အချိန် ခြံထဲက သစ်ရွက်ကြွေတွေကို တံမြက်စည်းတစ်ချောင်းနှင့် လှည်းကျင်းတတ်သူ ၊ သူ ဟင်းချက်သည့်အခါ ဘေးကနေ ဖုန်းတစ်လုံးနှင့် ပြုံးပြီးမှတ်တမ်းတင်နေတတ်သူ ၊ ကုမ္မဏီသွားတိုင်း ကားမောင်းသူနေရာကို အမြဲလုထိုင်တတ်သူ ၊ အလုပ်ထဲ သူ အာရုံနစ်ဝင်သွားချိန်တွေမှာ တိတ်တိတ်လေး ငေးကြည့်နေတတ်သူ ၊ ညဘက်ဆို အကြောင်းမရှိအကြောင်းရှာပြီး အခန်းတံခါးကို လာခေါက်တတ်သူ ၊ အခွင့်အရေးရလျှင် ရသလို သူ့လက်ဖျားတွေကို လာထွေးဆုပ်တတ်သူ ။
ထွက်သွားတာ နှစ်ဆယ့်လေးနာရီတောင် မပြည့်သေးပေမဲ့ မိုးလင်းကနေ မိုးချုပ် သူ့ဘေးကနေ အရိပ်လို လိုက်ပါနေတတ်သူ မရှိသည့်အခါ စိတ်ထဲမှာ လစ်ဟာနေသည့် ခံစားချက်ကြီးက ဘာနှင့်မှကို မတူပါ ။
စိတ်ဆိုးသွားသည့် ညီငယ်လေးကို ပြန်ပြီးစိတ်ဆိုးမိတာကသက်သက် လွမ်းရတာကလည်း သက်သက်ပေါ့လေ ။
****
" ကိုရဲရင့် "
ဒဏ်ရာရသည့်နေ့ကတည်းက တာဝန်ယူကုသပေးခဲ့သော ဆရာဝန်ကြီးနှင့် ချုပ်ရိုးဖြည်ပြီး ထွက်အလာ နောက်ကျောဆီက ခေါ်သံကြောင့် ရဲရင့် လှည့်ကြည့်တော့ ထင်မထားသူ ဖြစ်နေသည် ။ ထိုသူ့ဘေးမှာတော့ သူ တွေ့ချင်လွန်း၍ အိမ်ကမထွက်ခင်ကတည်းက တတွတ်တွတ် ဆုတောင်းကာ စိတ်ထဲကနေ မှန်းမျှော်နေခဲ့ရသည့် မျက်နှာလေး ။
" ထင်ရှား ဒီရောက်နေတာလား "
" ဟုတ်တယ်ဗျ ။ ပုံပုံနဲ့ မုံရွာပြန်မဲ့ရက် လာချိန်းတာလေ ။ ပုပ္ပါးသွားမဲ့အကြောင်းလဲ ပြောရင်းနဲ့ "
ခေါင်းညိတ်ပြပြီး ဘေးက မျက်နှာလေးကို မရဲတရဲခိုးကြည့်မိသည် ။ ထင်ရှားဇော်ဘေးမှာရှိသည့်အချိန်ကလွဲပြီး ပြုံးခြင်းရယ်ခြင်း နည်းလွန်းသူလေး ။ အရောင်စုံဆနွင်းမကင်းကွက်လေးတွေ ဖောက်ထားသည့် နီညိုခံကချင်ဝမ်းဆက်ပေါ်ကနေ ဂျုတီကုတ်ဖြူလွလွလေးထပ်ဝတ်ထားပုံမှာ တစ်ခါမြင်ရုံနှင့်ပင် စိတ်ထဲမှာ တစ်သက်စာ စွဲထင်သွားစေသည်။ ခပ်မြင့်မြင့်မြှောက်စည်းထားသည့် ပိတုန်းရောင်ဆံနွယ်တွေရဲ့အလှနှင့်ပါ ပေါင်းဖက်လိုက်တော့ သက်ရှိပန်းပုရုပ်လေးအလား ထင်မှတ်မှားရ၏။ ရွှန်းလက်နေသည့် မျက်ဝန်းဝိုင်းလေးတစ်စုံကတော့ ရဲရင့်ခေါင်းပေါ်က ဒဏ်ရာကို ကြည့်နေသည် ။
" ချုပ်ရိုးဖြည်ခဲ့ပြီလား ။ အနာကျက်မြန်သားပဲ "
" ဟုတ်ကဲ့ ဒေါက်တာ ။ ဒီနေ့ ရက်ချိန်းပြည့်လို့ လာပြရင်းနဲ့ ဆရာကြီးက တစ်ခါတည်းဖြည်ပေးလိုက်တာ "
" ဟုတ်ကဲ့ ။ ကောင်းပါတယ် "
သက်လုံးပုံဆိုသည့် ဆရာဝန်အမျိုးသမီးလေးအတွက် ရဲရင့်ဟာ လူနာတစ်ယောက်ထက် မပိုသောအဆင့်ပါ။ သည့်ထက်ပိုပြီး ရင်းနှီးခွင့်ရဖို့ ကြိုးစားကြည့်ချင်ပေမဲ့အနေတည်လွန်းသူမို့ အစမပျိုးရဲ။ လင်းထွဋ်ဦးရဲ့ သူငယ်ချင်းဆိုသည့် ခေါင်းစဉ်ကိုလည်း အသုံးချပြီး အနားမကပ်ချင် ။
သည်မိန်းကလေးရဲ့ စိတ်ထဲမှာ သူ့ကို ရဲရင့်နေ အဖြစ်နှင့်သာ နေရာပေးစေချင်ပါသည်။
" ဒေါက်တာရော ပုပ္ပါးလိုက်ဖြစ်လား "
" ကျွန်မ လိုက်ဖြစ်မယ်ထင်ပါတယ် "
ဘဝမှာ ပထမဆုံး ရင်ခုန်ရသည့် မိန်းကလေးနှင့် ပထမဆုံးအတူတူ သွားခွင့်ရမည့်ခရီး။ အညာသွားတော့လည်း သူတို့နှင့် အတူတူလိုက်မည်ဖြစ်၍ သည်မျက်နှာလေးကို မကြာခဏ မြင်ခွင့်ရတော့မည် ။ ရဲရင့်စိတ်ထဲမှာ ခုန်ပေါက်ပစ်ချင်လောက်အောင် ပျော်သွားပေမဲ့ ဆေးရုံထဲမှာဖြစ်နေသည်ကတစ်ကြောင်း သက်လုံးပုံ သူ့ကို မျက်နှာရူးဟု ထင်သွားမှာစိုး၍တစ်ကြောင်း ပြုံးရုံသာပြုံးပြီး အိန္ဒြေဆည်ထားရသည် ။
" ဒီဆရာဝန်မကို ပုပ္ပါးရောက်ရင် ကိုကြီးကျော်ဆီ ဆက်သရမယ် "
" ကိုကြီးကျော်က ပခန်းကနတ်ပါဟယ် ။ ပခန်းကိုကြီးကျော်တဲ့ မကြားဖူးဘူးလား "
" ဒါဆို မင်းကြီးမင်းလေးပေါ့ "
" သူတို့က တောင်ပြုံးနတ်တွေဟဲ့ ။ နင် သေချာလဲ မသိဘဲနဲ့ လျှောက်ပြောမနေစမ်းပါနဲ့ "
" အေးအေး ... ပုပ္ပါးတောင်က မျောက်နဲ့ပဲ ပေးစားတော့မယ် "
" နင်ယူပါလား အစုတ်ပလုတ်ကောင်ရဲ့ "
ထင်ရှားဇော်ရဲ့လက်မောင်းကို လိမ်ဆွဲပြီး ရန်တွေ့နေသော်လည်း ပြုံးရယ်နေသည့် မျက်နှာလေးပေါ်မှာ သူ တစ်ခါမှ မတွေ့ဖူးသည့် ပျော်ရွှင်ခြင်းတွေ ထင်ဟပ်နေတာလည်း ငြင်းလို့မရ ။ ထိုအပျော်ဟာ အဖြူရောင်သက်သက်လေးဖြစ်ဖို့တော့ မျှော်လင့်သည် ။ မဟုတ်လျှင် သည်မိန်းကလေးရဲ့ နှလုံးသားနုနုမှာ အနာတရဖြစ်မှာ စိုးရိမ်ရသည် မဟုတ်လား ။
ထင်ရှားဇော်ကိုတော့ ရဲရင့် အားကျမိပါသည် ။ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ စိတ်ကို ပိုင်စိုးထားသူ ၊ သူ မြတ်နိုးရသည့် မိန်းကလေးရဲ့ ပထမဦးစားပေးနေရာမှာရှိသူ ။ သည်အညာသား အရင်ဘဝက ဘာကောင်းမှုကုသိုလ်တွေများ လုပ်ခဲ့ပါလိမ့်လေ ။
" ကိုရဲရင့် ပြန်တော့မှာလား ။ ကျွန်တော် လိုက်ခဲ့မယ် "
" နင်ပြောတော့ ညနေထိ နေမှာဆို "
" မနေတော့ဘူး ။ ငါ နောက်ရက်မှ ထပ်လာခဲ့မယ် ။ နင်လဲ ဂျူတီမရှိတုန်းလေး နားပေါ့ "
စောစောက ခိုးငေးနေရသည့် အပြုံးလေး ညှိုးကျသွား၏ ။ မျက်ဝန်းဝိုင်းလေးတွေလည်း အပြင်က မိုးသားတွေလို အရောင်မှိုင်းသွားတာမြင်ရသည့်အခါ သူ့ကိုယ်သူ အပြစ်မကင်းသလို ရဲရင့် ခံစားလိုက်ရသည် ။ သူ့ကိုသာ မတွေ့လျှင် ထင်ရှားဇော် စိတ်ကူးပြောင်းမှာမဟုတ် ။
သည်လိုဆို သက်လုံးပုံလေး တစ်နေကုန်ပျော်ရမှာ ။
*
မိုးက သည်တစ်ရက်လုံး ရွာမလိုလို ဟန်ပြင်ပြီး မှိုင်းလာလိုက် ပြန်လင်းသွားလိုက်နှင့် ။ ရုံးဆင်းချိန်ရောက်တဲ့အထိ တစ်ပေါက်တစ်လေမှ မကျသေးပေမဲ့ အနောက်ဘက်ကောင်းကင်မှာ တလိမ့်လိမ့်ပြေးနေသည့် တိမ်စိုင်ခဲတို့အရ သည်ညတော့ သေချာပေါက် ရွာမည့်အခြေအနေမှာ ရှိသည် ။
ဝန်ထမ်းတွေအားလုံး ပြန်သွားပြီးနောက် လင်းထွဋ် တံခါးတွေသေချာပိတ်ကာ မှန်နံရံတွေမှာတပ်ထားသည့် လိုက်ကာတွေပါ ကြိုချထားလိုက်သည် ။ မိုးရွာတဲ့အထိ စောင့်မည်ဆိုသည့် စိတ်ကူးကိုလည်းပြောင်းပြီး ကွန်ပျူတာရှေ့ ပြန်မထိုင်သေးဘဲ ရေအရင်ချိုးပစ်လိုက်၏ ။
တစ်နေကုန် တင်းကျပ်နေသည့် ရင်ဘတ်က ရေပန်းအောက် ခေါင်းထိုးလိုက်တာတောင် သက်သာမသွား။ ဆံပင်တွေကို သဘက်တစ်ထည်နှင့် ခပ်ကြမ်းကြမ်း ပွတ်တိုက်ရင်း မနေနိုင်မထိုင်နိုင် အွန်လိုင်းဖွင့်မိရာ မျှော်လင့်နေသူဆီက စာကို မတွေ့ရဘဲ မမျှော်လင့်သည့်စာကသာ စောင့်ကြိုနေသည် ။ သို့သော်လည်း ထိုစာကြောင့်ပဲ သူ စိတ်ထွက်ပေါက်တစ်ခု တွေ့သွားသလိုပင် ။
ထို့နောက် ကော်ဖီဖျော်ဖို့ ရေနွေးအိုးတည်မည့်စိတ်ကူးကို နောက်ပို့ပြီး ရဲရင့်ဆီ အရင်ဖုန်းခေါ်လိုက်သည်။ ရဲရင့် ချက်ချင်းဖုန်းမကိုင်တာကိုပင် သူ့မှာ စိတ်မရှည် ။
" ချစ်ဆုံး "
" မင့်ဖေချီးထုပ်ကို ချစ်ဆုံး "
ရဲရင့် ရယ်သံဩဩကြီးကို ဖုန်းထဲကနေ မနှစ်မြို့စွာ နားထောင်လိုက်ရသည် ။ သူ ဘာဖြစ်နေလဲဆိုတာ သကောင့်သားက မမေး ။ မမေးဘဲနှင့် သိနေသလိုမျိုးကို ရယ်နေသည် ။
" မင့်ကောင် အရင်တစ်ခါလို သောက်ချိုး ချိုးပြန်ပြီ သိလား "
ဒေါသထွက်လွယ်သူ မဟုတ်ပေမဲ့ သည်နေ့မှ စိတ်ဆတ်နေပြီး စကားလုံးကြမ်းကြမ်းတွေပါ ပြောပစ်ချင်နေသည် ။
" ဘယ်သူတုန်းကွ ငါ့ချစ်ဆုံးကို စိတ်ဆိုးအောင်လုပ်တာ "
" အောင်မျိုးမော်လေ "
အောင်မျိုးမော်ဆိုတာ သူတို့ကုမ္မဏီက ဝန်ထမ်းတော့မဟုတ် ။ Freelance လုပ်နေသည့် Architectတစ်ယောက်ပါ ။ ရဲရင့်ကတစ်ဆင့် လင်းထွဋ်နှင့်လည်း သိခဲ့ပြီး အောင်မျိုးမော်ဆီ တစ်ခါတရံ Drawing အပ်ဖြစ်သည် ။ ရွယ်တူချင်းတောင် စကားပြောလျှင် ဟုတ်ကဲ့ချင်း ထပ်နေသူက အချိန်ကျ ဘယ်တော့မှ မလေးစား ။
" မနက်ဖြန် ယူမယ်လို့ ချိန်းထားတဲ့ Drawingကို မပြီးဘူးတဲ့ ။ နောက်နှစ်ရက်လောက်နေမှ ရမယ်တဲ့ "
" ဪ နှစ်ရက်တည်းပဲကွာ ။ အဲလောက် စိတ်ဆိုးစရာ မဟုတ်ပါဘူး ။ ပြီးတော့ အဲဒီပရော့ဂျက်က သင်္ကြန်ပြီးမှ စကိုင်မဲ့ဟာမို့လား "
" ဟ .... ဘာနေနေလေ ။ ပြောထားတဲ့နေ့ ပြီးအောင် လုပ်ရမှာက သူ့တာဝန်ပဲ ။ ဘယ်တော့ဖြစ်ဖြစ် အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်ဘူး ။ နေ့ရွှေ့ညရွှေ့နဲ့ "
" အင်း ... မင်း အခု စိတ်ဆိုးနေတာ အောင်မျိုးမော်ကိုပေါ့ ။ ငါက တခြားတစ်ယောက်ထင်နေတာ "
အောင်မျိုးမော်အကြောင်း ပြောနေပါတယ်ဆိုမှ ။ ဘယ်သူရှိရဦးမှာလဲ ။
" ငါပြောပြမယ် ။ အဲဒီလောက် ပုံကတော့ ငါ့ဟာငါလဲ ဆွဲတတ်တယ် ။ ဒါပေမဲ့ Civil အင်ယာတွေက စည်းမစောင့်ဘူး ။ Ethic မရှိဘူး ။ Archi တွေရဲ့ အလုပ်ကိုလဲ လုပြီးလုပ်တယ်ဆိုတဲ့ ရိလုံးထေ့လုံးတွေ မကြားချင်လို့ သူတို့ဆီမှာ အပ်နေတာ ။ ဒါပေမဲ့ သူတို့ ဆွဲပေးမှ ငါတို့က ဆောက်လို့ရမယ်ဆိုတဲ့ ပုံစံတော့ လာမချိုးနဲ့ ။ Architectကလဲ ဒီနိုင်ငံမှာ သူတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး ။ နောက်ဆို အလုပ်ကို အလုပ်နဲ့တူအောင်လုပ်လို့ ပြောထား ။ အချိန်မလေးစားတာမျိုး ငါဘယ်လောက်မုန်းလဲ မင်း သိပါတယ် "
" အေးပါ အေးပါ .... ငါ ပြောလိုက်ပါ့မယ် "
" အေး .... ဒါပဲ အဲဒါဆို "
" နေပါဦးဟ "
ဖုန်းချမည့်လက်တွေက တားမြစ်သံကြောင့် လမ်းတစ်ဝက်မှာတင် နောက်ပြန်ဆုတ်လိုက်ရသည် ။
" ငါ ဒီနေ့ ချုပ်ရိုးဖြည်ခဲ့ပြီ "
" ဟုတ်လား "
လွန်ခဲ့တဲ့သုံးရက်လောက်ကတော့ ရဲရင့် ချုပ်ရိုးဖြည်တဲ့နေ့ကျ သူ လိုက်ခဲ့ပေးမည်ဟု ပြောထားပြီး တကယ်တမ်းကျ မအားတာနှင့် မေ့တောင်နေသည် ။ဖြည်လာပြီဆိုတော့လည်း ကောင်းတာပါပဲ ။
" မင်း တစ်ယောက်တည်း သွားလိုက်တာလား "
" အေး .... ဆေးရုံမှာ ထင်ရှားနဲ့တောင် တွေ့ခဲ့သေးတယ် ။ သက်လုံးပုံဆီ အလည်လာတာတဲ့ "
ဪ ဟုတောင် မပြောနိုင် ။ လက်ထဲက ဖုန်းကိုသာ ဖိညှစ်ဆုပ်ထားလိုက်ရသည် ။ ရက်ခုနှစ်ဆယ်လုံး သူနှင့် အတူရှိချင်သည်ဟု ပြောထားသူက အခုကျ သူ့ဆီ ခဏတောင် မျက်နှာလာမပြပါဘဲ တခြားတစ်ယောက်ဆီ ရောက်နေသတဲ့လား ။
" သူ မင်းအိမ်မှာ မနေတော့ဘူးဆို "
" အင်း "
" သက်လုံးပုံနဲ့အတူတူ ညနေစာပါစားပြီးမှ ပြန်မယ်ထင်တယ် "
" ငါနဲ့ ဘာဆိုင်လို့ လာပြောနေတာတုန်း "
" ဪ .... မဆိုင်ဘူးလား ။ ငါက ဆိုင်တယ်ထင်လို့ ပြောမိတာကွာ ။ ဆောရီး ဆောရီး "
ဘုန်းကြီး ခေါင်းခေါက်ပြီးတော့ ကန်တော့ ကန်တော့ လုပ်သလိုမျိုးပဲ ။ တမင်တကာ သူ့စိတ်ကို လာဆွပြီးမှ ဆောရီးပြောနေသည် ။
" မင်းဖေ အောင်မျိုးမော်ကိုသာ ပြောဖြစ်အောင် ပြောလိုက် ။ ဒီတစ်ခါ နောက်ဆုံးပဲလို့ ။ နောက် ဘယ်တော့မှ သူနဲ့ လက်မတွဲဘူးလို့ "
" ကျစ်ကျစ် .... သနားလိုက်တာကွာ "
" ဘယ်သူ့ကိုတုန်း "
" ဪ ... အောင်မျိုးမော်ကိုပါ "
" သနားရင် သေလိုက် "
ရဲရင့်ရယ်သံက သည်တစ်ခါ ပိုကျယ်သည် ။ နားကြားပြင်းကတ်စရာကောင်းလိုက်သည့်ဖြစ်ခြင်း ။ စိတ်မှန်းနှင့်ပင် ရဲရင့်မျက်ခွက်ကြီးကို လက်သီးနှင့် ပယ်ပယ်နယ်နယ် ထိုးပစ်မိ၏ ။
သည်လိုနှင့် ရေနွေးအိုးလည်း မတည်ဖြစ် ။ ကော်ဖီလည်း မသောက်ဖြစ် ။ Mickey Mouse ပုံလေးတွေပါသည့် အနက်ရောင်ညအိပ်ဝမ်းဆက်တစ်စုံဝတ်ပြီး ကွန်ပျူတာရှေ့ ပြန်ထိုင်ဖြစ်သည် ။
တစ်နာရီ ... နှစ်နာရီ .... သုံးနာရီ ...
စိတ်မပါ လက်မပါဖြစ်နေတော့ အလုပ်လုပ်ရတာလည်း ရှေ့ကိုမရောက် ။ အိပ်ခန်းထဲသွားပြီး ခုတင်ပေါ် ခြေပစ်လက်ပစ် လှဲချမိသည် ။ ထိုစဉ် ရဲရင့် ဖုန်းထပ်ဆက်လာပြန်သည် ။
" ဒီည ကုမ္မဏီမှာ အိပ်တာမို့လား "
" အေး "
" ငါ မင်းအတွက် လက်ဆောင်ထုပ်ချထားခဲ့တယ် "
" ဘာလက်ဆောင်တုန်း "
လက်ဆောင်ပေးရအောင် ရဲရင့်က ဘယ်မှသွားတာလည်းမဟုတ် ။ စားစရာတစ်ခုခုများ ချိတ်ထားခဲ့သလား ။
" ထွက်ယူလိုက်ကွာ ။ ဒါနဲ့ မိုးကရွာတော့မယ် ။ ငါ မစောင့်တော့ဘူး သွားပြီ "
ဖုန်းမချခင် ကားစက်နှိုးသံပါ ကြားလိုက်ရသည် ။ ညကြီးမင်းကြီးတော့ ရဲရင့် သည်အထိလာပြီး စနေတာ မဖြစ်နိုင် ။ ထို့ကြောင့် ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ အောက်ထပ်ဆင်းပြီး အပြင်မီးတွေပါ ဖွင့်လိုက်သည် ။
မဟုတ်တော့လည်း ရဲရင့်ကို ဆဲရုံပေါ့ ။
တံခါးဖွင့်ပြီး အဆောက်အဦးအပြင်ကို ခြေချလိုက်သည်နှင့်တပြိုင်နက် မိုးသက်လေလေးက သူ့ကိုယ်ပေါ် တိုးဝေ့လာ၏ ။ အေးခနဲဖြစ်သွားသည့် ခံစားမှုနှင့်အတူ လက်နှစ်ဖက်ကို ပိုက်ထားမိသည် ။
ကောင်းကင်မှာ ကြယ်ရောင်မရှိ ။ လျှပ်ရောင် တချက်တချက် ပေါ်လာတတ်သည် ။ ရုတ်တရက်ကြားလိုက်ရသည့် မိုးခြိမ်းသံကြောင့် ကျောပါ တွန့်သွား၏ ။ စိန်ပန်းရွက်တွေကတော့ လေတချက်ဝေ့တိုင်း တဖြုတ်ဖြုတ်ကြွေကျလျက်ရှိသည် ။
တံခါးပြေးဖွင့်မည်ဟု စိတ်ကူးပြီးမှ အဝင်လမ်းရဲ့ ဘေးတစ်ဖက်မှာရှိသည့် ပန်းအိုးနှင့် စိုက်ထားသော ကျောက်ပန်းပင်ပေါ်မှာ ပင့်ကူအိမ်တစ်ခုရှိနေတာကို လင်းထွဋ် သတိထားမိသည် ။ ပင့်ကူအိမ်ရဲ့ အလယ်မှာ ပင့်ကူတစ်ကောင်ရှိပြီး ကျောက်ပန်းခက်တွေကို သူ့အမွှေးအမျှင်များဖြင့် ဟိုဟိုသည်သည်တွယ်ဆက်ကာ တည်ဆောက်ထားခြင်းပင် ။
မိုးမရွာခင် သည်ပန်းအိုးကို အထဲရွှေ့ထားရမည် ။ ဒါမှသာ ပင့်ကူအိမ်လေး ပျက်စီးမသွားမှာ ။
ပန်းအိုး မရွှေ့ခင် သံတံခါးကို လှမ်းကြည့်တော့ ဘာအထုပ်မှ ချိတ်ထားတာ မရှိ ။ သို့ပေမဲ့ လမ်းမီးတိုင်ဆီက အလင်းရောင်နှင့် အုတ်ခုံတစ်ခုပေါ်မှာ လူတစ်ယောက် ကျောပေးလျက် ထိုင်နေတာကို တွေ့ရသည် ။
လူတစ်ယောက် ။ တိတိကျကျ ဆိုရလျှင် ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်မှာလွယ်ထားပြီး ခရီးဆောင်အိတ်ကို ဘေးမှာချကာ သူတို့ Pinnacle ဝင်းကို ကျောပေးထိုင်နေသည့် လူတစ်ယောက် ။ တီရှပ်အဖြူပွပွနှင့် ကာကီရောင်ဘောင်းဘီတိုကို ဝတ်ထားသည် ။ ရှင်းလင်းနေသည့် ဂုတ်သားဝင်းဝင်းအထက်က မွှေးညင်းနုလေးများကိုပါ လမ်းမီးနှင့် မြင်နေရ၏ ။
သည်ညအတွက် ပထမဆုံးအကြိမ် လင်းထွဋ် ပြုံးမိသွားခြင်း ။ ကျောပေးထားသည့်လူ မမြင်ခင်တော့ ထိုအပြုံးကို ပြန်ဝှက်ထားလိုက်၏ ။
လင်းထွဋ် ထွက်လာမှန်းသိတာတောင် လှည့်မကြည့် ။ ရှေ့တည့်တည့်က သွားရပ်မှ မော့ကြည့်သည် ။ မှုန်ကုပ်ကုပ်မျက်နှာက အခုချိန်ထိ စိတ်ဆိုးနေပါသည်ပေါ့ ။
" ဘာထိုင်လုပ်နေတာလဲ ဒီမှာ "
" မှတ်မိလား မမှတ်မိဘူးလား အရင်ဖြေ "
မေးခွန်းကို မဖြေဘဲ မေးခွန်းပြန်ထုတ်လာ၏ ။ ကျောင်းစာမေးပွဲသာဆို သည်ကျောင်းသား အမှတ်ရမည်မဟုတ် ။ သို့ပေမဲ့ သည်ဆရာကတော့ မျက်နှာလိုက်တတ်သူမို့ အမှတ်ပြည့်သာ ပေးလိုက်ပါမည် ။
အပြင်မှာ မိုးရွာတော့မည်ဆိုပေမဲ့ လင်းထွဋ်ရင်ထဲမှာတော့ အခုမှ နေရောင်ထွက်လာသလို အလင်းတန်းလေးတွေ ဖြာကျလာ၏ ။
သူ့ဘဝရဲ့ နေရောင်ခြည်လေး သို့မဟုတ် ကိုကို့ရဲ့ ညီငယ်လေး ။
ညီငယ်လေးနှင့် ပထမဆုံးအနမ်းကို ကိုကိုက မေ့စရာလားလေ ။
" မှတ်မိတယ် ။ မှတ်မိတယ် ။ ရပြီလား "
#PoPoPhoenix
*
*
{ A/N - ဒီတစ်ပိုင်းက တိုပါတယ် ။ မီးတွေ တအားပြတ်နေတော့ batteryချွေတာနေရလို့ပါ ။ နောက်တစ်ပိုင်းကို သီးသန့်ခွဲရေးချင်တာလဲ ပါပါတယ် hee
နယ်မြေအခြေအနေကောင်းရင်တော့ တနင်္ဂနွေနေ့မှာ ပြန်တွေ့မယ်နော်
See you 🌌 }