ခပ်ကြီးကြီးလက်ဆွဲ ခရီးဆောင်အိတ်ကို ကားနောက်နားမှာချပြီးနောက် ကားနောက်ဖုံးကိုဖွင့်ရင်း လှမ်းပြုံးပြလာသူဂျုံးဂု။ ဒူးအတိဘောင်းဘီတိုနဲ့ ဟာဝိုင်အီရှပ်အကွက်လက်တိုကို စိတ်လိုလက်ရဝတ်ထားပြီး ဦးထုပ်အဝိုင်းနဲ့ နေကာမျက်မှန်ကို အကျအနတပ်ဆင်ထားသေးတဲ့ ကိုယ်တော်ချောက ထယ်ယောင်းတို့ပိုင်တဲ့ ကမ်းခြေresortလေးကို သွားမယ်ဆိုတဲ့ အစီအစဉ်ဖြင့်။ ကောက်ကာငင်ကာရုတ်တရက်ကြီး စီစဉ်လိုက်ပုံက ထယ်ယောင်းကိုယ်တိုင် ဘာမှပြင်ဆင်ချိန်မရလိုက်။ 'ကို အလုပ်မရှိတော့ဘူးဆိုတော့ အပန်းဖြေ ထယ်ယောင်းမေမေဆီသွားရအောင်' ဆိုကာ ညတွင်းချင်း စီစဉ်လိုက်သူ အမောင်ဂျုံးဂုပါပင်။
" ဘေဘီ့ဟာက ဒါပဲလား။ လမ်းမှာ ဘေဘီ့အမေအတွက် လက်ဆောင်ဝယ်ထားတာတွေ ဝင်ယူရအုံးမယ်နော်။ ဟိုမှာက ပူလား အုန်းသီးတွေတော့ ပေါမှာပေါ့နော် ။ ကိုက အုန်းရည်ဆို ကြိုက်တယ် "
စကားကို ရေပက်မဝင်အောင်ပြောနေတဲ့ ဂျုံးဂုကို ထယ်ယောင်း ဘယ်ကစဖြေရမယ်ပင်မသိ။ အရမ်းကိုတက်ကြွနေတာမဟုတ်ဘူးလား။
" ဟိုရောက်ရင် ဘေဘီလို့ မခေါ်နဲ့ "
မျက်လုံးစစနဲ့ ပြောလာတဲ့ထယ်ယောင်းကို ဂျုံးဂု အသဲယားသလို ပါးကိုဆွဲညှစ်လိုက်တယ်။
" ဘာလို့ "
" အမေ့ရှေ့မှာလေ သေချင်လို့လား "
" အခုက ယောက္ခမကြီးနဲ့သွားတွေ့မှာပဲကို "
" ဟ! အဲ့လိုဆို မသွားဘူးနော် "
အထိတ်တလန့်ဖြစ်သွားပုံရတဲ့ မက်မွန်းသီးလေးကြောင့် ဂျုံးဂု အူလှိုက်သဲလှိုက်ရယ်မိသွားသည်။
" ကိုက စတာပါ။ တစ်ချိန်ချိန်ပေါ့။ ထယ်ယောင်းအဆင်သင့်ဖြစ်တဲ့အချိန်ကျမှ ပြောကြမယ် "
ထယ်ယောင်းလက်ဖဝါးလေးကို ဂျုံးဂု ဆုပ်ကိုင်လိုက်တဲ့အခါ နွေးနွေးလေးပြုံးကာ ခေါင်းညိတ်ပြသူ အကြင်နာငယ်။ တလောကလုံးမှာ ဒီကောင်လေးတစ်ယောက်ကိုပဲ ဂျုံးဂု မက်မောရတာ။
" လာပြီ လာပြီ နောက်ကျနေပြီလား! "
ခရီးဆောင်အိတ်ကြီးဆွဲကာ ကပြာကယာအပြေးရောက်လာသူက အစ်မချယ်ယောင်း။ အမောဖြေသလို ထယ်ယောင်းပုခုံးပေါ်လက်တင်ကာ လက်ဝါးနဲ့ယက်ခပ်နေတဲ့ အစ်မဖြစ်သူကို ဂျုံးဂုက မျက်လုံးပြူးကြည့်သည်။
