" မင်းကတော့ ပြဿနာအိုးပဲ ၊ မြီးရွာမှာ ပြဿနာရှာရတာ မဝလို့လား "" ဟုတ်တယ် "
ဘောက်ဆတ်ဆတ်နှင့် ပြန်ဖြေလာသူကို ချစ်သော ခေါင်းသာပြေးခေါက်လိုက်ချင်သည်။ မြီးရွာမှာ ထိပ်တုံးခတ်ခံရသည်ကို မတင်းတိမ်နိုင်သေးသည်ထင်၏။ အိမ်သူရွာအထိပင် ထိပ်တုံးလာအခတ်ခံနေသေးသည်။
" သူကြီးကော.. "
" ရွာထဲသွားတယ် "
" အဲ့ဒါကိုမင်းကဘာရပ်လုပ်နေတာလည်း ၊ ထိပ်တုံးဖြုတ်ပေးလေ "
" ဘယ်မလည်းသော့ "
" မင်းမှာမရှိဘူးလား "
" မရှိဘူး.. "
" သောက်သူကြီးသား.. "
" ငါလုပ်ရင် သေဦးမယ် "
ချစ်သောမှာထိုသို့ဆိုရင်းပင် ဓနသွေးကိုနရင်းအုပ်ချပစ်၏။
" ဗိုက်ဆာတယ် "
" ဟင်းမရှိဘူး.. "
" ဟာ.. "
" မေမေကမနက်ကတည်းက မြို့တက်သွားတာ ၊ မင်းကိုငါမပြောထားဘူးလား ၊ ငါဒီနေ့မင်းတို့အိမ်ထမင်းလာစားမယ်လို့ "
" ခေါက်ဆွဲထုပ်ရှိတယ်မလား ၊ ဖျော်ပေး "
" အေး .. ခဏစောင့် "
ချစ်သောမှာ မီးဖိုချောင်ဘက်သို့ဝင်သွားပြီဖြစ်ရာ ထိုအချိန်၌ခြံထဲသို့ မောင်းဝင်လာသည့်ဆိုင်ကယ်မှာ မောင်တုတ်ဖြစ်၏။
" ရိုးရာ... မောင်ဗိုက်ဆာတယ် "
မောင်တုတ်မှာ ဆိုင်ကယ်ပေါ်မှဆင်းသည်နှင့် ဓနသွေးရှိရာသို့လာကာ နရင်းအုပ်ချပစ်တော့၏။
" ရိုးရာကလည်း.. "
" မင်းပြောတော့ ဥဩရဲ့ပစ္စည်းတွေသွားသိမ်းမှာဆို.. "
" ဒီကအပြန်ဝင်သိမ်းမလို့ဘဲကို.. "
" ရှေး.. ခေါက်ဆွဲသောက်ဦးမလား ၊ ငါဖျော်လိုက်မယ် "
" အင်း.. ငါကူပေးမယ် "
မောင်တုတ်မှာထိုသို့ဆိုရင်း မီးဖိုချောင်ထဲသို့ လိုက်ဝင်သွားပြီဖြစ်ရာ ဓနသွေးမှာ နရင်းအုပ်ခံလိုက်ရသည့်နေရာကိုသာ ပွတ်သပ်နေတော့၏။
