Chapter Minus 24
‘တုံးချက်က ကမ်းကုန်ပဲ’
သူများရဲ့ ပြောစကား သုံးလေးခွန်းကြောင့်နဲ့ နောက်နှစ်ဆယ့်လေးနာရီတိုင် နာကျင်မှုဒဏ်တွေက အချိန်ထပ်တိုးပေဦးမည်။ သူ တကယ်ကို တုံးလွန်းတာပဲ။
နေ့သစ်တစ်ရက်၊ နေမင်းမှာ အပြင်ဘက်ရှိ ကောင်းကင်ယံထက် မြင့်မားစွာ ချိတ်ဆွဲလျက် ရှိလို့နေ၏။ ရှန်ထင်းမျန် မျက်တောင်မခတ်ဘဲ မျက်နှာကြက်ကိုသာ ငေးကြောင်ကြောင် စိုက်ကြည့်နေမိသည်။
ပျက်စီးယိုယွင်းနေတဲ့ ဦးနှောက်ကို အသုံးပြုလို့ သူ ကြိုးစားပြီး စဥ်းစားနေ၏။ မနက်တိုင်းလိုလို အဓိပ္ပာယ်မဲ့ကာ လက်ဆုပ်လက်ကိုင်ပြလို့ မရတဲ့ အခြေအနေမှ ရုန်းထွက်ပြီး ပုံမှန်လူတစ်ယောက်အဖြစ် ပြန်တည်ဆောက်နိုင်ဖို့ အခုလို ဗလာကျင်းနေတဲ့ အချိန်အခိုက်အတန့်တစ်ခု သူ့အတွက် လိုအပ်လေသည်။
နှစ့်ဆယ့်လေးနာရီ ထပ်ပြီး အသက်ရှင်နေရဦးမဲ့ ခံစားချက်က အင်မတန် ဆိုးရွားလွန်း၏။
‘မဟုတ်ဘူး.. နှစ့်ဆယ့်လေးနာရီ မဟုတ်ဘူး.. ဒီနေ့.. ဒီနေ့တော့ သေချာပေါက်’
သူ့ခမျာ မိုးလင်းတော့မှ အိပ်စက်ခွင့် ရရှာ၏။ ဒီတစ်ခေါက်လည်း ချွင်းချက် မရှိ၊ တစ်နာရီ၊ နှစ်နာရီလောက်ပဲ အိပ်လို့ ရခဲ့သည်။ အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်ကြာ အိပ်ခဲ့ရလဲကို ရေတွက်ဖို့လည်း သူ စိတ်မဝင်စားတော့။
အသက်ရှင်သန်နေရခြင်းက စိတ်ပိုင်းဆိုင်ရာအတွက် အတိုင်းထက်အလွန် နှိပ်စက်မှု တစ်ခုသာ။
သူ မနေ့ညက စောင်အောက်ထဲ ငိုဖြစ်ခဲ့သည်။၊ ပျို့အန်ထွက်တဲ့အထိ ငိုခဲ့၏။ အခုလို သတ်သေတဲ့အနေနဲ့ ငိုတာမျိုးက ပေါက်ထွက်မတတ် ခေါင်းကိုက်စေပေမဲ့ သေသွားဖို့အထိတော့ မလုံလောက်သေးချေ။ တကယ်လို့ အလွန်အကျူး ငိုတာကသာ သေသွားစေနိုင်တယ်ဆိုရင် သူ အစောကတည်းက သေပြီးတာ ကြာလောက်ပြီ။ သူ စောင်ခေါင်းမြီးခြုံပြီး နာကျင်မှု လျော့လို့လျော့ငြား ကြိုးစားမိ၏။ ဘယ်လောက်မှ အကျိုးသက်ရောက်မှု မရှိပေမဲ့လည်း သူကတော့ အကြိမ်တိုင်း ကျင့်သားရစွာ လုပ်နေမိမြဲ။
