Uni
ငုဝါမောင်မောင် နက်ရှိုင်းအောင်၏ လက်လေးအားတွဲကာ ညစာစားရန် အောက်သို့ဆင်းလာလိုက်သည်။ အိမ်တော်ကိုစရောက်ချင်းဖြစ်၍ အနည်းငယ်ကြောက်နေမိသည်ကတော့ ငြင်းမရပေ။ ထို့ကြောင့်
နက်ရှိုင်းအောင်၏အနားတွင်သာ ကပ်တွယ်နေမိသည်။ထမင်းစားခန်းထဲဝင်လိုက်တော့ နက်ရှိုင်းအောင်၏ အဖေနှင့်အမေက ရောက်နေကြပြီးဖြစ်သည်။
" သားလေးတို့ကိုစောင့်နေတာ လာလာ "
နက်ရှိုင်းအောင်၏ အမေက မိမိအား အားရဝမ်းသာကြိုဆိုသည့်အတွက် ကြောက်စိတ်တို့အနည်းငယ်ပြေသွားရ၏။ ထို့နောက် အန်တီလက်လှမ်းခေါ်ရာ အန်တီ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ နက်ရှိုင်းအောင်ကတော့ မိမိ၏ဘေးတွင်ဝင်ထိုင်၏။
" သားလေး ဘာမှအားမနာနဲ့နော် မေမေ့ကိုလဲ အမေအရင်းတစ်ယောက်လို သဘောထားနော် "
" ဟုတ်ကဲ့ပါ အန်တီ "
" အယ်တော် မကြာခင်ဘဲ အိမ်ကသားကြီးနဲ့လက်ထပ်တော့မယ် အန်တီလို့မခေါ်ပါနဲ့ မေမေလို့ခေါ်ပါကွယ် "
အန်တီ့၏စကားကြောင့် ငုဝါမောင်မောင် ရှက်ကာ မျက်နှာများနီရဲလာတော့သည်။
နက်ရှိုင်းအောင်မိမိအမေနှင့် ချစ်ရသူအဆင်ပြေနေတာမြင်ရသည့်အတွက် စိတ်ထဲကြည်နူးမိသည်ကတော့အမှန်ပေ။
" မြရယ် ကလေးရှက်နေပြီ "
" ဟယ်...ဘာရှက်စရာရှိလို့တုန်းကွယ် မေမေလို့ခေါ်တာရှက်စရာမှမဟုတ်တာ စား စား ကောင်းကောင်းစားနော်ကလေး "
" ဟုတ်မေ...မေမေ "
" အမလေး အူယားစရာလေး ငါ့သားကဘယ်ဆိုးလို့လဲ သမက်လှလှလေးရွေးတတ်သားဘဲ ကလေးကိုဟင်းတွေထည့်ပေးလိုက် "
ဒေါ်မြလေဒီ စကားကို ချိုသာ ပိုသာစွာပြောလိုက်ပြီး တဖက်သို့ မျက်နှာလေးလှည့်ကာ ရှုံ့မဲ့လိုက်မိသည်။
နက်ရှိုင်းအောင် မျက်နှာလေးများရဲကာ မိမိအားရှက်ပြုံးလေးပြုံး၍ မခို့တရို့လေးကြည့်နေသည့် သူလေးအားအသည်းယားလာရသည်။ ထို့ကြောင့် ညရောက်မှတွေ့မည်ဟု ကြိမ်းမှတ်ထားလိုက်တော့သည်။
