နွေရာသီကျောင်းပိတ်ရက်ရှည်များ ကုန်ဆုံးခဲ့ပြီဖြစ်ရာ ဆောင်းဦးရဲ့ အငွေ့အသက်တွေနဲ့အတူ ချောင်ဒမ်းအထက်တန်းကျောင်းရဲ့ စာသင်ခန်းတွေသည်လည်းပြန်လည်အသက်ဝင်လာခဲ့သည်။
မနက်ခင်းရဲ့လေအဝှေ့ကချမ်းစီးနေပေမယ့် ကျောင်းဝန်းထဲ ဟိုဟိုသည်သည်သွားလာနေတဲ့ ကျောင်းသားတွေကတော့ ပျားများသဖွယ်ပင်။
"ကိုကို ခဏစောင့်ဦး!!'
ထွက်ပေါ်လာတဲ့အသံစူးစူးကြောင့် ဆောင်းဟွန်းသည်လမ်းလျှောက်နေရာမှတုံ့ခနဲရပ်သွားရင်း အနောက်သို့လှည့်ကြည့်မိသည်။
ဒရောသောပါးပြေးလာနေသူမှာ သူ့ရဲ့နှစ်ယောက်မရှိတဲ့ ညီမလေးပတ်ရယ်ဂျီ။
"ကျောင်းတူတူသွားပါမယ်ဆိုနေမှ ဘာလို့မစောင့်တာလဲ"
"နင်ကနှေးတုံ့နှေးတုံ့လုပ်နေတာကိုး။ ပြီးတော့ ငါကကျောင်းသားဥက္ကဌ စောစောလာရမှာ နင့်ကြောင့်နောက်ကျကုန်ပြီ"
ရယ်ဂျီကနှုတ်ခမ်းစူလိုက်ရင်း တစ်ပါတည်း မျက်စောင်းပါအစစ်ထိုးပစ်လိုက်တယ်။
စာအုပ်ကြီးဖြစ်နေတဲ့ သူ့ရဲ့ဒီအစ်ကိုကိုဘယ်လိုကိုင်တွယ်ရမလဲကိုမသိတော့ဘူး။
"တစ်ရက်တစ်လေနောက်ကျတော့ဘာဖြစ်မှာမို့လို့လဲ ကိုယ့်ညီမလေးက အခုမှအထက်တန်းစတက်မှာကို ဂရုစိုက်မယ်မရှိဘူး ဟွန့်"
ဘေးချင်းယှဉ်လျှောက်နေရာမှ ရယ်ဂျီက ဆောင်းဟွန်းလက်မောင်းအား ပခုံးဖြင့်ယှဉ်တိုက်ပစ်လိုက်ရင်း မကျေနပ်ကြောင်းကိုထုတ်ပြလို့လာတယ်။
အဲ့ဒီနောက် ခေါင်းနဲ့ပါတိုက်ဖို့ပြင်လာတာကြောင့် ဆောင်းဟွန်းကခေါင်းကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ တွန်းထုတ်ရင်း,
"စကားမများနဲ့ ကိုယ့်အခန်းကိုယ်သွားတော့ ငါရုံးခန်းသွားရဦးမှာ"
ပြောပြောဆိုဆိုနဲ့ ဆောင်းဟွန်းကအထက်တန်းနောက်ဆုံးနှစ်တွေရှိတဲ့ လေးထပ်မြောက်ကိုသွားဖို့အတွက် လှေကားဆီကိုဦးတည်သွားရင်း ပျောက်ကွယ်သွားတော့တယ်။
ရယ်ဂျီတစ်ယောက် ဘာမှမတတ်နိုင်ဘဲ မကျေနပ်တဲ့နှာမှုတ်သံတစ်ခုကိုပဲထုတ်လွှတ်ပြီး ကျန်ခဲ့ရတာပေါ့။
