ရေဖြင့် ရွဲစိုနေသော ခန္ဓာကိုယ်နှစ်ခုသည် နေရောင်အောက်တွင် ရှိနေသည်။ ကျောက်ခဲတစ်ချို့ဟာ သူတို့ခန္ဓာကိုယ်မှ စီးကျသည့် ရေကြောင့်စိုစွတ်သွားသည်။
"ကိုယ့်နောက် ဆက်လိုက်ရင် စုမှားလိမ့်မယ်။"
"ဒါကလည်း စုရဲ့ရွေးချယ်မှု။ စု ဖိုးသားနဲ့အတူရှိနေချင်တယ်။"
"သေချာလား......"
ခေါင်းငြိမ့်ပြလိုက်သည်။
မနက်ဖြန်ဆို ခွဲခွာလိုက်ရမည့် သူ့ကို စုမခွဲခွာချင်သေး။
သူနဲ့အတူရှိနေချင်တာကြောင့် ရှေ့ဆက်လျှောက်သွားသည့် သူ့နောက်ကို လိုက်သွားသည်။ သူဝင်သွားသည့် ဘန်ဂလိုတစ်ခုက အတွင်းဘက်နံရံတွေဟာ စုနေထိုင်ရာအခန်းနဲ့မတူ။ ပန်းရောင်သန်းနေသည့် နံရံတွေက မတွေးချင်ပေမယ့် စုအကြိုက်ဆုံးအရောင်ဖြစ်သည်မို့။
ပါးပြင်ပေါ်က မျက်ရည် စီးကြောင်းက ဆက်တိုက်ကျဆင်းလို့လာနေသည်။ မိန်းမသားတစ်ယောက်ရဲ့ ဆဌမအာရုံစွမ်းနဲ့ အလိုလိုသိနေသည့် သူ့ဘက်က ချစ်ခြင်းတရားတွေကြောင့်။
နောက်တစ်ကြိမ် ထပ်ဝေးရမှာကို ပိုနာကျင်မိတာ။
အတွေးများ၊ မျက်ရည်များနဲ့ အာရုံမရှိဖြစ်နေသည်မှာ။ ဘယ်အချိန်ထဲက စုဘက်ကို လှည့်ကြည့်နေမှန်း မသိသည့် ဖိုးသားနဲ့။ မျက်ရည်သုတ်ဖို့ရာ အပေါ်သို့ မော့ကြည့်လိုက်သည်မှာ အကြည့်ချင်းဆုံသည်။
ခေါင်းကဆံပင်တွေကအစ စိုစွတ်နေပေမယ့် ပါးပြင်ပေါ်က မျက်ရည်တွေရဲ့ စိုစွတ်မှုကို သူသိသည်။
နေရာမှာ ရပ်နေပြီး ဖြည်းဖြည်းချင်း လှမ်းလာသည့် သူ့လက်တွေက စုပါးပြင်ဆီရောက်ခါနီးမှာ။ အလိုလိုမျက်လုံးတွေမှိတ်ချ ပေးလိုက်သည်။ ဒါဟာ ဘယ်လိုအရှုံးပေးခြင်းလည်းဆိုတာ စုကိုယ်တိုင်လည်း မသိ။
သူ့လက်တွေက ဖြည်းဖြည်းချင်းနဲ့ပါးပြင်ကို ထိတွေ့လာသည့်အခါ ကျောပြင်တွေပါ အကာအကွယ်မဲ့သွားသလိုမျိုး အေးစက်တဲ့ခံစားချက်ကိုရသည်။ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး နှုတ်ခမ်းတွေကို ထိကပ်တော့လည်း ငြိမ်သက်ပေးမိဆဲဖြစ်သည်။ စုရဲ့မျက်နှာပြင်တစ်ခုလုံးကို သူက နှုတ်ခမ်းတွေနဲ့ နွေးစေသည်။
