မနက်ခင်း စောစောစီးစီးထ ရေချိုးပြင်ဆင်ပြီးတာနဲ့ မသုံးစဖူးရေမွှေးကိုပါ ဖျန်းလိုက်၏။ သူက သန့်ရှင်းသပ်ရပ်စွာနေတတ်ပေမယ့် ရေမွှေးလိုမျိုး ပစ္စည်းတွေသုံးလေ့သုံးထ တော့မရှိပေ။
Poonအိတ်ပြင်ပေးတုန်းက ထည့်လာတာမို့ ရှိနေခြင်းပင်။
မှန်ထဲမှ မိမိကိုယ်မိမိ သေသေချာချာပြန်ကြည့်ရှုစစ်ဆေးပြီး အရာအားလုံး အဆင်ပြေနေမှ အိမ်တော်ဘက်ကို ထွက်လာလိုက်သည်။
အိမ်ကြီးရဲ့ နှစ်လွှာမြှောက်က မြင်နေရတဲ့ ပြတင်းပေါက်လေးကိုလှမ်းမျှော်ကြည့်မိတော့ နှုတ်ခမ်းများက ထိန်းမရစွာ ပြုံးနေမိသည်။
သခင်လေးရဲ့ နှုတ်ခမ်းနုနုတွေရဲ့ အရသာကို သူအခုထိခံစားနေရဆဲပင်။ မျက်နှာချင်းဆိုင်ရမှာကို အနည်းငယ် စိုးရိမ်မိပေမယ့် ပွန်းက မိန်းကလေးတစ်ယောက်မှမဟုတ်တာကြောင့် ရှက်နေတာမျိုးတော့မဖြစ်မိပါ။
အိမ်ကြီးထဲရောက်လာတော့ အရင်ကလိုပဲ အိမ်အကူကောင်မလေးတွေပြင်ပေးတဲ့ ကော်ဖီနဲ့ ပေါင်မုန့်တွေကို အမြန်စားလိုက်ကာ ဂိုဒေါင်ထဲမှ ကားကို ထုတ်လိုက်ပြီး သခင်လေးအား အဆင်သင့်စောင့်ကြိုနေလိုက်သည်။
မနေ့ညက သူတို့ နမ်းနေရင်း သခင်လေးက အိပ်ပျော်သွားတာ ။ အရမ်းကိုရဲတင်းတဲ့ သခင်လေးက ပွန်းကို တစ်ပြန် ခွထိုင်ပြီး နင့်နင့်သီးသီးနမ်းရှိုက်ပြစ်တာများ အသက်အရွယ်နဲ့ပင်မလိုက်ချေ။
မနေ့ညကမြင်ကွင်းများကို ပြန်လည်တွေးတောနေရင်း မျက်နှာကပြုံးနေမိတာများ တားမရဆီးမရ။ ခေါင်းငုံ့ကာ ပြုံးနေရင်း ကြားလိုက်ရတဲ့ ခပ်အေးအေးအသံကြောင့် မော့ကြည့်လိုက်တော့ သူပူပူနွေးနွေးနနမ်းထားတဲ့ သူ့သခင်လေး ပင်။
ကျောင်းယူနီဖောင်း နဲ့ ကျောပိုးအိတ်လေး လက်တစ်ဖက်က ပျင်းရ်ိပျင်းတွဲ ဆွဲထားပုံကအစ အူယားစရာ။ စောစောစီးစီးထရလို့ စိတ်မကြည်တဲ့ ပုံလေးပေါက်နေသည့်တိုင် မျက်နှာလှလှလေးက ကြည်လင်ကာ လှပနေဆဲ။
"ပွန်း .."
ခပ်ဆောင့်ဆောင့်ထွက်လာတဲ့ အသံကြားမှ အသိဝင်ကာ -
"ဟုတ်....ဟုတ်ကဲ့ သခင်လေး "
"ဘာတွေကြောင်နေတာလဲ သွားမယ် "
ပြောပြောဆိုဆိုနဲ့ ကားအနောက်ခန်းထဲ တက်သွားကာ ကားတံခါးကို ဝုန်းခနဲပိတ်လိုက်မှ ပွန်း အတွေးတွေကိုခေါင်းထဲက ထုတ်ကာအလျင်အမြန် ကားပေါ်လိုက်တက်ရသည်။
"ကျောင်းကို မမောင်းနဲ့ တခြားနေရာကိုမောင်း"
"ဗျာ "
"မင်းကြားတဲ့အတိုင်းပဲ "
"ဟုတ်ကဲ့ ဘယ်ကိုမောင်းပေးရမလဲ သခင်လေး"
"မသိဘူး အဆင်ပြေတဲ့နေရာမောင်းလိုက် "
သူ့အမေးကို ဖြေချင်ရာဖြေပြီး မျက်လုံးစုံမှိတ်ကာ ကားနောက်ခုံကို မှီချလိုက်တဲ့ သခင်လေးကြောင့် ပွန်း ဘာမှထပ်မမေးရဲတော့ပေ။
သခင်လေးက Barတွေ Clubတွေလို နေရာမျိုးကိုပဲသွားလေ့ရှိတာမို့ အခုချိန်မှာ ဘယ်ကိုခေါ်သွားရမလဲ ပွန်းမသိ ။
မတတ်နိုင်တဲ့အဆုံး သူ့တိုက်ခန်းငယ်လေးရဲ့ အနားက ပန်းခြံလေးဆီကိုသာမောင်းလိုက်သည်။
သူဌေးရပ်ကွက်ကနေ သာမာန်လူတန်းစားတွေနေထိုင်ရာ တိုက်ခန်းတွေအထိ မောင်းရတာ အနည်းငယ်ကြာပေမယ့် သူ့သခင်လေးကတော့ လုံးဝ မေးခွန်းထုတ်မလာသလို မျက်လုံးပင်ဖွင့်မကြည့်။
ဒီအခြေအနေကို ပွန်း နားမလည်တော့ပါ။ ညက အဖြစ်အပျက်တွေကို သခင်လေးက လုံးဝ သတိမရတဲ့ပုံမို့ စိတ်မကောင်းဖြစ်မိတာအမှန်။
ပန်းခြံနားရောက်တာနဲ့ လမ်းဘေးတစ်နေရာမှာရပ်ကာ အနောက်တံခါးကိုဖွင့်ပြီး သခင်လေးအား တိုတိုးလေး နိုးလိုက်တော့မှ ထလာသည်။
အပြင်ကိုလှမ်းကြည့်လိုက်ပြီး ပန်းခြံတစ်ခုဖြစ်နေမှန်းသိတော့မှ မျက်မှောင်ကြုတ်လိုက်တာကို တွေ့ရသည်။
သို့ပေမယ့်ဘာမှတော့မပြောပဲ ကားပေါ်ကနေ ဆူပုတ်ပုတ်နဲ့ ဆင်းလာ၏။
မနက်ပိုင်းမို့ ပန်းခြံထဲမှာ လူအနည်းငယ်စည်ကားနေပြီး ခွေးပေါက်လေးတွေနဲ့လမ်းလျှောက်ထွက်လာတဲ့လူများ ၊ ကစားကွင်းသေးသေးလေးမှာဆော့နေကြတဲ့ကလေးများနဲ့ အနည်းငယ် ဆူညံနေ၏။
သခင်လေးက လူတွေနဲ့ အနည်းငယ် ဝေးတဲ့ ပန်းခြုံနားက ခုံတန်းလျားလေးတစ်ခုမှာ ဝင်ထိုင်ပြီး ပွန်းကိုပါ ဆွဲချကာထိုင်ခိုင်းသည်။
"မင်းသိလား ပွန်း ငါ့မိဘတွေက ငါ့ကို ပိုက်ဆံတွေနဲ့ပဲ အဖော်ပြုပေးနေတာ "
".."
အဝေးတစ်နေရာကို ငေးမောကာ ဆွေးဆွေးမြှေ့မြှေ့ပြောလာတဲ့ သခင်လေးကြောင့် ပွန်း အာရုံစူးစိုက်ကာနားထောင်ပေးနေလိုက်သည်။
"အချိန်တွေ နွေးထွေးမှုတွေထက် ပိုက်ဆံတွေကိုပဲ ပုံပေးနေခဲ့ပြီးမှ အခုကျ သူတို့ စိတ်ကြိုက်ပုံသွင်းချင်ကြသေးတယ် ရီရတယ်မလား"
".."
"အမေက ငါ့ကို UKမှာကျောင်းတက်ဖို့ အတင်းအကြပ် ခိုင်းနေတယ် "
".."
ထိုစကားကြောင့်ပွန်းအနည်းငယ် စိတ်မကောင်းဖြစ်မိသွားသည် ။ ပွန်းမှာလည်း မိသားစုနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာကြီးငယ်ရခဲ့ပေမယ့် ညီငယ်လေးရှိသေးတာကြောင့်ခံသာနေပြီး သခင်လေးမှာတော့ မည်သူမှ မရှိ။
"ပါး ကလည်းမတားပဲ အတင်းတိုက်တွန်းနေတယ်"
"..."
"သူတို့ကုမ္ပဏီဆိုတာကြီးကို ငါစိတ်မဝင်စားဘူး သူတို့ ငါ့ကို အရင်က လျစ်လျူရှုထားသလို ဆက်ပြီး လျစ်လျူရှုပေးလို့ ရရဲ့သားနဲ့လေ.."
"..."
"ပြီးတော့ မင်းသိလား အစက တစ်ယောက်ကိုတစ်ယောက်အချိန်မပေးနိုင်ကြလို့ ခံစားချက်တွေ အေးစက်သွားပြီး အိမ်ထောင်ရေးပြိုကွဲခဲ့ရတယ်လို့ ထင်ခဲ့ပေမယ့် တကယ်ကမဟုတ်ခဲ့ဘူး..."
".."
"သူတို့ချင်းမချစ်မနှစ်သက်ပဲ စီးပွားရေးအရ ယူထားကြပြီးမှ ကွဲကွာကြတာ အဲ့ဒါဆိုရင်လည်း သူတို့ မလိုချင်ပဲ ငါ့ကို ဘာလို့ မွေးခဲ့သေးလဲ .."
သိမ်ဝင်သွားတဲ့ အသံကြောင့် သခင်လေးရဲ့မျက်နှာကို စောင်းငဲ့ကြည့်လိုက်တော့ မျက်ဝန်းထဲမျက်ရည်စလေးတွေ အိုင်ထွန်းနေ၏။
မာနခဲ သခင်ငယ်လေးက တင်းခံထားပေမယ့် သူနဲ့အကြည့်ချင်းဆုံမိတော့ မထိန်းချုပ်နိုင်တော့ဟန်နဲ့ မျက်ရည်စက်လေးတွေက ပါးပြင်လေးအပေါ်လိမ့်ဆင်းလာသည်။
ထိုအချိန်အတွင်း ပွန်းမှာ လုပ်သင့်မလုပ်သင့် မဆင်ခြင်အားတော့ပဲ မျက်ရည်စက်တွေကို လက်နဲ့ ခပ်ဖွဖွ ပွတ်သပ်ဖယ်ရှားပေးလိုက်မိတော့ သခင်လေးက ကလေးငယ်ပမာ သူ့ရင်ခွင်ထဲ တိုးဝင်ကာ ရှိုက်ငိုသည်။
တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်ငယ်ကို ခပ်ဖွဖွပွတ်သပ်ပေးကာချော့မြူနှစ်သိမ့်ပေးနေလိုက်သည်။
အငိုသန်လေးက အားရအောင်ငိုပြီးမှ သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ကာရှက်ကိုးရှက်ကန်းဖြစ်နေ၏။
"အာ ဆောရီး ငါ မင်းကိုအနှောက်အယှက်ပေးမိသွားတယ်"
"ရပါတယ် သခင်လေး ကျွန်တော့်ကိုရင်ဖွင့်လို့ရပါတယ် စိတ်ချပါ.."
"အင်း ကျေးဇူးနော် .."
"ဟုတ်ကဲ့.."
ပန်းခြံထဲအတန်ကြာထိုင်နေကြပြီးမှ ဗိုက်ဆာကြောင်းပြောလာတဲ့ သခင်လေးကြောင့် ပန်းခြံအနီးတစ်ဝိုက်က ဈေးရှိရာဆီခေါ်သွားတော့ မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ ခင်းကျင်းထားသမျှဆိုင်လေးတွေကို တအံ့တဩငေးကြည့်နေသည်။
ဒီလိုဈေးထဲရောက်ဖူးပုံမပေါ်တဲ့ သူဌေးသားလေးက လူထူထပ်တဲ့နေရာတွေမှာလည်း မသွားတတ်ပဲကြောင်တောင်ငေးရင်း ကျန်ခဲ့နေတာမို့ ပွန်းက ပင် မရဲတရဲနဲ့ သူ့လက်ကောက်ဝတ်ကိုဆွဲယူကာခေါ်ဆောင်ရသည်။
သို့သော် သခင်လေးက ရုန်းထွက်လိုက်ပြီး သူ့လက်ချောင်းလေးတွေကို ပွန်းရဲ့ လက်ချောင်းတွေထဲယှက်ကာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာ၏။
နူးညံ့လွန်းလှတဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားရတဲ့ ပွန်း မှာ ရင်တွေအဆမတန်ခုန်လာပြီး သခင်လေး ရိပ်မိသွားမှာကိုကြောက်တာမို့ တွေ့တဲ့ ဆိုင်ထဲ အမြန်ဆွဲခေါ်လိုက်ရသည်။
မနက်စာကို ခေါက်ဆွဲပူပူစပ်စပ်လေး တရှူးတရှူးတရှဲရှဲနဲ့ နာသီးလေးတွေနီရဲနေအောင်စားနေတဲ့ သခင်လေးကြောင့် ပွန်း အသဲယားစွာ ခိုးခိုးကြည့်နေမိ၏။
မနက်စာစားပြီးတာနဲ့ ကျောင်းကိုမောင်းခိုင်းတာမို့ ပို့ပေးလိုက်ရသည်။ နောက်ခါလည်း ပန်းခြံနဲ့ ဈေးလေးကို ထပ်ပို့ပေးဖို့ အကြိမ်ကြိမ်ပြောနေသေးတာ ။
စိတ်သက်သာရာရသွားဟန်နဲ့ ပေါ့ပေါ့ပါးပါးပြန်ဖြစ်လာပေမယ့် ပြုံးတော့မပြုံးပါ။ သခင်မာနခဲလေးပြုံးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပွန်း အကြံအိုက်နေ၏။ ပွန်း .. သခင်လေးဆီက စိတ်လိုလက်ရ အပြုံးမျိုး သိပ်မြင်ဖူးချင်နေခဲ့တာ။
"ကျေးဇူးနော် ဒီနေ့အတွက် ...ငါသွားပြီ"
ကျောပိုးအိတ်ကိုဆွဲကာကျောင်းဝင်းထဲ ဝင်သွားတဲ့ သခင်လေးရဲ့ကျောပြင်ကိုငေးမောကြည့်ရင်း ပွန်း တစ်စုံတစ်ခုကို သေချာလက်ခံလိုက်သည်။
သခင်လေးငိုရင် ပွန်း ...နှစ်ဆလောက် ပိုနာကျင်နေရတယ်ဆိုတာကို သတိပြုမိပြီး နောက်မှာတော့ သခင်လေးအပေါ်ထားတဲ့ ခံစားချက်ဟာ အရင်ညက အထိအတွေ့တွေကြောင့် ခဏတာ ပျော်ဝင်နေတာမျိုးမဟုတ်ပဲ အချစ်တစ်ခုပေါက်ဖွားလာခဲ့ပြီဆိုတာ...။
-----------------------
"မနေ့ညက Clubကိုပဲမောင်းလိုက်"
ညနေကျောင်းဆင်းလို့ ကားပေါ်ရောက်တာနဲ့ အရင်လို အင်္ကျီကောက်လဲကာ ပြောလာတာကြောင့် သခင့်အလိုကျသာ Club ကို မောင်းလိုက်သည်။
ဒီနေ့တော့ဘာမှ မပြောပဲ ရောက်တာနဲ့ အထဲကိုတန်းဝင်သွားတာကြောင့် ပွန်း ကားပေါ်မှာသာစောင့်နေစဉ် Poonဆီက ဖုန်းဝင်လာ၏။
"ဟယ်လို .."
*ကိုကို မေမေရောက်လာတယ် *
"ဘာ.."
ထိုစကားကြောင့်ပွန်း အနည်းငယ်လန့်သလို စိတ်လည်းပျက်မိသည်။
*ဟုတ်တယ် ပိုက်ဆံလာတောင်းတာ ကျွန်တော်ရှိတာလေးတော့ပေးလိုက်တယ် ကိုကို့ကို မေးနေတာ ကျွန်တော်က မပြောပြတော့ စိတ်တိုပြီးပြန်သွားပြီ*
"ကျစ်...ထားလိုက် ကိုကို့ဆီမှာပိုက်ဆံရှိသေးတယ် Poonသုံးဖို့ လွဲပေးလိုက်မယ် လိုတာရှိရင် ကိုကို့ကိုထပ်ပြောနော် "
*ဟုတ် *
"နောက်ခါရောက်လာရင် မပေးနဲ့ ကိုကို့ကိုဖုန်းဆက်လိုက် ကြားလား "
*ဟုတ် ..*
"အွန်း အကုန်အဆင်ပြေတယ်မလား ကိုကိုဖုန်းချလိုက်တော့မယ် စောစောအိပ်နော် တစ်ခုခုဆိုချက်ချင်းဖုန်းဆက် အမေက လူစိမ်းတွေနဲ့ လာရင်ဘာကိစ္စနေနေ တံခါးမဖွင့်ပေးနဲ့ ကိုကို့ကို ဖုန်းဆက်"
*ဟုတ် *
"အွင်း အိပ်တော့ ကလေးလေး "
ဖုန်းချပြီးတာနဲ့ အသက်ခပ်ပြင်းပြင်းရှူထုတ်လိုက်မိသည်။ အမေတဲ့ ...သူများအတွက် အမေဆိုတာ ကျေးဇူးရှင် ဖြစ်သလို နားခိုရာ အေးချမ်းတဲ့အရိပ်တစ်ခုဖြစ်လိမ့်မည်။
သို့သော် ပွန်းနဲ့ ညီငယ်လေးအတွက်တော့ မဟုတ်ခဲ့။
အဖေရော အမေပါ မိဘမဲ့ဂေဟာတစ်ခုတည်းကနေ ကြီးပြင်းလာကြပြီး အရွယ်ရောက်လာတော့ လက်ထပ်လိုက်ကြတာဖြစ်၏။
အဖေ့ရဲ့ကြိုးစားမှုကြောင့် ပွန်း ၄နှစ် အရွယ်မှာ သာမန်ဝန်ထမ်းဘဝကနေ ရုန်းထွက်ကာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းသေးသေးလေးကနေ စလုပ်ပြီး အတော်အဆင်ပြေလာကြသည်။
အိမ်ပိုင်ခြံပိုင်လေး ဖြစ်လာတော့ အမေက ညီငယ်လေးကို မွေးလိုက်ဖွားပြီး သူတို့မိသားစုလေးသာသာယာယာရှိလာသည်။
သို့သော် သူတို့ရဲ့ကမ္ဘာငယ်လေးကို ပြိုကွဲစေခဲ့တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပျက်သွားခဲ့ရပြီး အဖေဖြစ်သူဟာ ဖောက်ပြန်ခံရတဲ့ စိတ်တစ်ခုတည်းနဲ့ အိပ်ယာထဲဘုန်းဘုန်းလဲကျကာ ပွန်းအသက် ၁၇နှစ်မှာပဲ ဆုံးပါးသွားတာ။
အစကတော့ လူတွေပြောတာကို ပွန်း မယုံကြည်နိုင်ပေမယ့် သိပ်ကြာကြာမနေလိုက်ပဲ ပထွေးဆိုသူကို အိမ်ပေါ်ခေါ်တင်လာတဲ့ အမေကြောင့် ပွန်းရော Poonပါ အကြီးအကျယ်စိတ်ထိခိုက်ရသည်။
ထိုလူဟာအဖေကြိုးစားတည်ထောင်ထားတဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်း ချုပ်ကိုင်လိုက်ပြီးစိတ်ကြိုက်ပြုမူနေပြီးမကြာ ကုမ္ပဏီတစ်ခုလုံး လုံးပါးပါး သွားရသည်။
လင်မယားနှစ်ယောက်လုံးလောင်းကစားစွဲလမ်းနေပြီး အဖေရဲ့ကုမ္ပဏီငယ်လေးပါ လုံးဝ ဆုံးရှုံးလိူက်ရသည်။ အမှတ်တရပေါင်းများစွာရှိခဲ့တဲ့ အဖေရဲ့ အိမ်ငယ်လေးကြောင့်ရော၊ ညီငယ်လေးကြောင့်ရော ပွန်းသည်းခံကာ နေရ၏။
အထက်တန်းအောင်တာနဲ့ အချိန်ပိုင်းအလုပ်တွေ မရပ်မနားဆက်တိုက်လုပ်ပြီး အိမ်စားရိတ်ကိုရှာဖွေရသည်။
သူတို့ညီအကိုနှစ်ယောက်ကို လုံးဝ ဂရုမစိုက်ပဲ
ပထွေးအနားကမခွာတဲ့ အမေကြောင့် စိတ်ပင်ပန်းပေမယ့် သူ့ညီငယ်လေးကြောင့် ဆက်လက်နေထိုင်ခဲ့သည်။ တစ်နေ့တော့ အိမ်ကို အကြွေးနဲ့အသိမ်းခံလိုက်ရပြီး တိုက်ခန်းကျဉ်းလေးထဲ အတူနေရပြန်သည်။ အိမ်အသုံးစားရိတ်ကအစ သူတို့လင်မယားအတွက် လောင်းကစား စားရိတ်အဆုံး အရာအားလုံးကို ပွန်းတာဝန်ယူနေခဲ့ရသည်။
အမှတ်တရတွေများစွာနဲ့ အဖေ့အိမ်ငယ်လေးက်ို တစ်နေ့တော့ ပြန်ဝယ်နိုင်ဖို့ အားခဲထားရင်း ပွန်းအလုပ်တွေကိုကြိုးစားလုပ်ကိုင်ခဲ့၏။
သို့သော် ထိုပထွေးဆိုတဲ့ လူယုတ်မာက ပွန်းအလုပ်သွားတဲ့ အချိန်တိုင်း ညီငယ်လေးကို မထိတထိတွေလုပ်နေကြောင်း သိလိုက်ရတော့ဘယ်လိုမှ ဆက်ပြီးသည်းခံမနေနိုင်တော့ပဲ ထိုလူအား ပယ်ပယ်နှယ်နှယ်ဆွဲထိုးကာ ညီငယ်လေးရဲ့လက်ကိုဆွဲပြီးအိမ်ပေါ်က ဆင်းခဲ့ကြသည်။
အမေဖြစ်သူကတော့ တားဖို့နေနေသာသာပွန်းအား
ရဲ့လက်အပ်မည်ဟုပင် ကြွေးကြော်နေခဲ့သေးတာမို့ ညီအကိုနှစ်ယောက်လုံး အမေ့ကိုပါ လှည့်မကြည့်စတမ်းထားခဲ့လိုက်သည်။
အဖေမဆုံးပါးခင်က အမေ မသိအောင်ဝယ်ပေးထားတဲ့တိုက်ခန်းလေးမှာ တိတ်တဆိတ်နေထိုင်ကြရင်း ညီငယ်လေးကို သေချာစောင့်ရှောက်နေခဲ့ပြီး သူတို့ဘဝလေးက အေးချမ်းနေခဲ့တာ။ အခုကျမှ ဘာတွေကို ထပ်မွှေဖို့ဝင်လာခဲ့လဲ ဆိုတာ နားမလည်တော့သလို စိတ်လည်းပျက်မိသည်။
ကိုယ့်အပူနဲ့ကိုယ်မို့ စိတ်ရှုပ်နေတုန်း သခင်လေးက ကောင်မလေးတစ်ယောက်နဲ့ ကားပေါ်ရောက်လာသည်။
"အိမ်ကို မမောင်းနဲ့ Condo ကိုမောင်းပေး "
ကောင်မလေးကို ပွေ့ဖက်နမ်းရှိုက်ကာ ပြောလာတဲ့ သခင်လေးကြောင့် ပွန်း ရင်ထဲ ဆစ်ခနဲ ။ သခင်လေးပြောသလို Condoကို မောင်းနေပေမယ့် ပွန်းစိတ်ထဲအဆင်မပြေပါ။
သခင်လေးနဲ့ ထိုကောင်မလေးရဲ့ ကလူကျီစယ်သံတွေက နားထဲကို သံရည်ပူတွေလောင်းထည့်ခံနေရသလိုပူလောင်နေစေသည်။
သခင်လေးရဲ့ အနမ်းတွေကို ရင်ခုန်ခဲ့မိတဲ့ မိမိကို မိမိလည်း ရှက်မိသည်။ သခင်လေးဆီက အနမ်းရတိုင်း သခင်လေးရဲ့ စိတ်ကိုရမှာမှ မဟုတ်တာ ၊ သခင်လေးဟာ နမ်းချင်တဲ့လူတိုင်းကိုနမ်းနေကျပဲမို့ ပွန်း ကိုလည်း အထွေအထူးဘာမှ တွေးနေပုံမရ။
သူ့လို ဝန်ထမ်းတစ်ယောက်ကို သခင်လေးက ဘယ်လိုလုပ်ပြီး အထူးတလည်ခံစားချက်ရှိရမှာလဲလေ။
အခုလည်း ကောင်မလေးနဲ့ အချိန်ကုန်ဆုံးဖို့ ကားမောင်းလ်ိုက်ပို့ပေးရတဲ့ ဘဝကို ရင်နာနာနဲ့သာလက်ခံလိုက်ရုံသာ..။
"ပြန်တော့နော် မနက်ဖြန် ၉နာရီလောက်မှ ပြန်လာ"
ကွန်ဒိုရောက်တာနဲ့ သခင်လေးက သူ့ကို ပြန်လွှတ်ပြီး ကောင်မလေးရဲ့ခါးကို ဆွဲဖက်ကာ အထဲကိုဝင်သွားတာကို နာကျင်စွာငေးမောနေမိခဲ့သည်။
သခင်လေးပြောသလို အိမ်တော်ဆီကိုပဲ ပြန်မောင်းနေစဉ် လမ်းတစ်ဝက်အရောက်မှာ ဖုန်းခေါ်လာတဲ့ သခင်လေးကြောင့် ကွန်ဒိုကို ပြန်လှည့်ရသည်။
သခင်လေးနဲ့ ကောင်မလေးရဲ့ ကိစ္စကို အတတ်နိုင်ဆုံးမတွေးမိအောင် ကားကိုဂရုစိုက်မောင်းရင်းရောက်သွားတော့ သခင်လေးက ကွန်ဒိုအပြင်ဘက် အရှေ့မှာရပ်စောင့်နေတာ ။
ကားထိုးရပ်လိုက်တာနဲ့ တံခါးဖွင့်ပေးဖို့ ဆင်းရန်ပြင်တုန်း သခင်လေးက ကားအရှေ့ခန်းကိုအလျင်အမြန်ဝင်ထိုင်တာကြောင့် ပွန်း ပင် ကြောင်တောင်တောင်ဖြစ်သွားသည်။
တစ်ခုခုမေးရန်ပြင်နေတုန်း သူ့မျက်နှာကိုလက်နှစ်ဖက်နဲ့ အုပ်ကိုင်ဆွဲယူကာ သူ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းရှိုက်လာတဲ့ သခင်လေးကြောင့် စိတ်လှုပ်ရှားပြီးအနည်းငယ်အံ့ဩနေပေမယ့် တွန်းထုတ်လိုက်မိသည်။
ဘာကြောင့်ရယ်မသ်ိ တခြားတစ်ယောက်နဲ့ အချိန်ကုန်ဆုံးလာတဲ့ သခင်လေးရဲ့ အနမ်းတွေကို သူမလိုချင်ပါ။
"ဘာဖြစ်တာလဲ မင်း ..."
သူ့လုပ်ရပ်ကို မယုံနိုင်စွာနဲ့ တအံ့တဩမေးလာတဲ့ သခင်လေးကြောင့်-
"ကျွန်တော်က သခင်လေးရဲ့ ဇယားတွေထဲက တစ်ယောက်မဟုတ်လို့ ဒီလိုမလုပ်ပါနဲ့ "
ပွန်း ဆီက စကားသံကြားတော့ သခင်လေးက မဲ့ပြုံး ပြုံးပြီး -
"ဘာလဲ မနေ့ညကတော့ မင်းငါ့ကိုခိုးနမ်းလို့ ငါတို့ အကြာကြီး နမ်းခဲ့သေးတယ်လေ "
သခင်လေး ထိုကိစ္စကို မေ့နေတယ်လို့ ပွန်းထင်နေခဲ့ပေမယ့် သခင်လေးကမေ့မနေပဲ မေ့ချင်ယောင်ဆောင်ပြီး သူ့ရှေ့မှာ တခြားလူနဲ့ ဖြစ်ချင်ရာဖြစ်ပြနေတာကို သိလိုက်တော့ ပွန်း အနည်းငယ်ဒေါသထွက်သွားပေမယ့် သူ့မှာဘာလုပ်ပိုင်ခွင့်မှရှိမနေချေ။
ထို့ကြောင့် စိတ်ကိုလျှော့ချကာ ကားစက်နိုးပြီး မောင်းထွက်မည်အပြု သခင်လေးက သူ့မျက်နှာကို အုပ်ကိုင်ကာ ထပ်မံနမ်းရှိုက်လာ၏။
ပွန်း အားနဲ့ရုန်းလိုက်ပြီး သခင်လေးရဲ့ လက်နှစ်ဖက်ကို ရအောင် ချုပ်ကာ -
"တွေ့သမျှလူတွေနဲ့ လိုက်နမ်းနေပြီး ကျွန်တော့်ကိုလာမထိတွေ့နဲ့ ကျွန်တော်မကြိုက်ဘူး .."
ဒေါသတကြီး ပြောလိုက်ပြီး ချူပ်ထားရာမှ တွန်းလွှတ်လိုက်သည်အထိ သခင်လေးက မျက်ခုံးတစ်ဖက်ပင့်ကာ နှုတ်ခမ်းမဲ့ပြီး သူ့အား ခပ်လှောင်လှောင်စိုက်ကြည့်နေတာကြောင့် စိတ်မထိန်းနိုင်တော့ပေ။
မာနခဲရဲ့ လည်ဂုတ်ကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ဆွဲယူကာ ဖိကပ်နမ်းပြစ်လိုက်တော့ အလိုက်သင့်ပင် ပြန်လည်တုံ့ပြန်လာ၏။
ကောင်မလေးကို နမ်းရှိုက်နေတဲ့မြင်ကွင်းတွေကိုပြန်လည် မြင်ယောင်လေလေ ဒေါသထွက်လေမို့နှုတ်ခမ်းေတွကိုပါ ကိုက်ပြစ်လိုက်ပေမယ့် မာနခဲဆီကဘာအသံမှထွက်မလာပဲ သူ့အနမ်းတွေကို အသာတကြည်သာတုံ့ပြန်နေ၏။
စိတ်ကျေနပ်သည်အထိ နမ်းပြစ်လိုက်ပြီးမှ လွှတ်ပေးလိုက်တော့ သခင်လေးရဲ့ နှုတ်ခမ်းလွှာတွေက သူကိုက်ဖြတ်ထားလို့ ပေါက်ပြီးသွေးစို့နေတဲ့အပြင် ခပ်ကြမ်းကြမ်းအနမ်းခံလိုက်ရလို့ နီရဲဖူးကြွနေသည်။
မျက်နှာလှလှကို လက်ဖဝါးနဲ့ ပွတ်သပ်ကိုင်တွယ်ကြည့်နေမိတုန်း-
"ငါတို့ တွဲကြမလား ငါမင်းကို သဘောကျတယ် ကိုကို"
"..."
______________________Tbc________________________
အရှည်ကြီးရေးပေးထားတယ်နော် နောက်နှစ်မှ အပိုင်းအသစ် ထပ်တင်ပေးတော့မယ်😛
14-JUNE-2025🧡🤍