🦊Chapter 67
Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း
5.7 - အပြင်ထွက်ပြီး လူတွေကိုမြူဆွယ်ချင်တယ်ပေါ့ ဟားဟား...ဖယောင်းတိုင်နီနီများက အခန်းထဲတွင် အရောင်လဲ့နေသည်။ အရိပ်များက ကခုန်နေပြီး အခန်းထဲမှအလှလေးသည်ကား သူမလက်ထဲရှိ သေရည်ခွက်ကို ဆော့ကစားနေပေသည်။ ဖောက်ထွင်းမြင်ရလောက်သည်အထိ ဖြူဝင်းနေသောလက်ချောင်းထိပ်လေးများက ခွက်နှုတ်ခမ်းနားလေးများကို ဖြည်းညှင်းစွာဖြင့်ပွတ်သပ်နေ၍ ကျန့်ရှောက်ရှီးမှာသူ့မျက်လုံးများကိုအဝေးသို့မလွှဲဖယ်နိုင်ဘဲ လည်ချောင်းကခြောက်ကပ်လာရသည်။
စားပွဲပေါ်သို့ ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲရောက်လာကြပြီး အစေခံလေးများက ရွှယ်လင်လက်ကို ဝှေ့ယမ်းပြလိုက်သည်နှင့် အနောက်ဆုတ်သွားခဲ့ကြ၏။ တံခါးပိတ်သွားသည်နှင့် အခန်းထဲတွင် သူတို့နှစ်ယောက်သာကျန်ရစ်ခဲ့သည်။
သူတို့နှစ်ယောက်ကြားတွင် စားပွဲတစ်လုံးသာခြားနေသော်လည်း ကျန့်ရှောက်ရှီးမှာ တဖက်လူ၏ကိုယ်ပေါ်မှ ဆန််းကြယ်သည့်အနံ့တစ်မျိုးကိုရနေပြီး ၎င်းက သူ့ကို အနည်းငယ်မျှရီဝေယစ်မူးစေသည်။ သို့သော် သူကာကွယ်ထား၍မရနိုင်မည့်အရာတစ်ခုက မလွဲမသွေဖြစ်လာတော့မလိုခံစားနေရလေ၏။
မရေရာမှုများနှင့်သံသယများ ပြည့်နှက်နေသည့်ခံစားချက်ဖြင့် သူမေးလိုက်သည်။
"ရှင်မ...မင်းကိုယ့်ကိုဘာပြောချင်လို့လဲ..."သူ့ဇနီးသည်ကစိတ်ပြောင်းသွားပြီး ရုတ်တရက် သူနှင့်အတူအိပ်ရန်ဆန္ဒရှိလာပြီဟု တွေးရလောက်သည်အထိ မနုံအသေးပေ။ ဤကာလအတွင်း သူ၏ဇနီးကို နားလည်လာပုံအရ သူမက သူ့ထံမှလိုအပ်သည့် အရာကိုတောင်းယူတတ်သောကြောင့် ဖြစ်နိုင်ချေရှစ်ဆယ်ရာခိုင်နှုန်း ရှိပေသည်။ အကြောင်းမှာ သူက ဇနီးလေးတောင်းဆိုသည့်အရာအများစုကို လက်မခံချင်ခဲ့ပေ။ အဆိုပါ အရေးမပါသည့်ကလေးတစ်ယောက်ကိုမွေးထားရန် အပါအဝင်ဖြစ်သည်။ သို့သော်လည်း သူ ထိုမျက်ဝန်းတစ်စုံဖြင့်ရင်ဆိုင်ရတိုင်း ခံစားချက်မကောင်းသည့်တိုင် လက်မခံဘဲမနေနိုင်ပေ။
