"ကိုကြီးထိုက်သူ သက်သာလားဗျ"
"အေးသက်သာပါတယ်ကွာ...မုန့်တွေ၀ယ်လာကြတာလား "
(ဟုတ်တယ်ဗျ )
"၀ယ်လာနေသေးတယ်ကွာ...အလကားအပိုကုန်အောင် ပြီးရင် မင်းတို့သူငယ်ချင်းပဲစားရမှာ"
ထိုက်သူစလိုက်တော့ သန့်ငယ်လေးက 'ကိုကြီးကလည်းဗျာ....'ဟု ရှက်ရယ်ရယ်၏။ ကျောင်းပိတ်ရက်မို့
သန့်ငယ်သူငယ်ချင်းတွေက မုန့်ထုပ်ကိုယ်စီဖြင့် လူနာလာမေးကြတာ။ ဒီကောင်လေးတွေနဲ့က သန့်ငယ်သူငယ်တန်းစတက်ကတည်းကပေါင်းလာတဲ့
ငယ်သူငယ်ချင်းအရင်းကြီးတွေမို့ အားလုံးကအကြောင်းသိနေကြတော့သည်။
"စားပါစေကိုကြီးထိုက်သူရာ...သူစားရမယ်ဆိုတာသိလို့ သူကြိုက်တဲ့မုန့်တွေရွေး၀ယ်လာကြတာ "
"ဟား..ဟား.... ဖြစ်ရမယ်ကွာ"
တကယ်ပါပဲ...။ ထိုက်သူအတွက်လူနာလာမေးတာကို သူတို့သူငယ်ချင်းအကြိုက်မုန့်တွေရွေး၀ယ်လာကြသတဲ့...!
"ငသန့် သောကြာနေ့က သင်လိုက်တဲ့စာတွေ ငါတို့ကူကူးပေးမယ်လေ တနင်္လာနေ့ကျကျောင်းတက်မှာမလား"
"ငါမတက်..."
"တက်ရမှာပေါ့...ကျောင်းဆိုတာအကြာကြီးပျက်လို့မှ
မကောင်းတာ"
ညီညီ့အမေးအား သန့်ငယ်ပြန်ဖြေမလို့ရှိသေး ကိုကြီးကကြားဖြတ်ကာ၀င်ပြောလာ၏။
"ဟို...ကိုကြီး ကျွန်တော်..."
"ကိုကြီးကသက်သာနေပြီ အိမ်မှာနားနားနေနေ နေရုံပဲရှိတာ"
အမှန်တော့ သန့်ငယ်ကျောင်းမသွားချင်သေးပါ။
ကိုကြီးကဒဏ်ရာတွေနဲ့မို့ တစ်ယောက်ထဲထားခဲ့ရမှာစိတ်မချဖြစ်နေသည်။ ညီညီတို့ တက်တိုးတို့ကလည်း အခြေအနေအားသဘောပေါက်ကာ သန့်ငယ်အား
၀င်ဖျောင်းဖျလာ၏။
"အေးလေကွာ မင်းကလည်း ပထမနှစ်၀က်စာမေးပွဲက နီးလာပြီကွ"
"ကိုကြီးထိုက်သူသက်သာတယ်ဆိုရင်တော့ အကြာကြီးမနားတာကောင်းတာပေါ့... စာတွေအများကြီးလွတ်သွားရင် မင်းလိုက်မမှီပဲနေမှာစိုးလို့"
တက်တိုးကပါ ၀င်ပြောလာတာမို့ သန့်ငယ်ငြိမ်နေလိုက်ရတော့သည်။ ဒီကောင်တွေမသိရင် ကိုကြီးရှေ့နေငှားထားတဲ့အတိုင်းပဲ....
"သန့်ငယ် ညီညီတို့ကို စပျစ်သီးချကျွေးလိုက်အုံးလေ"
"ဟုတ်ကိုကြီး"
သန့်ငယ်ထသွားကာမှ
"ကျေးဇူးပဲကွာ မင်းတို့သူငယ်ချင်းက ကျောင်းပြန်
မတက်ချင်သေးဘူးလုပ်နေတာ မင်းတို့ကူပြောပေးလို့"
(ဟုတ် ရပါတယ်ဗျ )၂
"ကိုကြီးထိုက်သူရောသက်သာအောင်နေအုံး...တကယ်လို့မသက်သာရင် တစ်ရက်နှစ်ရက်ပျက်တာက ကျွန်တော်တို့စာကူးပေးလို့ရပါတယ်"
"အေးပါကွာ"
ထိုအချိန် သန့်ငယ်က စပျစ်သီးပန်းကန်လေးယူကာ ပြန်ထွက်လာလေ၏။
"သန့်ငယ် လွတ်လွတ်လပ်လပ် အရှေ့မှာသွားထိုင်ရင်ထိုင်ကြလေ"
"ဟုတ်ကိုကြီး ဆေးသောက်ပြီးပြီလားကိုကြီး"
"သောက်ပြီးသွားပြီ ကိုကြီးကိုစိတ်မပူနဲ့... သူငယ်ချင်း တွေနဲ့အေးဆေးနေကြ စာကူးစရာရှိတာတွေရောကူးထားလိုက်"
"ဟုတ်ကိုကြီး"
ထို့နောက် ဟိုနှစ်ကောင်အား အိမ်ရှေ့သရက်ပင်အောက်မှာ နေ့ခင်းသန့်ငယ်စာလုပ်နေကြ စင်လေးဆီသို့ ပြောင်းခေါ်လာခဲ့လိုက်သည်။ အထဲမှာဆိုလည်း သူတို့စကားပြောတာနဲ့ ကိုကြီးလည်းနားအေးပါးအေး
နေရမှာမဟုတ်။ နေ့ခင်းတစ်ရေးတမောအိပ်ပါစေ။ ခုရက်ပိုင်းလေးအတွင်းမှာကို ကိုကြီးမျက်နှာ သိသိသာသာကျသွားလို့ စိတ်မကောင်းဖြစ်နေမိတာ။ အစားလည်းသိပ်မစား ။ အစောကတည်းက ဟင်းကောင်းကောင်းချက်တတ်အောင် မသင်ထားမိခဲ့တဲ့
ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်လို့မဆုံး။ သူ့ရှေ့မှာသာဟန်ဆောင်နေပေမဲ့ ညညဆို အနာရှိန်ကြောင့်
ကိုကြီးအိပ်မရတာ သူသိပ်သိတာပေါ့။
"ဟိတ်ကောင် မင်းမျက်နှာကြီးကလည်း သုန်မှုန်နေတာပဲကွာ"
"မဟုတ်ပါဘူးကွာ....ဖြိုးသူရောဘာလို့မပါခဲ့တာလဲ"
ကိုမင်းက သူတို့အိမ်နေ့တိုင်းရောက်တာမို့ထူးလို့ မေးမနေတော့ ။ မဟုတ်တောင် အိမ်ချင်းနီးနေတာကို...
"ဒီကောင်ကလိုက်ချင်တယ် သိတဲ့အတိုင်း ပိတ်ရက်ဆိုသူဘယ်တုန်းကနားရလို့လဲ...အငှားလိုက်နေရတာနဲ့"
တက်တိုးက စိတ်မသက်သာသလို ပြောလာလေသည်။
ဖြိုးသူဆိုတာ ကျောင်းပိတ်ရက်တိုင်း အငှားလိုက်ပြီးပိုက်ဆံရှာရတာ။ သူတို့အိမ်က ကလေးတွေများပြီး စားအိုးကမလောက်တော့ ကျောင်းပိတ်ရက်ဆို အိမ်အတွက်ပိုက်ဆံကူရှာပေးရ၏။ သူက သားကြီးဖြစ်နေတော့ အငယ်တွေကိုလည်း ပြန်ကြည့်ပေးရသေးသည်။ ဒါတောင် ကျောင်းထွက်မလို့လုပ်ပြီးသား ။ မနှစ်ကနွေရာသီက ကိုကြီးရော ၊ ညီညီတို့ တက်တိုးတို့ မိဘတွေရောက ကျောင်းစာရိတ်အတွက် မပူပါနဲ့ ၁၀တန်းပြီးအောင်လေးတော့ တက်ခိုင်းလိုက်ပါဆိုလို့ တက်ခိုင်းကြတာ။ သူ့အောက်က အငယ်၃ယောက်အတွက်ကလည်းရှိသေးတာ။ ဖြိုးသူအကြောင်းတွေးမိရင် တကယ်ရင်လေးရတယ်...။ တကယ်ဆို ကလေးတွေဘာကြောင့်များ အများကြီးမွေးထားသေးလဲ? အလကားလူ့လောကထဲ ဒုက္ခခံစားခိုင်းဖို့ ခေါ်သလိုဖြစ်သည်။
"အဲ့ကောင်လည်း ကျောင်းတက်မှပဲနားရတာပဲ...
ဒါတောင် မနက်အစောထမင်းဟင်းချက်ပေးခဲ့ရသေးတာ...တကယ်ဆိုကွာ ကောင်းကောင်းမကျွေးမွေးနိုင်ပဲ ဘာလို့များကလေးတွေတန်းစီမွေးထားလဲမသိဘူး။ ခုကျ အငယ်လေးတွေလည်းကောင်းကောင်းမစောင့်ရှောက်နိုင်၊ သူ့အောက်က ခု၅တန်းတက်နေတဲ့ကလေးတောင် ကျောင်းပိတ်ရက်ဆို၀က်ရှော့ဆိုင်မှာသွားလုပ်နေတယ်တဲ့..."
ညီညီကလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလာ၏။ ဟုတ်သည်။ သူတို့ဆင်းရဲတာကိုအပြစ်တင်ချင်တာမဟုတ်ဘူး။ တကယ်ဆို ကိုယ်ကလုံလုံလောက်လောက်ထားနိုင်တဲ့အင်အားမရှိသေးရင် တစ်ယောက်လောက်ပဲမွေးပေါ့။ ဒါဆို ရှိတဲ့တစ်ယောက်ကို အနည်းဆုံးတော့ ထမင်းမငတ်အောင်ထားနိုင်အုံးမှာ။ သူ့တို့ဘ၀လေးတွေ ကလေးပီပီ အပြည့်အ၀ ပျော်နိုင်အုံးမှာ။ ဒါမျိုး ရွာထဲမှာ နောက်ထပ်လူတွေလည်းရှိသေးသည်။ ကလေးတွေအများကြီးမွေး မထိန်းသိမ်းနိုင်တော့ ကလေးအချင်းချင်းပြန်ထိန်းခိုင်းနဲ့။ တစ်ချို့တွေက ပိုက်ဆံမရှိပေမဲ့စိတ်ချမ်းသာစွာနေရသေးသည်။ သူတို့ကတော့ ပိုက်ဆံလည်းမရှိ စိတ်လည်းမချမ်းသာရ။ တစ်ခါတစ်လေ လင်မယားတွေအော်ဟစ်နေရင်ပိုဆိုးသေးသည်။ ကြားထဲက ကလေးတွေမှာမျက်စိသူငယ်နားသူငယ်နဲ့ စိတ်ဒဏ်ရာရ! ဆင်းရဲတာချင်းတူရင်တောင် တစ်ချို့ကပျော်ပျော်နေနိုင်ပြီး တစ်ချို့ကပူပင်သောကတွေနှင့်။
"ထားပါ... စပျစ်သီးစားကြအုံး ပြီးရင် ငါ့ကိုစာတွေပြန်ရှင်းပြကြအုံး"
သန့်ငယ်ပြောတာတောင်နောက်ကျနေသေး ဟိုနှစ်ကောင်က စပျစ်သီးတွေအခိုင်လိုက်ပါးစပ်ထဲထည့်ပြီးနေပြီ။
"ဟား ဟုတ်သား! မင်းကိုသတင်းထူးပြောရအုံးမယ်"
"မင်းပါးစပ်ထဲကဟာ အရင်ကုန်အောင်စားစမ်းပါ"
သန့်ငယ်ပြောလိုက်မှ ညီညီကပါးစပ်ထဲကစပျစ်သီးတွေကို အမြန်မြိုချပစ်ကာ...
"မင်းမလာတဲ့နေ့ကလေ ဟိုကောင်ဧ၀ရတ် မင်းခန့်မောင်ဆီမုန့်သွားထားတဲ့အချိန် မင်းခန့်မောင်နဲ့ပက်ပင်းမိသွားတာ"
"ဟင်! ဟုတ်လား"
ဒါတော့ သန့်ငယ်အမှန်တကယ်စိတ်၀င်စားသွားရသည်။မိသွားတယ်ဆိုတော့ ဟိုကောင်ကဘယ်လိုတုန့်ပြန်မလဲ...?
"အေး ဟုတ်တယ်...ငါ့အထင်တော့ မင်းခန့်မောင်က တမင်အိမ်မပြန်ပဲ စောင့်ကြည့်နေတယ်ထင်တယ်"
"အဲ့တော့ဘာဖြစ်သွားလဲ"
"ဘာမှမဖြစ်ဘူး"
"ဟင်... မင်းဟာကဘယ်လိုကြီးတုန်း"
တက်တိုးရှေ့ကနှစ်ကောင်အားကြည့်ကာ ရယ်ချင်သွားရသည်။ ပြောတဲ့သူကလည်းတုံးတိ။ နားထောင်တဲ့သူကလည်း တအားသိချင်နေတဲ့အမူအယာနဲ့။
"ဒီလိုကွာ....သူကမုန့်ထုပ်ထားနေတဲ့အချိန် မင်းခန့်မောင်ကရောက်လာတာ၊ ငါတို့လည်းတားချိန်မရလိုက်ဘူးလေ ဒါပေမဲ့ကွာ...သူတို့နှစ်ယောက်က ဘာမှမပြောပဲ အကြည့်ချင်းအကြာကြီးဆုံးပြီး ဟိုကောင်ကအရင်ထွက်သွားတာ...တကယ် ဘာဆိုဘာစကားတစ်လုံးမှမပြောတာပါဆိုကွာ..."
ညီညီ့က စိတ်ပျက်လက်ပျက်ဖြင့် ထိုကိစ္စအားအားမလိုအားမရဖြစ်နေပုံရသည်။ အင်း...ဘာမှမပြောသွားပဲ ထပြန်သွားတယ်ဆိုတော့ ဘာသဘောများလဲ! ဧ၀ရတ်ပေးတယ်ဆိုတာသိသွားတာလား တခြားတစ်ယောက်ကပေးခိုင်းတယ်ထင်သွားတာလား?
"တက်တိုး မင်းရောဘယ်လိုထင်လဲ? အဲ့ဒီနေ့ကမင်းလည်းမြင်တာပဲ"
ညီညီက တက်တိုးကို မေးပြန်သည်။
"အင်း ငါ့စိတ်ထင်တော့ သူ့ကိုမုန့်ပေးတာ ဧ၀ရတ်မောင်မှန်းသိသွားတယ်ထင်တယ်...အဲ့ဒီနေ့က သူ ဧ၀ရတ်ကို စေ့စေ့စိုက်စိုက်ကိုကြည့်နေတာ... အကြာကြီးနေမှ တစ်ခုခုကိုနားလည်သွားသလို ဘာမှမပြောပဲထပြန်သွားတာ"
"အခြေအနေကောင်းမယ်လို့မင်းထင်လား"
"ဘယ်ကောင်းမလဲ! ရန်ဖြစ်တာထက် တိတ်ဆိတ်တာကကြောက်စရာအကောင်းဆုံးပဲ သူ့စိတ်ထဲမှာ ဒါကို
မယုံနိုင်ဖြစ်သွားမှာပဲ"
"အေးဟုတ်တယ် အဲ့ဒီအရင်နေ့က ဆရာမစာအုပ်ထပ်ခိုင်းတယ်ဆိုပြီး မိန်းကလေးတွေရဲ့စာအုပ်တွေအကုန်လိုက်စစ်နေသေးတာ"
ညီညီစကားကြောင့် သန့်ငယ်မျက်လုံးပြူးသွား၏။ ထိုကိစ္စကိုသူလုံး၀မသိလိုက်ပါ။
တက်တိုးလည်း ထိုနည်းတူပင်။
"သူကဘာလို့လိုက်ကြည့် .....ဟာ!"
တက်တိုးရဲ့အာမေဋိတ်သံကြီးကြောင့် သန့်ငယ်တို့နှစ်ယောက် ဘာဖြစ်သလဲဆိုပြီး စိတ်၀င်တစားကြည့်နေကြ၏။
"ငါသိပြီ! အဲ့ကောင် အဲ့ကောင် လက်ရေးတိုက်စစ်တာနေမှာ"
"ဘာကို..."
(မဟုတ်မှ...?)၂
အဓိပ္ပါယ်ကိုယ်စီပါတဲ့အကြည့်တွေနဲ့ သုံးယောက်သားအကြည့်ချင်းဆုံသွားကြ၏။ ဟိုကောင်က မုန့်တွေပေးရင် စာအတိုလေးတွေပါထည့်ပေးတတ်သည်။ သူ့စိတ်ထဲမှာ မိန်းကလေးပေးတာထင်ပြီး ဧ၀ရတ်ပေးတဲ့စာနှင့် မိန်းကလေးစာအုပ်တွေထဲက လက်ရေးနဲ့ တိုက်စစ်ကြည့်တာနေမှာ။ ဒီကောင် ဉာဏ်တော့ပြေးသား...။ နည်းနည်းလေးလွဲသွားတာပဲရှိတာ။ ဘယ်သူမဆို မိန်းကလေးလို့ပဲထင်မှာပဲလေ။ ဘယ်သူက ယောင်္ကျားလေးအချင်းချင်း ကိုယ့်ကိုကြိုက်လို့မုန့်လာပေးမယ်ထင်မလဲ။
"ဧ၀ရတ်ရော အဆင်ပြေရဲ့လား"
သန့်ငယ်စိတ်ပူစွာမေးလိုက်မိ၏။
"အစကတော့ သူလည်းနဲနဲလန့်သွားတဲ့ပုံပါပဲ...ဒါပေမဲ့
အဲ့ကောင်ခေါင်းကြောမာတာ သိရဲ့သားနဲ့ ဘာမှမဖြစ်သလိုခပ်တည်တည်နဲ့ အဲ့မုန့်ထုပ်ကိုထားခဲ့သေးတာ"
"ဘယ်လို! ဟား..ဟား..."
ဒီကောင်တကယ့်ကောင်။ ဟိုက မျက်ခွက်ပြောင်တယ်ဆိုပြီး ဆွဲမထိုးတာတော်သေးတာ။
"မင်းကိုကြီးကိုလည်းသတင်းမေးခိုင်းလိုက်သေးတယ်... တစ်တစ်ခါနှစ်၀က်စာမေးပွဲပြီးရင် ငါတို့ရွာအလည်လိုက်ခဲ့မယ်ပြောနေတာ ဒီအပတ်အိမ်ကလူမရှိလို့ဆိုလား"
"ဟုတ်လား ရွာကအပျိုတွေတော့ ငမ်းတော့မှာပဲ..."
သန့်ငယ်ပြောတော့ ညီညီရောတက်တိုးရော သဘော
တကျ ထရယ်ကြ၏။ ဟုတ်တယ်လေ ဒီကောင်က
တကယ့်မြို့သားသန့်သန့်လေး အသားကလည်းဖွေးတော့ ရွာကလူတွေအကြိုက်နေမှာ။ သန့်ငယ်ဆို
ဒီကောင့်အနားကိုမကပ်ရဲဘူး မဖွေးတဲ့အသားက သူနဲ့ဆိုမဲသဲသွားတာ ကျီးကန်းလိုပဲ....။
~~~
ဟိုကောင်တွေပြန်သွားပြီးနောက် သန့်ငယ်အိမ်ထဲပြန်၀င်လာတော့ ကိုကြီးကအိပ်ပျော်နေ၏။ ဒဏ်ရာတွေ အကောင်မနားအောင် ခြင်ထောင်လေးချထားပေးခဲ့ပြီး အိမ်ရှေ့သို့ပြန်ထွက်လာကာ စာကြည့်နေလိုက်သည်။ သန့်ငယ် စာကြည့်နေစဉ်မှာပင် အိမ်ရှေ့သို့ဆိုင်ကယ်အကြီးကြီးရပ်လာတာမို့ ကြည့်လိုက်တော့ ဟိုကျော်စန်းဆိုသည့်လူ။ ကိုယ်ထက်ကြီးတာသိပေမဲ့ အဲ့ဒီလူကိုတော့ နဲနဲမှယဉ်ကျေးမနေချင်။ ကိုကြီးဒဏ်ရာတွေမြင်တိုင်း သူ့ကိုပဲပြေးပြေးစိတ်တိုတာ။ ထိုလူက သူ့အားမြင်တော့ ဆိုင်ကယ်ကိုအိမ်ထဲထိ စီးချလာကာ သန့်ငယ်စာကျက်တဲ့နား လာရပ်၏။ လက်ထဲမှာလဲ ၅ဆင့်ချိုင့်ကြီးနဲ့။
"ခင်ဗျား ဘာလာလုပ်တာလဲ"
"မင်းကလေ ငါ့ကိုတွေ့ရင် ရန်ထောင်ဖို့ပဲ မိန်းမကြီးကျနေရော"
"ဘာဗျ!"
"ဒီမှာ မင်းတို့ညီအစ်ကိုနှစ်ယောက်ထဲ စားရသောက်ရအဆင်မပြေမှာစိုးလို့ အမေကချက်ပေးလိုက်တာ"
"လူကြီးကိုအလကားနေ ဒုက္ခများအောင်"
"ဟ! ငါကချက်ခိုင်းတာမှမဟုတ်တာ မင်းတို့က ညီအစ်ကိုနှစ်ယောက်ပဲရှိတာပြောလိုက်တာ သူ့ဟာသူချက်ပေးလာတာ"
ဒီလိုဆိုတော့လည်း သန့်ငယ်အားနာသွားရသည်။ တကူးတကကြီး ချက်ပေးဖို့မှမလိုတာကို။
"နောက်အဲ့လိုတွေယူမလာပါနဲ့....ကျေးဇူးကျွေးမတင်ခံချင်ဘူး၊ ကျွန်တော်တို့က ကြားကပြန်အားနာရတယ်"
အံမယ် ခုတော့သူမဟုတ်သလိုပဲ။ မနေ့ကတော့ အမာရွတ်ပျောက်ဆေးကို အားမနာပါးမနာ ၁၀ဗူး၀ယ်ချလာတာဘယ်သူလဲဟု မေးလိုက်ချင်သည်။ ဒါတောင်ကုန်ရင်ထပ်၀ယ်ပေးရအုံးမှာ...
"နောက်ခါလည်းယူမလာပါဘူး ခုကငါ့ကြောင့်ဖြစ်တာမို့ မင်းကိုကြီးပျောက်သွားရင် ပို့ပါဆိုတောင်မပို့ဘူးစိတ်ချ"
"ပြီးတာပဲ..."
"စာကြည့်နေတာလား...မင်းက ဘယ်နှစ်တန်းလဲ! "
"၉တန်း"
"ဪ နောက်နှစ်ဆိုဆယ်တန်းရောက်ပြီပဲ.... နှစ်ချင်းပေါက်အောင်အောင်ကြိုးစားပေါ့
ငါ့လိုမဖြစ်စေနဲ့"
"ခင်ဗျားကဘာလို့?"
"ငါက ၁၀တန်း၅ခါလောက်ကျတာနဲ့ အိမ်ကစိတ်ပျက်ပြီးမထားတော့တာ"
သန့်ငယ်အံ့ဩသွားရသည်။ ၅ခါတောင်ကျအောင် ဘယ်လိုဖြေတာလဲ။ အင်းလေ ခုတောင်ဒီလောက်ဆိုးသွမ်းနေတာ ကျောင်းတုန်းကလည်းဘယ်လောက်ဆိုးခဲ့လဲမှ မသိတာ။ စာလည်းကြည့်မဲ့ပုံ မပေါ်ပါဘူး။
"အဟက်! ငါ့ကိုစိတ်ထဲကနေ ဝေဖန်မနေနဲ့"
"ဟင် ဘယ်လိုသိ..."
"မင်းမျက်နှာမှာပေါ်နေတယ်လေ....မင်းက,ကလေးပဲရှိသေးတာပါ"
"ဒီမှာ နောက်နှစ်ဆိုကျွန်တော်၁၀တန်းရောက်တော့မှာ လူကြီးဖြစ်နေပြီ"
"ဟား ဟား! အေးပါကွာ မင်းကတကယ်အစွာလေးပဲ ငါ့ညီလေးဖြစ်ရင်သိပ်ကောင်းမှာပဲ ဒါဆိုငါလည်းပျင်းရတော့မှာမဟုတ်ဘူး အဟင်း..."
ကျော်စန်းက တစ်ဦးတည်းသောသားဆိုတော့ အဖော်မက်သည်။ တစ်ဦးတည်းသားမို့လည်း မိဘတွေက အလိုလိုက်ထားတာ။ မူးရင် ထင်ရာလုပ်တတ်လို့ လိုက်ဖြေရှင်းပေးရပေါင်းလည်း မနည်းတော့။ သူများကို အနာတရကြီးကြီးမားမားဖြစ်အောင် လုပ်မိတာကတော့ ဒီတစ်ခါပထမဆုံးပင်။ ဒါကလည်း သူ့ကိုပစ်ကာ လင်နောက်လိုက်သွားတဲ့ ဟိုကောင်မကြောင့်။ သူဆိုးတာမှန်ပေမဲ့ ရည်းစားတော့မပွေရှုပ်တတ်။ ဒါကို သူနဲ့ကြိုက်နေစဉ် ယောင်္ကျားနောက် ထလိုက်သွားသတဲ့... ကောင်းကြသေးရဲ့လား....။
"ခင်ဗျား လက်ကြီးဖယ်စမ်းပါ...ခေါင်းကိုမဖွစမ်းပါနဲ့ "
"ဟေ့ ငါမင်းထက်၁၀နှစ်လောက်ကြီးတယ်နော်၊ ခင်ဗျား ခင်ဗျားနဲ့ အကြီးကို မရိုင်းနဲ့"
"ရိုင်းမှာပဲ... ဟာ ဆံပင်မဖွစမ်းပါနဲ့ဆို! ကျွန်တော်စိတ်တိုလာပြီနော်"
"ဟား..ဟား..."
သန့်ငယ်ခေါင်းက ဆံပင်တွေလာဖွရင်းပြောနေတာမို့ ခေါင်းကိုရှောင်ပစ်သော်လည်းမရ ဆက်စနေ၏။
ဒီလူကတော့...ခေါင်းကို ကိုကြီးကလွဲ တခြားသူထိတာမကြိုက်! ထို့ပြင် သူ့ကိုကလေးလိုဆက်ဆံနေတာ ပိုလို့မကြိုက်။
"သန့်ငယ်!"
သူတို့နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်နေစဥ် 'သန့်ငယ်' နာမည်အား အသံကျယ်ကြီးနဲ့ခေါ်တာကြားလိုက်ရတာမို့ နှစ်ယောက်စလုံး လှုပ်ရှားမှုတွေ ရပ်တန့်သွား၏။ နောက်ကိုလှည့်ကြည့်လိုက်တော့ ကိုကြီးကတစ်ခုခုကို အလိုမကျသလိုဖြစ်နေကာ မျက်ခုံးတွေစုကျုံ့ထားပြီး အံကိုလည်းတင်းတင်းကြိတ်ထားသေးသည်။ သန့်ငယ်ကိုကြီးနားအမြန်သွားလိုက်တော့
"ဘာလုပ်နေတာလဲ!"
"ဟို ကိုကျော်စန်းအိမ်က ဟင်းတွေချက်ပြီးပို့ခိုင်းလိုက်လို့ လာပို့တာ ကိုကြီး"
ထိုအခါ ၅ဆင့်ချိုင့်ကြီးဆွဲလာတဲ့ ကျော်ဆန်းက အနားရောက်လာ၏။
"သက်သာလား ကိုထိုက်သူ"
"အင်း သက်သာပါတယ်၊ သန့်ငယ် ချိုင့်သွားလှယ်ပေးလိုက်လေ ပြီးရင်တစ်ခါတည်း ဆေးပေးလာခဲ့"
"ဟုတ်ကိုကြီး"
"ရတယ် သန့်ငယ် ဆေးပေးမနေနဲ့"
"ဗျာ... အာ ဟုတ်ရတယ် ဆေးပေးလိုက်မယ်"
သူခေါ်တဲ့အတိုင်း လိုက်ခေါ်လာသူအား ထိုက်သူ အံကြိတ်ကာ စေ့စေ့ကြည့်မိလိုက်သည်။ အိပ်ယာထတော့ အိမ်ရှေ့မှာရယ်သံတွေကြားတာကြောင့် ထွက်ကြည့်လာတာ။ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကိုဒေါသထွက်သွားစေခဲ့၏။ သန့်ငယ်ခေါင်းကို ကလေးတစ်ယောက်လိုလိုက်ဖွနေတာ လုံး၀မကြိုက်! မသိရင် အရမ်းရင်းနှီးနေကြတဲ့ဆက်ဆံရေးလိုပြုမူနေတာ။
ခုလည်း ထိုက်သူခေါ်သလို လိုက်ခေါ်နေပြန်သည်။
သန့်ငယ်ဆိုတာ သူတစ်ယောက်ပဲခေါ်တာ တစ်ရွာလုံးသိသည်။ သူငယ်ငယ်ကတည်းက ခေါ်လာတဲ့နာမ်စားမို့ တခြားသူက ခေါ်တာလုံး၀မကြိုက်။ အထူးသဖြင့် သန့်ငယ်ကိုအရောတ၀င်လုပ်ချင်နေတာ ပိုခံပြင်းသည်။ သန့်ငယ်ဆိုတာ လိမ်လိမ်မာမာနဲ့ သူ့စာသူကြိုးစားတဲ့သူ။ ဒီလိုကောင်မျိုးနဲ့ ရင်းနှီးပြီးပျက်စီးသွားမှာ လုံး၀မလိုလား! သူက သန့်ငယ်အုပ်ထိန်းသူ။ အဲ့ဒီတော့ မဖြစ်သင့်တာကြိုတင်တားရမဲ့တာ၀န် သူ့မှာအပြည့်ရှိသည်။
"နောက်ခါ အိမ်မလာခဲ့နဲ့"
ဟိုကောင်လေးနောက်ဖေးထဲရောက်သွားတာနှင့် သူ့ကို စေ့စေ့ကြည့်ကာပြောလာတဲ့စကား။ လူကို လာကြောနေတာပဲ...
"ဟား ! မင်းတို့ရွာကလူတွေ လူမှုရေးခေါင်းပါးတဲ့နေရာမှာ နှစ်ယောက်မရှိဘူးနော်"
"ထင်ချင်သလိုထင်!"
"ဘာ!"
ပြောလာပုံက သူမထီဟန်မျက်နှာထားနှင့်။
ဒဏ်ရာတွေနဲ့မို့ပေါ့ အကောင်းတိုင်းဆို ဆွဲထိုးပစ်တယ်။
" ပြီးတော့ သန့်ငယ်လို့မခေါ်နဲ့ သူ့နာမည်ရှင်းသန့်ညီ နောက်ခါခေါ်ချင်နာမည်အပြည့်အစုံခေါ် !"
" ပြီးတော့ နောက်တစ်ခါ သူ့ခေါင်းကို
လက်လွတ်စပယ် မကိုင်နဲ့ !
ဟင်းတွေအတွက်တော့ ကျေးဇူးပဲ နောက်အလုပ်ရှုပ်ခံပြီး ယူမလာပါနဲ့"
"ဘာ!"
ဟား....ဘာလဲဟ ဒီလူ။ သူ့ညီကို သ၀န်တိုနေတာလား။တိုရအောင် မိန်းကလေးလဲမဟုတ်တာကို...!
ဒါမှမဟုတ် သူ့ညီကို သူနဲ့ပေါင်းမှာစိုးနေတာလား ဟိုကဖြင့်တွေ့တာနဲ့ ကတ်ကတ်လန်နေတာကိုများ။ တွေးကြည့်တော့ ညီအစ်ကိုနှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် အရမ်းနှမြောကြတယ်ထင်တယ်။ တစ်ယောက်မှအထိမခံဘူး။ ပြီးတော့ ညီအစ်ကို နှစ်ယောက်လုံးသူ့ကို မတည့်ကြတာချင်းလဲတူသည်။ တွေးရင်းဖြင့် ခုနကစေတနာနဲ့ယူလာတဲ့ ဟင်းတွေတောင် ပြန်ထည့်သွားချင်စိတ် ပေါက်သွား၏။
စေတနာတောင်ပျက်တယ်!
**
မနေ့ညက လိုင်းကဘယ်လိုမှမကောင်းတာနဲ့ ခုမှတင်လိုက်ရတာကွယ်
သတင်းတွေကြည့်ပြီး စိတ်တွေမကောင်း🥺
အားလုံး အသက်ဘေးမှလွတ်မြောက်ကြပါစေ
ဘေးအန္တရာယ်ကင်းရှင်းကြပါစေရှင်🙏
ရေကြီးတဲ့ဒေသက လူတွေ၊ သက်ရှိတွေ အားလုံး
ဘေးကင်းဖို့ မေတ္တာလေးပို့ပေးရအောင်နော်🙏
Breeze 🤍
12 Sep 2024