သန့်ငယ်လေးကို ဘော်ဒါဆောင်ပို့ပြီးတာနဲ့ အပြန်
ဘဘုန်းကျောင်းကို အရင်၀င်လိုက်သည်။ မိဘတွေမရှိတော့ဘူးဆိုပေမဲ့ ငယ်စဉ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဘဘုန်းကို အရင်ဦးဆုံး ပြောပြသင့်တယ်ထင်တာကြောင့်။
"ဟာ ကိုကြီးထိုက်သူ ရှင်းသန့်ကို ဘော်ဒါပို့ခဲ့ပြီလား..."
ဖိုးထူးက ဘုန်းကြီးကျောင်းနေတာဆိုတော့ သူ့မြင်တာနဲ့ လှမ်းနှုတ်ဆက်သည်။
"အေး ပို့ခဲ့ပြီ...ဘဘုန်းရှိတယ်မလား"
"ရှိတယ် ကိုကြီးထိုက်သူ ကျောင်းဆောင်ထဲမှာ"
ထိုက်သူ ဘဘုန်းကျောင်းဆောင်ကို၀င်လာတော့
ဘဘုန်းက သူ့တရားစာအုပ်တွေကို သန့်ရှင်းလေးလုပ်နေလေ၏။
"ဘဘုန်းဘုရား..."
"ဪ...သားဒကာလေး ...ဘယ်ကလှည့်လာတာတုန်း"
"ဘုန်းဘုန်းဆီပဲ လာခဲ့တာပါဘုရား...တပည့်တော် လျှောင်တင်စရာလေးရှိလို့ပါဘုရား"
"အေးအေး....ပြောလေကွဲ့..."
"အရင်ဆုံး တပည့်တော်ပြောမဲ့ကိစ္စကို ဘဘုန်းအထင်
မလွဲစေဖို့ အရင်လျှောက်တင်ချင်ပါတယ်ဘုရား... တပည့်တော် သန့်ငယ်လေးကို စတင်မွေးစားခဲ့တုန်းက ဘဘုန်းလည်းအသိပါဘုရား...တပည့်တော် ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့သာ ဒီကလေးကိုပြစုပျိုးထောင်ပေးခဲ့တာပါ..."
"အေးကွယ်...ဘုန်းဘုန်းတို့အကုန်သိကြပါရဲ့..."
"အခု တပည့်တော်ပြောမဲ့ကိစ္စဟာ လူသဘော၊လူ့သဘာ၀နဲ့ သွေဖယ်ရင်သွေဖယ်နေပါလိမ့်မယ်...ဒါပေမဲ့ ဒါဟာ တပည့်တော်ရင်ထဲကသူ့အလိုလိုဖြစ်ပေါ်လာတဲ့အရာပါ...တပည့်တော် သန့်ငယ်လေးအပေါ်မှာ မေတ္တာသက်၀င်နေပါတယ်ဘုရား..."
"ဟေ...."
"ဘုန်းဘုန်းတို့ တရားသဘောအနေနဲ့ကြည့်ရင် ဒါဟာ ၀ဋ်ကြွေးဖြစ်ရင်ဖြစ်နေပါလိမ့်မယ်... အပယ်ငရဲလားမယ်ဆိုရင်တောင် တပည်တော် သန့်ငယ်လေးအပေါ်ထားတဲ့ မေတ္တာတရားကို ပြောင်းလဲလို့မရပါဘူးဘုရား"
ဘုန်းဘုန်းက ခဏတာ ငြိမ်သက်သွားပြီးမှ
"လူတွေက ၀ဋ်ကြွေးကြောင့်လည်းဆုံသလို...ရေစက်ကြောင့်လည်း ဆုံရသတဲ့...ဆပ်ရမဲ့၀ဋ်ကြွေးပါရင် ဆပ်ကိုဆပ်ရသလို ဆုံရမဲ့ရေစက်ပါလာရင်လည်း ဘယ်သူဖြတ်ဖြတ်မရဘူးကွဲ့..."
"ကလေးကရော သားဒကာလေးရဲ့ သဘောထားကို
သိသလား"
"တင်ပါ့... သိပါတယ်ဘုရား...တပည့်တော်တို့ နှစ်ဦးသဘောတူမေတ္တာသက်၀င်နေပါတယ်ဘုရား"
"အိမ်း...ဒီလိုဆိုရင် ဘာကြောင့်အပါယ်ငရဲလားမလဲကွယ်...အဲ့လိုမဟုတ်ပဲ (၅)ပါးသီလထဲက ကာမေသု မေစ္ဆာစာရာကံကို ကျူးလွန်ရင်တော့ ဒါဟာအပြစ်ထိုက်တယ်ဆိုရမှာပေါ့... အချင်းချင်းအပြန်အလှန် မေတ္တာထားကြတာဟာ မုန်းနေတာထက်စာရင် ကောင်းတဲ့ကိစ္စပဲမဟုတ်လား...နှစ်ဦးသား အစကတည်းက ရေစက်ပါလာတယ်ဆိုရမှာပေါ့..."
"တင်ပါ့ဘုရား"
"တပည့်တော်တို့ကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား...တပည့်တော် နောက်ရက် ဖားကန့်ကိုပြန်တက်ပါတော့မယ်ဘုရား...သန့်ငယ်လေး ၁၀တန်းအောင်ပြီးသွားရင်တော့ ရွာထဲကလူတွေကို တရား၀န်ထုတ်ပြောပြဖို့ တွေးထားပါတယ်ဘုရား"
"လူဆိုတာ ကောင်းတဲ့သူလည်းရှိသလို မကောင်းတဲ့သူလည်းရှိတယ်ကွဲ့... သားဒကာတို့ကိစ္စကိုလည်း ရွာငယ်လေးကလူတွေက လက်ခံသူလည်းရှိလိမ့်မယ် လက်မခံသူလည်းရှိလိမ့်မယ်...ဘုန်းဘုန်းသတိပေးချင်တာက လက်မခံတဲ့သူတွေရှိခဲ့ရင်လည်း ကိုယ့်ဘက်က ရိုင်းရိုင်းစိုင်းစိုင်းပြန်မတုန့်ပြန်မိစေဖို့ပါပဲ...ဒါဟာ သူ့အကုသိုလ်ကို ကိုယ့်ဆီလွှဲပြောင်းယူလိုက်တာနဲ့ အတူတူပဲကွဲ့..."
"တင်ပါ့...မှတ်ထားပါ့မယ်ဘုရား..."
"လူရယ်လို့ဖြစ်လာရင် ကောင်းအောင်နေတတ်ဖို့က အရေးကြီးတယ်ကွဲ့... သားဒကာကသာ လူအများယုံကြည်လက်ခံလာအောင် နေပြနိုင်ရင် တစ်ချိန်မဟုတ်တစ်ချိန်လက်ခံလာကြမှာပါပဲ...လုံးလုံးလက်မခံနိုင်သူတွေကိုလည်း ရန်လိုစိတ်မထားပဲ ဥပေက္ခာတရားနဲ့သာ ရှင်သန်နိုင်အောင်ကျင့်ရမယ်..."
"တင်ပါ့ဘုရား..."
"အေးအေး...ဟိုမှာလည်း ဘုရားတရားမမေ့နဲ့...
တရားဏဂုံ(၃)ပါးကိုအမြဲအာဂုံဆောင်..."
"တင်ပါ့ဘုရား...အဲ့ဒါဆို တပည့်တော်ကိုသွားခွင့်ပြုပါအုံးဘုရား..."
ထိုက်သူ ဘဘုန်းအား ဦးသုံးကြိမ်ချ၍ ဘုန်းကြီးကျောင်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။ အခုမှစိတ်ထဲ တစ်ခုပေါ့သွားသလို ခံစားလိုက်ရတော့သည်။ ကလေးငယ်ကို ကွယ်ဝှက်ကာ ချစ်ရမည့်အလုပ်မလုပ်ချင်ပါ...။ ကလေးငယ်ဟာ သူတန်ဖိုးထားရတဲ့ကလေးမို့ လူကြီးသူမထံ ခွင့်ပန်သင့်တာ ပန်ရမည်ဟု ယူဆထားပြီး အဘဘုန်းကိုအရင်ဖွင့်ပြောလိုက်ရတာပင်။ ရွာထဲက သို့လောသို့လောသတင်းတွေကိုတော့ မဖြေရှင်းပဲ ပစ်ထားလိုက်အုံးမည်။ အခု အချိန်မတန်သေး...။
တစ်နေ့မှာ ရှင်းသန့်ညီဆိုတဲ့ ကောင်ငယ်လေးကို အားလုံးက အားကျရလောက်တဲ့ထိ အမြင့်မှာထားပေးအုံးမည်...။
~~
"ထိုက်သူ... ကျောက်အသစ်လား"
"အေး ဟုတ်တယ်...ဒီမှာကြည့် အောင်မဲ့ပုံပဲ ဆေးလိုက်တော့ အရောင်ထွက်လာတာ"
"အေး ဟုတ်တယ်ဟ! မင်းတော့ပွတာပဲ..."
"အဟင်း..."
မင်းမင်း ထိုက်သူကိုကြည့်နေတာအတော်ကြာပြီ။ ဒီတစ်ခေါက်ပြန်ရောက်လာကတည်းက ဒီကောင်အရင်ကနဲ့မတူတော့ပဲ မကြာမကြာပြုံးပြီး လူကတက်ကြွနေတာ။ ဘယ်လိုပြောရမလဲ...အလုပ်လုပ်ရတာ ရည်မှန်းချက်သေချာသွားသလိုမျိုး။
"မင်းမှာ ပျော်စရာတွေရှိနေလား ထိုက်သူ"
"အင်း...ငါ မင်းကိုပြောပြရမလား"
"ဟ ပြောပြရင်တော့ သိချင်တာပေါ့ဟ...မင်းကအချင်းချင်းလျှိုထားတာကို"
"မဟုတ်ပါဘူးကွာ...ငါအချိန်တန်ရင်ပြောပြမယ်လို့စိတ်ကူးပြီးသားပါ"
ထိုက်သူက ကျောက်ဆေးနေတာကို ရပ်ကာ သူ့မျက်နှာကိုတစ်ချက်ကြည့်၍
"ငါ အချစ်နဲ့တွေ့သွားပြီ...မင်းမင်း"
"ဘာ!! ဟေ့ကောင် ဘယ်သူလဲကွ...ဒါသတင်းထူးပဲ 28နှစ်လုံးလူပျိုကြီးလုပ်လာတဲ့ကောင်က 29နှစ်ပြည့်ခါနီးမှ အချစ်တွေ့တယ်...ပြောစမ်း ဘယ်ကလဲ ရွာကလား...ဒီကပဲလား"
"မင်းလန့်တော့မသွားနဲ့...မင်းကိုဒီလိုပြောပြရဲတာ ရှေ့မှာမင်းက အတွေ့အကြုံရှိပြီးသားဆိုတော့ ငါ့ကိုလည်းနားလည်ပေးနိုင်မယ်ထင်လို့"
"ငါ သန့်ငယ်လေးကို မေတ္တာရှိနေပြီ....ညီအစ်ကိုမဟုတ်ပဲ ချစ်သူလိုမျိုး ၁၅၀၀မေတ္တာနဲ့..."
"ဘာ...!! "
"ဟေ့ကောင်...မင်း တကယ်ကြီးလား"
"အင်း...."
မင်းမင်းအင်မတန်မှ အံ့ဩမိသွားရသည်။ သူ့တူတုန်းကထက်တောင် အံ့ဩသေးတယ်ဆိုပိုမှန်မယ်။ သူ့တူတုန်းကတော့ သူတောင်ကြားက၀င်၍ ဖြန်ဖြေပေးခဲ့ရသေးတာ...ဒါတောင် အစ်ကိုဖြစ်သူက ခုထိသူ့သားကို လက်ခံချင်သေးတာမဟုတ်။ ဒီကောင်ကတော့ လုံး၀
မထင်ထားတာမို့ တစ်သက်လုံးလူပျိုကြီးဘ၀နဲ့နေသွားမယ်တောင် ထင်ထားတာလေ...ခုအချစ်နဲ့တွေ့ပြီဆိုတော့လည်း သူမွေးစားထားတဲ့ ကလေးနဲ့တဲ့လား!!
"ဟေ့ကောင် ကလေးကရော...သိလား "
"အင်းသိတယ်...အခုနှစ်ယောက်စလုံး အတူမေတ္တာမျှနေကြတယ်"
"ဟုတ်လား...အဲ့လိုဆိုရင် ကောင်းတာပေါ့ကွာ
ဒါကြောင့် မင်းဒီပြန်ရောက်ကတည်းက တက်ကြွနေတာကို..."
"အင်း...ငါဒီတစ်ခေါက်ပြန်ရင် သန့်ငယ်လေးကို
တိုက်ဆောက်ပေးမလို့"
"ပိုက်ဆံအတော်စုမိနေပြီမလား...လုပ်ငန်းကရော
ဘာဆက်လုပ်မယ်တွေးထားလဲ"
"သန့်ငယ်လေးလုပ်ချင်တာကို ပံ့ပိုးပေးဖို့ပဲတွေးထားတယ်...ဒီအလုပ်ကိုတော့ဆက်လုပ်ချင်တယ်...ဘယ်လိုလုပ်ဖြစ်မလဲ မသိသေးဘူး...သန့်ငယ်လေးကရွာမှာပဲနေချင်ရင် ရွာမှာ ဈေးဆိုင်အကြီးကြီးတည်ဖို့တွေးထားတယ်...လက္ကားဆိုင်ပေါ့...၊ မဟုတ်လို့ သူတက္ကသိုလ်ရွေးချယ်တဲ့အပေါ်ကြည့်ပြီး သန့်ငယ်အဆင်ပြေနိုင်တဲ့ဆီမှာ လိုက်နေနိုင်အောင်လုပ်ဖို့ တွေးထားတယ်"
"ထိုက်သူ မင်း တကယ်ကြီးချစ်မိသွားတာပဲ... အစောကတည်းက အဲ့ဒီကလေးအတွက် အများကြီးတွေးပေးတတ်တာ ငါသိထားပြီးသားပါ...အခုတော့ အဲ့ဒီထက်ပိုတွေးထားတာပဲ"
"အဟင်း...ငါ သန့်ငယ်လေးကို မျက်နှာမငယ်ရအောင် ထားချင်တယ်...ငါ့ကိုရွေးချယ်ထားလို့ တစ်ဘ၀လုံးငါ့နားမှာပဲချုပ်နှောင်ထားမိတဲ့အတွက် အကောင်းဆုံး
ကာကွယ်ပေးသွားချင်တယ်"
"မင်းကိုရွေးချယ်တာ သူ့ဘ၀အတွက်အကောင်းဆုံးရွေးချယ်မှုပါပဲကွာ..."
မင်းမင်းနဲ့ စကားအတန်ကြာအောင်ပြောပြီးနောက် ထိုက်သူရှေ့ရေးကိုတွေး၍ ခွန်အားတွေပြန်ပြည့်လာပြန်သည်။ သန့်ငယ်လေးကိုယ်တိုင်က ကြည်ဖြူခြင်းခံထားရတဲ့ချစ်ခြင်းမှာ ထိုက်သူအတွက် လုပ်သမျှက အားအင်တွေပျော်ရွှင်မှုတွေအပြည့်။ အဲ့လိုပဲ ကလေးငယ်ဟာလည်း သူ့တာ၀န်သူ အကောင်းဆုံးကြိုးစားနေမယ်ဆိုတာ ယုံတယ်။
ဒီတစ်ခါခွဲရတာ အကြာဆုံးဖြစ်ပါစေ ကလေးငယ်...
~~~
"ရှင်းသန့်ညီ...ဖုန်းလာတယ်"
"ဟုတ် လာပြီ..."
သန့်ငယ်မှာ အပြေးအလွှားဆိုသလို ဆရာကြီးတို့ရဲ့
အထိုင်ခွက်ထားတဲ့ ဖုန်းနားရောက်လာတော့
"ရှင်းသန့်ညီ ဖုန်းက ဘယ်မှထွက်မပြေးပါဘူးကွ.."
"ဟီး...ဟုတ် ဆရာကြီး"
တခြားသူတွေထက် အိမ်ဖုန်းကိုပိုမျှော်တတ်တဲ့ သန့်ငယ်အကြောင်းသိနေ၍ ဆရာကြီးက ဘာမှတော့ထပ်မပြော။ သန့်ငယ်ကိုယ်တိုင် စာသေချာလုပ်ပြီး ကြိုးစားနေတာတွေ့တာ ကျန်တဲ့နေရာတွေသိပ်မကြပ်မတ်တာလည်း ပါမည်။
"ဟယ်လို ကိုကြီး"
"သန့်ငယ် ပြေးလာတာလား...ချော်လဲနေမှဖြင့် နောက်တစ်ခါပုံမှန်ပဲလာခဲ့ ကိုကြီးစောင့်နိုင်တယ်"
"ဟုတ် ကိုကြီး...ကျွန်တော် လွမ်းနေတာ...."
မလှမ်းမကမ်းမှာ ရှိတဲ့ ဆရာကြီးတို့မကြားစေရန် အသံကိုတိုးဖွဖွလေးပြောမိတော့ ကိုကြီးဘက်က သက်ပြင်းချသံတိုးတိုးကို ကြားလိုက်ရသည်။
"ကိုကြီးလည်း သန့်ငယ်ကိုလွမ်းတာပေါ့...ကျန်းမာရေးရော ကောင်းရဲ့လား"
"ဟုတ် ကောင်းတယ်ကိုကြီး"
"စာကတော့ လိုက်နိုင်မှာသိလို့ မမေးတော့ပါဘူး...စာမေးပွဲနားနီးပြီဆိုတော့ ကျန်းမာရေးကို အထူးဂရုစိုက် ညတွေဆရာတွေကြည့်ခိုင်းတဲ့အချိန်ထက်
ပိုမကြည့်နဲ့...ဖိုးထူးက မုန့်တွေလာပို့လား"
"ဟုတ် ပို့တယ်ကိုကြီး...မုန့်ဖိုးလည်းပေးသွားတယ်"
"မုန့်ဖိုးမလောက်ရင် ဖိုးထူးကိုလှမ်းဆက်မှာ...အားရှိတာ၀ယ်စား ပိုက်ဆံမနှမြောနဲ့"
"ဟုတ် ကိုကြီးရော အလုပ်တွေအဆင်ပြေရဲ့လား"
"ပြေတယ် ကိုကြီးဟိုတလောက ကျောက်ကောင်းတစ်လုံးရသေးတယ် သန့်ငယ်လေးဆီပြန်လာရင်းနဲ့မှ မန်းလေးကျောက်ဝိုင်း၀င်ရောင်းရမှာ...ဈေးဘယ်လောက်ရမယ်တော့မသိဘူး ဒီမှာလည်းဈေးပေးတဲ့သူရှိပေမဲ့ ပိုရတဲ့ဆီရောင်းချင်လို့"
"ဟုတ်လား ကိုကြီး...၀မ်းသာစရာပဲ...ကိုကြီးလည်း ကျန်းမာရေးဂရုစိုက်နော်"
"ကိုကြီးလာရင် ဘာ၀ယ်ခဲ့ရမလဲ..."
"ဘာမှမ၀ယ်ခဲ့နဲ့ကိုကြီး... ကျွန်တော်...ကိုကြီးကိုပဲမျှော်တာ"
သန့်ငယ်ပြောတော့ ကိုကြီးကခပ်ဖွဖွရယ်လျက်
"စကားတွေနဲ့ ချုပ်တတ်နေတာပဲ...ဒါဆို ဖုန်းချလိုက်တော့မယ် အကြာကြီးပြောလို့မကောင်းဘူး ကိုကြီးမှာတာတွေ မမေ့နဲ့နော်..."
"ဟုတ်ကိုကြီး..."
အရမ်းချစ်တယ် ဆိုတဲ့စကားကိုတော့ ရင်ထဲကနေသာ ပြောလိုက်ရသည်။ လူချင်းတွေ့မှ မ၀မချင်း ထိုင်ပြောပစ်အုံးမယ်...။ အခုတော့ ကိုကြီးအသံလေးကြားလိုက်ရ၍ လူကပျော်ရွှင်မှုဖြင့် မြောက်ကြွမြောက်ကြွ ဖြစ်နေတော့သည်။
"ဟိုမှာ ဟိုမှာ လာပါပြီဗျာ... ရုပ်ကိုကြည့် ၃ရက်လောက်ထိ အဲ့လိုဖြစ်နေမှာ"
"ဟားဟား!! ညီညီရာ မင်းသူငယ်ချင်းအကြောင်း
မသိတာလည်းမဟုတ်ပဲ ၅ရက်လောက်နေရင်
သစ်ကုကားအုပ်ပြန်ဖြစ်မှာကို"
တက်တိုးနဲ့ ညီညီစကားကို ကျန်တဲ့သူတွေကလည်း ပြုံးစိစိ။
"ဟိုနှစ်ကောင် ငါ့အတင်းတုတ်နေတာမလား..."
"သိ ပြီးသာပဲ..."
"အောင်မာ အောင်မာ ခပ်တည်တည်ပဲနော် မျက်နှာထားလေးတွေက ဟွင်း ဟွင်း..."
"ဖယ်စမ်းပါကွာ...မင်းရုပ်ကြီးမကြည့်ချင်ပါဘူး
ရုပ်ကိုက မင်းရဲစက် မဒိန်းကျင့်တော့မဲ့ရုပ်နဲ့!!"
"ဘာ!!! ငတက်ပြား မင်းကများငါ့ကိုပြောရတယ်ရှိသေး ... အေးပေါ့ကွာ မနာလိုဖြစ်နေတာ မဆန်းပါဘူး...နော့ ငါ့ရဲ့ဧ၀ရတ်လေးပဲကောင်းတယ် နော် သူငယ်ချင်းရာ"
ဧ၀ရတ်ကတော့ အချစ်မှာ ပျော်၀င်နေတဲ့ဆယ်ကျော်သက်ကောင်လေးရဲ့ အပြုံးတွေကို သဘောတကျနှင့်သာ တုန့်ပြန်လျက်....။
မင်းမင်းနဲ့ ဖြိုးသူကတော့ သူတို့ထုံးစံအတိုင်း ပြောစရာရှိမှသာပြောပြီး ကျန်တဲ့အချိန်ဆို ကောင်းတယ်
ဆိုးတယ် ၀င်ပြောလေ့မရှိတဲ့ နားထောင်သူပရိတ်သတ်တွေသာ။ ညီညီနဲ့ တက်တိုးကတော့ ဒိုင်ခံပြောတာပေါ့...သို့သော် သိသာစေအောင်တော့ ဘယ်တော့မှမပြော တခြားသူတွေသိ၍ လှောင်ပြောင်တာမျိုးတော့ သူတို့အဖြစ်မခံနိုင်။
သို့သော် တစ်ရက်မှာတော့ မထင်မှတ်ထားစွာပဲ ပြဿနာက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေ၏။
"ရုပ်ကြည့်တော့ ကုလားကအဖေပြန်ခေါ်ရမဲ့ရုပ်နဲ့
အဲ့ကောင်ခြောက်နေတာ သိလား..."
"သူတို့အဖွဲ့ထဲက ဟိုအသားဖွေးဖွေးနဲ့ကောင်လည်း ခြောက်နေတာပဲလေ...ပုံစံကြည့်ပါလား ဒါတောင်
ခပ်ချေချေနော် ဘယ်သူ့မှအပြောင်းအသင်းလုပ်တာမဟုတ်ဘူး"
"မင်းကလည်း သူ့ကိုပေါင်းမဲ့သူပဲ ရွေးပေါင်းတာနေမှာပေါ့"
"အေး သူတို့တစ်ဖွဲလုံး အတူတူတွေချည်းနေမှာပေါ့ကွာ"
ကျောင်းစာသင်ခန်းပြင်ပမှ မယ်ဇလီပင်အောက်တွင် ကျောင်းသားတစ်စုရဲ့ ပြောဆိုသံအား အမှိုက်ပြစ်ပြန်လာတဲ့ သန့်ငယ်နဲ့ဧ၀ရတ်မှ မထင်မှတ်ပဲကြားသွားလေသည်။ သို့သော် နှစ်ယောက်အတူတူ လျစ်လျူရှုဖို့ပဲတွေးကာ မသိချင်ယောင်ဆောင်မည်ပြုစဉ်...
"ဟို အသားမဲမဲကောင်က သူ့အစ်ကိုနဲ့ပြန်ကြိုက်နေတာဆိုလား...ငါဘော်ဒါဆောင်မှာ သူတို့တွေစကားပြောတာကြားဖူးတယ်.. "
"ဟင် အစ်ကိုအရင်းကြီးလား"
"ဟုတ်မလားကွ၊ မွေးစားအစ်ကိုပေါ့ ငါကြားတာ သူငယ်ငယ်ထဲက မွေးစားထားတယ်ကြားတာပဲ...
အဲ့ကောင် ဖုန်းပြောတဲ့နေ့ဆို သိသာတယ် ငါလည်းအစကမယုံဘူး ဒါပေမဲ့ အဲ့ကောင်ဖုန်းပြောတဲ့နေ့ဆိုသိသာတယ်ကွာ လုံး၀ရည်းစားနဲ့ပြောနေတဲ့ပုံကြီး"
"ဖွီ...! ရွံစရာကြီးကွာ... ယောင်္ကျားချင်း ဘယ်လိုများခံစားကြလဲမသိ "
"မင်းကလည်း ဟိုက မွေးပြီးစားတာနေမှာပေါ့...
သိတဲ့အတိုင်း..."
"ဟေ့ကောင် မင်းဘာစကားပြောတာလဲ"
အမှိုက်ပုန်းကို ပစ်ချလျက် အနားရောက်ကာ အင်္ကျီကော်လာကို ဆွဲဆုပ်လာသူကြောင့် ထိုကျောင်းသားတစ်စုမှာ ရုတ်တရက်ကြောင်သွားလေ၏။ ပြီးမှ နှစ်ယောက်ထဲလာတာသတိသွားမိသွားဟန်ဖြင့်
"ဘာကိုလဲ မင်းခြောက်နေတဲ့ကိစ္စလား...အနာပေါ်ဒုတ်ကျတော့ စပ်သွားတာလား ဟုတ်လား အဟွန်း..."
"အဲ့ဒီနောက်ကစကားကို ပြန်ပြောလိုက်စမ်း..."
"ဘာစကားလဲ...ဪ မွေးပြီးစားတဲ့ဟာလား"
"ခွေးသား!! မင်းကများ ငါ့ကိုကြီးကိုတောင် သေချာ
မသိပဲနဲ့ စော်ကားရဲတယ်ပေါ့...ခွပ် ခွပ်"
"ဟာ မင်းဘာလုပ်တာလဲ!! ခွပ် ခွပ်"
"ဟေ့ကောင်တွေ မင်းတို့ဘာလုပ်တာလဲ"
ဧ၀ရတ်ကလည်း သန့်ငယ်ကို ပြန်လုပ်တာတွေ့တော့ ၀င်ဆွဲရင်း ၀င်ထိုးတော့သည်။ သို့သော် ဟိုဘက်ကအဖွဲ့လိုက်၅ယောက်ရှိတာမို့ ဧ၀ရတ်တို့နှစ်ယောက်ကသာ အထိများလေ၏။
"ငါ့ဖာသာ ခြောက်ခြောက်စိုစို မင်းတို့နဲ့ဘာဆိုင်လဲ!! နောက်တစ်ခါ ငါ့ကိုကြီးကို စော်ကားပြောဆိုတာမျိုးတွေ့ကြည့် မင်းကိုအသေသတ်ပစ်မှာ!! ဖယ်စမ်း ခွပ်!"
" မွေးပြီးစားတယ် ဟုတ်လား...မင်းတို့စိတ်နဲ့နှိုင်းပြီးရိုင်းမနေနဲ့ကွ...!!"
သန့်ငယ်က သူ့ကိုကြီးကို ပြောတဲ့စကားကို တနုံ့နုံ့ဖြင့် ဒေါသထွက်လိုက် ထိုးလိုက်နဲ့ဖြစ်နေ၏။
ရန်ပွဲက တစ်စနဲ့တစ်စ ကြီးလာတော့ ဘေးနားက ကျောင်းသားတွေက သတိထားမိသွားကာ တွေ့ရာဆရာကို သွားတိုင်တော့သည်။
"ဟေ့! ရပ်ကြစမ်း...!! အကုန်ရပ်... !! မင်းတို့ကိုယ်မင်းတို့ ကျောင်းသားတွေဆိုတာ သိရဲ့လား ဟမ်... ရန်ဖြစ်ချင်ရင် အဖြူအစိမ်းတွေချွတ်ပြီး လမ်းဘေးသွားဖြစ်ကြ ကျောင်း၀န်းထဲလာပြီး လမ်းဘေးသူခိုးတွေလို ရန်ဖြစ်နေကြတာ မရှက်ကြဘူးလား ဟမ်..."
ဆရာရောက်လာမှ အားလုံးက ရပ်သွားကြတော့သည်။ ကျောင်းသားတွေကလည်း ဝိုင်းကြည့်လာပြီး သန့်ငယ်နဲ့ ဧ၀ရတ်မျက်နှာမှာလည်း ပေါက်ပြဲရာတွေနဲ့ စုတ်ပြတ်နေလေသည်။
"မင်းတို့ ဘယ်အတန်းကလည်း ပြောစမ်း"
"ဒဿမတန်း (B) ခန်းကပါ"
"ဒီကျောင်းမှာ မင်းတို့ထက်ကြီးတာ ဆရာတွေပဲရှိတော့တယ်... အတန်းကြီးတွေဖြစ်ပြီး ကလေးတွေရှေ့ မရှက်ကြဘူးလား ဟမ်..!! မင်းတို့ဒီလိုလုပ်ပြနေတော့ နောက်ကလေးတွေပါ အတုယူကုန်နိုင်တယ်ကွ"
"ကျောင်းအုပ်ကြီး ရုံးခန်း အကုန်လိုက်ခဲ့ကြ..."
ဟို၅ယောက်မှာ သန့်ငယ်တို့ကို မကြည်ကြည့်ကြည့်ကာ ဆရာနောက်မှလိုက်သွားကြလေသည်။ သန့်ငယ်နဲ့ ဧ၀ရတ်က အမှိုက်ပုံးကို ပြန်ကောက်ကာ အနောက်မှလိုက်လာ၏။
"မင်း ဘာကိစ္စ၀င်ပါတာတုန်း...မိဘခေါ်နေမလားမသိဘူးနော်"
"ငါ့သူငယ်ချင်းကိုထိုးနေကြတာ ဒီတိုင်းကြည့်နေရမှာလားကွ...မင်းကလည်း ငါတားချိန်တောင်မရလိုက်ဘူး ခြေထောက်မှာစက်တပ်ထားသလားမှတ်ရတယ်
မြန်တာ"
"ဟိုကောင်တွေ သိရင်ဘယ်လိုနေမယ်မသိဘူး"
"သေချာပေါက် ဒေါပွနေမှာပေါ့... ငါ့မျက်နှာချောချောလေး အမာရွတ်ကျန်ရင်တော့ မင်းတာ၀န်ယူပေးရမယ်...အချစ်ဦးလေးက ဒီလောက်ချောတာတောင် လှည့်မကြည့်ပါဘူးဆို အမာရွတ်နဲ့သာဆိုလို့ကတော့"
"မကျန်ပါဘူးကွာ မင်းကလည်း...ငါ့ကိုကြီးဆိုင်ကယ်လဲတုန်းက ၀ယ်လိမ်းတဲ့အမာရွတ်ပျောက်ဆေး၀ယ်လိမ်းပေးမယ်"
"အေး ပြီးသာပဲ... ဘော်ဒါက ဆရာကြီးနဲ့တင် ကိစ္စပြတ်ရင်ကောင်းမယ် အိမ်ကဘိုးတော်နဲ့က အလိုလိုမှ
မကြည်ပါဘူးဆို"
"ငါလည်း ကိုကြီးကို မသိစေချင်ဘူး"
"လောလောဆယ်တော့ အပြစ်ပေးခံမှာကျိန်းသေတယ်"
နှစ်ယောက်သမား နောက်ကနေ တိုးတိတိုးတိပြောလျက်နှင့် ကျောင်းအုပ်ကြီးရုံးခန်းကိုပါသွားကြလေသည်။ နှစ်ယောက်စလုံးက ပါးစပ်ကသာ ကြောက်နေကြပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဘာမှမဖြစ်ခဲ့သလို... ရုပ်တွေကလည်း သူတို့မမှားဘူးဆိုတဲ့ မျက်နှာထားတွေနဲ့ဘာမထီဟန်အပြည့်။ တစ်ယောက်မျက်နှာက ဒဏ်ရာကို တစ်ယောက်ကကြည့်ပေးလျက် ဖိုသီဖတ်သီဖြစ်သွားကြတဲ့ ဆံပင်ဘုတ်သိုက်ကိုလည်း အချင်းချင်းပြန်ပြင်ပေးလိုက်ကြသေးတာ...။
ဒဿမခန်း(B)မှ ကျောင်းသား၄ယောက်ကတော့ သူတို့သူငယ်ချင်းတွေ ရန်ဖြစ်၍ ကျောင်းအုပ်ကြီးရုံးခန်းခေါ်သွားခံရတယ်ဆိုတဲ့ သတင်းကြောင့် အပြေးအလွှားတန်းစီထွက်လာခဲ့ကြလေသည်။
**
အမှန်တော့မနက်တည်းကရေးပြီးအပ်မလို့ပါ
မထင်မှတ်ပဲ စိတ်မကောင်းစရာသတင်းကိုကြားလိုက်ရတော့ လူကမျှော်လင့်ချက်မဲ့သွားသလို moveဘယ်လိုမှထည့်မရတော့လို့...အခုလည်း အဲ့ဒီကိစ္စကိုတွေးမနေချင်တာနဲ့ စာထဲပဲစိတ်နှစ်ပြီး up လိုက်တာ
ကြယ်လေးတွေ မန့်လေးတွေမျှော်နေမယ်နော်...❤️
ကိုကြီးက ဘဘုန်းကိုရော မင်းမင်းကိုရော ဖွင့်ပြောတဲ့နှစ်ကြိမ်စလုံးမှာ သူ့ဘက်ကမေတ္တာရှိနေတယ်ဆိုတာကို အရင်ဖွင့်ပြောပြီးမှ နှစ်ဦးသဘောတူ မေတ္တာရှိနေပြီဆိုတဲ့အကြောင်းကို ဖွင့်ပြောတာနော်...( ကိုကြီးက စကားလုံးတွေကနေရော၊ အပြုအမူကနေရော သူ့ချင်ခြင်းကိုမြင်အောင်ပြသွားတာ)
Breeze 🤍
18.Nov.2024