မိုးရေကြောင့်လား၊ ဘရန်ဒီကြောင့်လားမသိပေမယ့် သူဖျားနေတာတော့ သေချာသည်။ခုတင်ပေါ်တွင် ခြေဆင်းလျက် ခေါင်းထောင်ရုံသာမှီနိုင်သည်အထိ လူက ဘယ်လိုမှ မလှုပ်ချင်မကိုင်ချင်လောက်အောင် ညောင်းကိုက်နေ၏။
"အစာဝင်မှ ဆေးသောက်လို့ရမယ် ညီဒေါန ၊ ဒီတစ်ပန်းကန်တော့သောက်လိုက်ပါ"
အိမ်ရှင်ကို အားနာသော်လည်း သူဘယ်လိုမှ စားမဝင်တာကြောင့် ခေါင်းယမ်းပြရတာအကြိမ်ကြိမ်။
"ခက်တော့တာပဲ ၊ ကျုပ်ဘာလုပ်ပေးရမလဲ"
ဆန်ပြုတ်ပန်းကန်အား ဘေးသို့ချလိုက်ရင်း ဦးမင်းဥာဏ်မှ မျက်နှာထားတည်တည်ဖြင့်ပြောသည်။မနေ့ညက တစ်ညလုံး အဖျားတက်တော့ ရေပက်တိုက်တာကအစ ဆေးတိုက်တာအဆုံး ဦးမင်းဥာဏ်စိတ်ရှည်လက်ရှည် ပြုစုပေး၏။ယခုမနက် အစာမရှိသောကြောင့် ဆေးထပ်တိုက်ရင် ထိုးအန်ရုံသာရှိမည်။ပြောရဆိုရ ခက်သည့် လူငယ်တစ်ယောက်အသွင် ညီဒေါနဖြစ်နေပြီး လွန်စွာအားနာသွားရ၏။
"တောင်းပန်ပါတယ် ဦးမင်းဥာဏ် ကျွန်တော် ဘယ်လိုမှကို စားမဝင်လို့ပါ"
ဦးမင်းဥာဏ်က အစား,စားရန်ထပ်၍ မတိုက်တွန်းတော့ဘဲ သူ့မျက်နှာကိုကြည့်ရင်းမှ ဆေးတံဖွာနေသည်။ထို့နောက် မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း ခေါင်းတညိတ်ညိတ်ဖြင့်
"ဖြစ်တတ်ပါတယ် ၊ ပူဆွေးနေမှာပေါ့"
သူတိတ်ဆိတ်မြဲ ဝန်ခံလိုက်သည်။
"မောင်ရင့် အကိုတွေမသတ်လဲ အဲ့ဒီမြို့အုပ်မင်းက အနှေးနဲ့အမြန်သေမှာပဲ၊ ကျုပ်တော့ ဒီလုပ်ရပ်အပေါ် ဂုဏ်ယူတယ် အားရတယ် ညီဒေါန"
"သူပုန်လို့ သတ်မှတ်ခံရတာတော့ မလုံခြုံဘူးလေ၊ သူတို့နှစ်ယောက်လုံး အသက်အန္တာရယ်ကြုံနေချိန်မှာ ကျွန်တော်က အရိပ်နဲ့အမိုးနဲ့ စားစရာအရံသင့် ၊ ရှက်ပြီး သေဖို့တောင်ကောင်းတယ်"
ဦးမင်းဥာဏ်က ဆေးတံမှ ပြာများကို ခွက်ထဲခါချလိုက်ပြီး
"ကျုပ်ပြောတာ သေချာနားထောင်ပါ ညီဒေါန .... မင်းရဲ့ မိဘနှစ်ပါးကလည်း ဒီလိုအခြေအနေနဲ့ အသက်ပေးသွားကြရတယ် မဟုတ်လား"
