*** My Possessive Bad Hubby ***
ep (4)
နွေရိပ် မြတ်မဒီ စံအိမ်ကို ရောက်တော့ အချိန်အားဖြင့် မနက် 8 နာရီတောင် ကျော်နှင့်နေပြီ ။ အိမ်ရှိလူတိုင်းက တာဝန်ကျေနေဆဲ ၊ ခြံထဲ စဝင်ကတည်းကနေ အိမ်ထဲ ရောက်တဲ့ထိ တယောက်မှ အားလပ်တဲ့သူ မရှိကြပေ ။ သူ့ကိုမြင်တော့လည်း ရယ်ရယ်ပြုံးပြုံးနှင့် နှုတ်ဆက်သမှု ပြုကြ၏ ။ နွေရိပ်သည်လည်း သွားတက်ချွန်ချွန်လေး ပေါ်တဲ့ထိ ရယ်ပြဖို့ မေ့မနေခဲ့ပါ ။
" ရိပ် မယ်မယ် ဒီမှာ "
အသံက ထမင်းစားဆောင်ထဲက ဖြစ်သည် ။နွေရိပ်သည်လည်း စာသင်ဖို့ရန် တန်းမသွားသေးဘဲ သခင်မကြီး လှမ်းခေါ်တဲ့ ထမင်းစားဆောင်ထဲ ဝင်လာခဲ့လိုက်သည် ။ အခန်းထဲ ဝင်တာနဲ့ စားချင့်စဖွယ် မွှေးရနံ့တစ်ခုကို အရင်ရလိုက်ပြီး စားပွဲပေါ်တွင် သေသပ်လှပစွာ ခင်းကျင်းထားတဲ့ မုန့်ဟင်းငါးစားဖို့ ပါဝင်ပစ္စည်း မျိုးစုံကို တွေ့ရသည် ။ မုန့်ဖတ် သုံးလေးမျိုး ၊ အလုံးလိုက် နွှာထားသော ဘဲဥတွေ ၊ ပဲကြော် ၊ ငါးဖယ် ၊ နံနံပင် ၊ ပဲသီး နှင့် ခပ်ရဲရဲ ငြုပ်သီးမှုန့်ပန်ကန်ကလည်း နွေရပ်စားချင်အောင် မြူဆွယ်နေသလို ။
" သား ရိပ်ထိုင်လေကွယ် "
" ဟင် ဟုတ်ကဲ့ "
အစားသောက်ကြောင့် လွင့်မျောသွားသော စိတ်ကလေးက သခင်မခေါ်သံကြောင့် ပြန်ရောက်လာရသည် ။ ခုမှ သတိထားမိတာ အခန်းထဲတွင် သခင်မ တယောက်ဘဲ ရှိ၏ ။ သေချာသည်ကတော့ ဤအိမ်တော်က အမျိုးကောင်းသား မနက်စာ လာစားတော့မည်ထင်သည် ။ ထိုအခါ သူစိမ်းဖြစ်တဲ့ နွေရိပ်သည်လည်း ဒီအခန်းထဲတွင် ဆက်ရှိနေဖို့ မသင့်တော်ပါ ။ သူက လူတွေများရင် မကြိုက်ဖူးမလား ။ သို့ပေသိ ဝင်ထိုင်လိုက်ပြီးမှ ချက်ချင်းပြန်ထဖို့ မဖြစ်နိုင်တာကြောင့်
" သခင်မကြီး ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား "
" အိပ်ပျော်ပါသတဲ့ရှင် သားလေးရောက်နေတော့ ဒီမယ်မယ် စိတ်ချမ်းသာနေတာလေ "
အဲ့ဒီ့ အမျိုးကောင်းသားက ဘယ်နေရာများ စိတ်ချမ်းသာအောင် ထားလိုက်တာလဲလို့ နွေရိပ် မသင့်တော်လို့ မမေးတော့ပါ ။ ထိုအစား ပြုံးလျှက်ပင် ခေါင်းသာ ငြိမ့်ပြလိုက်ရပါ၏ ။ ထိုအခါ သခင်မကဘဲ ဆက်ပြော၏ ။
