Chapter 35
Nay Chi LynnAugust 30, 2024
အပိုင်း (၃၅)ကြက်ဖတွန်သံကြားသည်နှင့် ရွှီဟယ် အိပ်ရာမှ နိုးထလာခဲ့သည်။
ကောင်းကင်ယံ၌ မှောင်ရိပ်သန်းနေသေးသည်တိုင် နွေဦးရာသီအလယ်သို့ တဖြည်းဖြည်း ရောက်ရှိလာပြီ ဖြစ်ရာ နေထွက်စော၍ နေ့တာရှည်လာသဖြင့် တခြားလူများထက် စောစောထချင်သူများက နေမထွက်ခင် မှောင်ချိန်မပြက်ပျယ်သေးခင်မှာတင် ထကြရသည်။
ရွှီဟယ် မီးဖိုချောင်သို့ ဆီမီးအိမ်ကိုင်လျက် သူနှင့် ကျန်းဖန့်ယွမ်တို့ အဖို့ မနက်စာနှင့် နေ့လယ်စာပြုလုပ်ရန် သွားလိုက်သည်။ ကျန်းဖန့်ယွမ်သည်ကား မီးဖိုထဲ ထင်းတုံးကြီး နှစ်တုံး ပစ်ထည့်ကာ မီးမွှေးပြီးမှ ခြံထဲရှိ ရှောင်ဟေးကို အစာကျွေး၊ ရေတိုက်ရန် ထသွားလေသည်။ မြင်းနက်ကြီးအား သေချာအစာကျွေးထားပါက မြို့တက်ချိန်၌ ပို၍ မြန်မြန် ပြေးနိုင်လိမ့်မည်။
မိုးသောက်ချိန် မရောက်မီက ကျီးကျို တစ်ရွာလုံး အမှောင်ထုထဲ တိတ်ဆိတ် နေခဲ့သော်လည်း နေ့တစ်နေ့၏ အစဦး နေရောင်ခြည်နုနုထွေး ဖြာကျလာသည်နှင့် ငြိမ်သက်နေခဲ့ရာမှ မလှမ်းမကမ်း အိမ်များဆီက အသံများ စ ကြားလာရသည်။ မီးဖိုထဲ ဝါးတချို့ ပစ်ထည့် မီးမွှေးလိုက်၍ တဖောက်ဖောက် မြည်သံတို့ ထွက်ပေါ်လာသဖြင့်ရွာထဲ၍ အိမ်တချို့ နိုးနေကြပြီမှန်း အလိုလို သိနိုင်လေသည်။
မကြာခင်မှာပဲ မြင်းလှည်းတပ်ဆင်နေသော ကျန်းဖန့်ယွမ် တစ်ယောက် အသားနံ့မွှေးမွှေးလေးကို မနက်ခင်းလေအဝှေ့၌ သင်းပျံ့စွာ အနံ့ရလိုက်သည်။ အသားနံ့ နောက်သို့ အနံ့ခံလိုက်သွားရာ မီးဖိုချောင်သို့ ရောက်သွားလျက် ရွှီဟယ် မှာ အသားကြော်ပြီးနောက် နေ့လည်စာဘူးအတွက် ထုပ်ပိုးနေသည်ကို တွေ့လိုက်ရတော့သည်။
"မွှေးနေတာပဲ ဘာတွေလဲ ?"
ဘေး၌ လာရပ်၍ လက်နှစ်ဖက် နောက်ပစ်ကာ နေ့လည်စာဘူးထဲသို့ ပစ်၀င်လုနီးပါး စိုက်ကြည့်နေသော ကျန်းဖန့်ယွမ် အား ရွှီဟယ် လှည့်ကြည့်ချိန်၌ တွေ့သွားသည်။ ရွှီဟယ် အိုးထဲမှ နောက်ဆုံး အသားတစ်တုံးကို ခပ်လိုက်ပြီးနောက် နေ့လယ်စာဘူးထဲသို့ မထည့်တော့ပဲ တူဖြင့် ညှပ်ရင်း "အစာလာတောင်းသည့် ခွေးကြီးအား ကျွေးခြင်း" အမှုကို ပြုလုပ်လေသည်။

YOU ARE READING
?????????????????????????????????????????????????????????????????????
Historical Fiction???????????????????????