ပိန်းပိတ်အောင်မှောင်မဲကာ တိတ်ဆိတ်နေသောပတ်ဝန်းကျင်တစ်ခု... အလင်းရောင်ဟူ၍မှိန်ပျပျလင်းတတ်သောကြယ်ကလေးများပင်မမြင်ရ... လူသွားလူလာမရှိတော့သောလမ်းမကြီးထက်တွင် ဖိနပ်မပါခြေဗလာဖြင့်ပြေးလွှားနေသော လူတစ်ယောက်သာရှိသည်...
လမ်းမကြီး၏ဘေးတစ်ဖက်တစ်ချက်စီမှ အုံ့မှိုင်းမှိုင်းနှစ်ချို့သစ်ပင်ကြီးတွေဆီမှလေတိုးသဖြင့် သစ်ရွက်လှုပ်သံတရှဲရှဲမှလွဲ၍ ကြက်သီးထစရာတိတ်ဆိတ်နေသည့်ညဉ့်သန်းခေါင်ယံတွင် အားသွန်ခွန်စိုက်ပြေးလွှားနေသူသည် မောပန်းရကောင်းမှန်းမသိသည့်ပုံ... ပြေးလွှားနေရင်းက နောက်ဘက်ကိုမကြာမကြာလှည့်ကြည့်ကာ မျက်နှာထက်တွင်လည်းချွေးစေးများစိုရွှဲလျက်...
"တောင်းပန်ပါတယ် ~~ တောင်းပန်ပါတယ်~~ ကယ်ကြပါ~~"
ထိတ်လန့်စွာထွက်ပေါ်လာသော အသံတိုးတိုးလေးသည် ရှိုက်သံတစ်စွန်းတစ်စတို့ကပ်ညိနေသေးသည် ..
"အ့!"
မောပန်းစွာလမ်းမထက်လဲကျသွားသောကောင်လေးသည် နောက်ဆုံးလက်ကျန်အားလေးဖြင့် ကြိုးစားထနေပေမယ့်အရာမထင်တော့... တစ်ကိုယ်လုံးနက်စွေးစွာဝတ်ဆင်ထားသောကောင်လေး၏ ခြေဖဝါးဖြူဖြူလေးနှစ်ဖက်တွင် ကပ်ညှိနေသောကျောက်စရစ်ခဲသေးသေးလေးများနှင့်အကြိမ်ကြိမ်ပွတ်တိုက်မှုကြောင့် သွေးစို့နေသောအစင်းရာအခြစ်ရာများနှင့် ဗရပွဖြစ်နေသည်...
လက်ချောင်းလေးတွေအထိမြုပ်နေအောင် အနက်ရောင်ဟူဒီအင်္ကျီကြီးကိုဆွဲချကာ ပေါ်နေသောခြေဖဝါးလေးတွေကိုခပ်ပွပွဘောင်းဘီကြီးနှင့်အတင်းဖုံးနေပြန်သည်... လန်ကျနေတဲ့ခေါင်းစွပ်ကြီးကိုမျက်နှာတစ်ဝက်ဖုံးတဲ့အထိအုပ်ပစ်လိုက်တာကြောင့် အခွံထဲဝင်ပုန်းနေတဲ့လိပ်ကလေးလိုသနားစဖွယ်...
ဒူးနှစ်ဖက်ကိုပိုက်ထားပြီး တုန်ရီနေသောကောင်လေးထံမှ ရှိုက်သံတိုးတိုးလေးကအဆက်မပြတ်ပေါ်ထွက်လျက်ရှိသည်...
"ရှပ် ~~~ ရှပ် ~~ ရှပ်~~"
"ဟီ~~ ဟီ ~~ဟီ~~"
တိတ်ဆိတ်နေသောအမှောင်ထဲမှ ခြောက်ခြားဖွယ်ကောင်းသောအသံနှင့်အတူ တရွေ့ရွေ့နီးကပ်လာဟန်ရှိသော ခြေသံများ... လမ်းမထက်ကကောင်လေးခန္ဓာကိုယ်ကတစ်ချက်တောင့်တင်းသွားကာ တစ်ဖန်တဆတ်ဆတ်တုန်ရီလာပြန်သည်... အသံထွက်မလာစေရန် ပါးစပ်ကိုလက်ဖဝါးလေးနှစ်ဖက်ဖြင့်အတင်းအုပ်ထားပြီး မျက်ရည်များကတာကျိုးသလိုစီးကျနေသည်မှာ အဆက်မပြတ်...
