တစ်ယောက်ယောက်ကနောက်ကနေသူလုပ်သမျှလိုက်ကြည့်နေတဲ့ဆိုတဲ့ခံစားချက်.... ညဘက်ပဲဖြစ်ဖြစ် နေ့အချိန်ပဲဖြစ်ဖြစ် မမြင်ရတဲ့အမှောင်တစ်နေရာကနေတစ်ယောက်ယောက်ကစောင့်ကြည့်နေသလိုမျိုး... အသေးငယ်ဆုံးအမှောင်ထုလေးကတောင် သူ့ကိုအလွတ်မပေးနေသလိုမျိုး...
ပြီးတော့အိပ်မက်တွေ... နားလည်ဖို့ခက်ခဲတဲ့အိပ်မက်တွေထဲ ကောင်းကင်ဘုံကိုရောက်သွားပြီဖြစ်တဲ့အဖေနဲ့အမေက တစ်ခုခုသတိပေးနေသလို... တစ်စုံတစ်ခုကိုထိတ်လန့်တုန်လှုပ်နေသလို...
အခုတလောစားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းအလုပ်တစ်ခုဝင်လုပ်နေတာကြောင့် ညဘက်အိမ်ပြန်ချိန်တွေကနောက်ကျသည်... သူအိမ်ပြန်လာတဲ့အချိန်တိုင်း တစ်ယောက်ယောက်ကနောက်ကလိုက်နေသလိုပဲ... မဟုတ်ဘူး... အချိန်တိုင်းသူ့နောက်ကလိုက်ပြီး သူ့ကိုစောင့်ကြည့်နေတာ...
"လူကလေးရေ~"
ရေချိုးပြီးကာစ မှန်ရှေ့မှာရပ်ကာအတွေးလွန်နေတုန်း အပြင်ဘက်ကဖွားခေါ်သံကြောင့် သတိပြန်ဝင်လာရသည်..
"ဗျ ဖွား လာပြီ"
ထမင်းစားခန်းကခုံမှာထိုင်နေတဲ့ဖွားက သူညဘက်တွေအိမ်ပြန်နောက်ကျတာတောင် ညစာမစားဘဲစောင့်နေတတ်ကာ သူလာမှသူနဲ့အတူလက်စုံစားတတ်တာဖြစ်သည်...
"ဖွား ဘာဟင်းတွေချက်ထားတာလဲ မွှေးနေတာပဲ~"
"လူကလေးအကြိုက်တွေချက်ထားတာပေါ့ လာ ပန်းကန်ပေးဖွားကို~"
"ကျေးဇူးပါဗျ~~"
"စား စား များများစား~"
ထမင်းစားပြီးတော့ ဘေစင်မှာပန်းကန်တွေဆေးနေတုန်း မသိစိတ်ကခြံထဲကတစ်နေရာရာကနေသူ့ကိုစိုက်ကြည့်နေတဲ့ခံစားချက်ကြီးကြောင့် ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်မိသည်... ခပ်ရေးရေးလရောင်အောက်မှာလေနှင်ရာယိမ်းနွဲ့နေတဲ့ပန်းပင်တွေကလွဲလို့ဘာမှမရှိ...
"ဟင်!"
မီးဖိုခန်းကအိမ်ရဲ့နောက်ဘက်ပိုင်းမှာမို့ ပန်းကန်ဆေးတဲ့ဘေစင်နားကပြတင်းပေါက်ကနေလှမ်းကြည့်လျှင် ဖွားအကြိုက်ဆုံးစံပယ်ရုံကြီးကိုတိုက်ရိုက်မြင်နေရတာပင်...စံပယ်ရုံတွေနားမှာဖျတ်ခနဲမြင်လိုက်ရတဲ့အရိပ်လိုလိုအရာကြောင့် ထိုနေရာကိုသေချာအာရုံစိုက်ကာပြန်ကြည့်လိုက်မိတော့ဘာမှမရှိ...
