{Unicode}
... အစ်ကို ပျိုးငယ်မှာ
အစ်ကို့ရဲ့ အကောင်အထည် ရှိနေပြီတဲ့...။****
ရက်အနည်းငယ် အကြာ...
"အမေ... ကျွန်တော် လယ်ထဲ ခဏ သွားလိုက်ဦးမယ်... ဆေး လိုမလို သွားကြည့်မလို့..."
သားဖြစ်သူကတော့ မီးဖိုခန်းထဲမှာ နေမကောင်းလို့ အင်္ကျီလက်ရှည်နဲ့ပင် ရှိနေသည့် ပျိုးငယ်ကို စိတ်မချစွာ ကြည့်လာရင်းမှ ပြောလာသည်။ သားဖြစ်သူ အကြည့်နောက်သို့ လိုက်ပါကြည့်ရှုရင်းမှ ...
"ပျိုးငယ်လေးကိုရော ခေါ်မသွားတော့ဘူးလား သား..."
"ကျွန်တော် ချက်ချင်း ပြန်လာမှ အမေ... ကျွန်တော် တောထဲသွားတဲ့ အချိန်တော့ ဘာမှမဖြစ်ပါစေနဲ့... ဂရုစိုက်ပေးပါ..."
သူ့မိန်းမ ဖြစ်သူနဲ့မှသာ စကားအများကြီးကို သားဖြစ်သူထံမှ ကြားရတော့သည်..။ ကျန်သည့် အချိန်ဆို သူ့ဆီက စကားတစ်ခွန်းထွက်ဖို့ မနည်းကို တောင်းဆိုရမယ့် အလားလာပင် ဖြစ်သည်။
သူများတွေ မူးရင် သွေးဆိုးပြီး စကားများ ပေါတယ်တဲ့... သားဖြစ်သူကတော့ မဟုတ်ပါ... စကားကို အဲ့လောက်မပြော... မေးထူးခေါ်ပြောတောင် တစ်ခါတစ်လေ ခေါင်းညိမ့် ခေါင်းခါရုံလောက်ဖြင့်... သောက်ပြီးတာနဲ့ သူ့ဘာသာ အိမ်ပေါ်က သူ့အခန်းထဲ သွားပြီး ထိုးအိပ်လိုက်တာပင် ဖြစ်သည်...။
"အေးပါ... ဒါနဲ့ ပျိုးငယ် ကြည့်ရတာက သာမန် နေမကောင်းတာမျိုးတော့ မဟုတ်လောက်ဘူး...။ သူ့ကြည့်ရတာ တစ်ခုခုကို လေးလံနေသလိုနဲ့... ပြီးတော့ ခဏ ခဏလဲ အန်နေတယ်.... အမေကတော့ တစ်ခုခုပဲလို့ ထင်တယ်... မင်း သေချာလေး သူ့ကိုစစ်ဆေးသင့်တာတွေ စစ်သင့်တယ်..."
"ဟုတ်ကဲ့ပါ အမေ..."
ခေါင်းကို တစ်ချက်ညိမ့်ကာ မီးဖိုတစ်ဖက်မှာ ရှိနေသည့် သူကလေးရှိရာသို့ ...
"ပျိုးငယ်... တောထဲ ခဏသွားလိုက်ဦးမယ်နော်... ဘယ်မှ မသွားနဲ့...။ ဘာမှလဲ မလုပ်နဲ့... အမေ့ကို ပြောထားပြီးပြီ..။ ငါ ပြန်လာတာနဲ့ မင်းကို မြင်ချင်တယ်..."
"ဟုတ်ကဲ့ အစ်ကို..."
"ဘယ်မှ မသွားနဲ့... ဒါက နှစ်ခွန်းမြောက်ပဲ... ပျိုးငယ်..."
