သက်တန့်အိပ်ယာကနိုးလာချိန်တွင် ခေါင်းတွေအုံတုံတုံနှင့် မျက်လုံးတွေက မဖွင့်ချင်ဖွင့်ချင်ဖြစ်နေဆဲမို့ နိုးနေသော်ငြား မျက်လုံးတွေကို ဆက်လက်ဖိပိတ်ထားမိသည်။ သူ မထချင်သေး။ သို့သော် သူ့ခါးနားတစ်ဝိုက်ကို ဖက်တွယ်ထားတဲ့ အထိအတွေ့ကြောင့် မျက်ခုံးတွေကိုတော့ စုကျုံ့မိလိုက်သည်။
ငါ့ကို ဘယ်သူဖက်ထားတာလဲ!
တစ်ဆက်တည်း မျက်လုံးဖွင့်ကြည့်မိလိုက်လျှင် သူရဲ့ကိုယ်တစ်ခြမ်းက လူတစ်ယောက်ရင်ဘတ်ပေါ် လုံးလုံးလျားလျားရောက်နေတာမို့ မျက်လုံးတွေပြူးကျယ်သွားမိ၏။
ဗုဒ္ဓေါ!!
အနေအထားကိုကြည့်လိုက်တော့လဲ အိပ်ယာပေါ်မှာကန့်လန့်ဖြတ်အနေအထားနဲ့ ဘာခေါင်းအုံးမှမအုံးပဲ နှစ်ယောက်လုံးအိပ်ပျော်နေတာ။ ညီညာသေသပ်စွာ ဖိပိတ်ထားတဲ့ ခပ်ထူထူနှုတ်ခမ်းတစ်စုံနှင့် ခပ်ထင်းထင်းမျက်ခုံးတွေရှိတဲ့ မျက်နှာပြင်ကို မြင်လိုက်ချိန်မှာတော့ လူကလန့်ဖြန့်၍ ချက်ချင်းထထိုင်မိသွားတော့၏။ သူ၏ အလန့်တကြားထထိုင်မှုကြောင့် တစ်ဖက်လူကလည်း နိုးလာပုံရကာ မျက်လုံးတွေကိုဖြေးဖြေးချင်း ဖွင့်ကြည့်လာသည်။
"မင်း...မင်း ညကအခန်းမပြန်ဘူးလား"
"အင်း ဒီမှာပဲအိပ်ပျော်သွားလို့"
ဖြေတဲ့သူက ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးပေမဲ့
သက်တန့်မှာ အိပ်ယာနိုးခါစက အနေအထားကို တွေးမိ၍ မျက်နှာလေးရဲချင်ချင်။ သူ ဘယ်လိုလုပ် ဒီသရင်ခွင်ထဲ အိပ်ပျော်နေမိတာလဲ။ ရှက်စိတ်ကြောင့် မျက်လွှာတွေချမိသွားခါမှ မျက်လုံးအစုံက ပိုမိုပြူးကျယ်သွားရသည်။
ဒါဘာတွေလဲ...! ဘာတွေလဲ....!
စုန်းကိုက်သွားတာလား။ ဒီလောက်အများကြီး!
ပေါင်နှစ်ဖက်မှာ စုစုပေါင်း ၇ခုတောင်ရှိတဲ့ကိုက်ရာတွေကိုကြည့်၍ သက်တန့်ပြာယာခတ်စွာ အဖြေရှာနေမိ၏။ ဘယ်ဘက်ပေါင်က ကြောင်ပုံတက်တူးထဲမှာထိ ကိုက်ရာတွေ...။ သူ့ကိုဘယ်သူတွေကများ
မနာလိုဖြစ်နေလို့ ဒီလောက်ထိကိုက်ထားကြတာပါလိမ့်။ ဒီလောက်တောင်ကိုက်ထားရင် စုန်းက
တစ်ကောင်တည်းတောင်ဟုတ်ပါ့မလား။
ဘုရား ဘုရား...။ တစ်ခါမှလဲ အဲ့လိုမကြုံဖူးပါဘူး။ တကယ်ကြီးစုန်းကိုက်ခံလိုက်ရတာလား! သူများတွေပြောတာကြားဖူးပေမဲ့ ကိုယ်တိုင်တော့ အခုမှကြုံဖူးခြင်း။ အရင်ကဆို သူဒါမျိုးတွေ အယုံအကြည်မရှိပါ။ အခုမှသာ...။
ဒီသ ခုချိန်ထိခေါင်းမထောင်ပဲ သူ့ပေါင်ကိုသာ
ပြူးပြူးပြဲပြဲ ကြည့်နေတဲ့တစ်ယောက်ကိုကြည့်၍ နှုတ်ခမ်းတွေက တွန့်ကွေးသွား၏။ ပြီးတော့
ရင်လည်း ခုန်နေသည်။ သူတကယ်ကြီး ချစ်မိသွားတာပဲ။
"ဒီသ...ငါ ငါ့ကို စုန်းကိုက်သွားတာလားမသိဘူး
ကြည့်ပါအုံး ဒီမှာ...နာလဲနာတယ် "
"ဟမ်!"
မထင်မှတ်ထားတဲ့စကားကြောင့် ဒီသခပ်ကြောင်ကြောင်တောင်ဖြစ်သွားသည်။ ဘယ်လိုတောင် တွေးချလိုက်တာလဲ။ ဘယ်စုန်းက သွားရာထင်အောင် ဘန်ကောက်ထိ လာကိုက်နေမှာလဲ။
ဒီလိုတော့ အကျော်မခံနိုင်။ မမှတ်မိလို့မရ။ ဒါတွေသူ့လက်ချက်ဆိုတာ မှတ်မိစေချင်လွန်းလို့တောင် ထမပြန်ခဲ့တာကို။
"သေချာစဉ်းစားပါအုံး"
"ဟင်"
"ဒါတွေ ဒါတွေကလေ စုန်းကိုက်တာဖြစ်နိုင်ပါ့မလား"
ပေါင်က အကွင်းရာတွေကို လက်ညှိုးထိုးပြလိုက်တော့ နားမလည်သလိုဖြစ်သွားပြီး မျက်မှောင်လေးကြုတ်သွား၏။ ပြီးနောက် မျက်ဆံလေးအပေါ်ထောင့်ကပ်၍ သူ့ဟာသူ ပြန်စဉ်းစားနေတာမို့ ငြိမ်နေပေးလိုက်သည်။ မမှတ်မိရင် မှတ်မိအောင် ထပ်ကိုက်ပြလိုက်မယ်ဟု ဒီသစိတ်ထဲ ခပ်ညစ်ညစ်တွေးနေမိသည်။ သူ့ရဲ့ first bites တွေကိုတော့ မမှတ်မိလို့မရ။
အတန်ကြာ တွေးတောပြီးနောက် ရုတ်ခြည်း အလင်းရသွားသလို သက်တန့်ခေါင်းထဲမှာ မှတ်ဉာဏ်တစ်ချို့ဖြတ်ပြေးလာ၏။
~မင်းစကားနားထောင်မယ်နော်
~ ဟီးဟီး
~ကိုက်လေ ဝါးမစားနဲ့နော်
~အွန်း ကိုက်ကိုက် အင့်
~အင့်အင်း ကိုက်ချင်သလောက်ကိုက်
~ငါ့မှာရှိတယ် ငါ့မှာ ဒီမှာ ဒီမှာ အင့် စားလိုက်
~ဟီးဟီး ကောင်းလား
~တခြားသူကိုမကျွေးပါဘူး ဒီသကိုပဲကျွေးမယ်လေ
ဟင့်အင်း...ဟင့်အင်း...အဲ့တာ သူမဟုတ်ဘူးမလား! မဟုတ်ဘူးလို့ပြောပေးကြပါ။ သက်တန့်မျက်၀န်းတွေ တစ်မနက်တည်းနဲ့တင် ပြူးကျယ်ရလွန်းလို့ မျက်ဆံတွေတောင် အပြင်ထွက်လာတော့မလား မှတ်ရသည်။ နေအုံး! စတော်ဘယ်ရီ!
သက်တန့် ဘောင်းဘီခါးကို အနည်းငယ် လျှောကြည့်လိုက်လျှင် သူ့စတော်ဘယ်ရီတက်တူးပေါ်မှာ ကိုက်ရာတစ်ခုနှင့်အတူ ဘေးပတ်လည်က မာကင်ရာတွေ....! အသားဖြူသူမို့ အရာတွေမှာ ထင်းနေလျက်။ သက်တန့်အသက်တောင်မရှုရဲတော့။
ဒါ ဒါက ဘယ်လိုတောင်!
ပြန်တွေးကြည့်တော့ ဒါတွေအားလုံးကို သူရက်ရက်ရောရောကို ခွင့်ပြုပေးခဲ့တာ။ မဟုတ်ဘူး ရော့အင့်ဆိုပြီး ပါးစပ်ထဲအရောက်ကို ချကျွေးခဲ့တာ။ ရှက်လွန်းလို့ ဒီနေ့ရာကနေအမြန်ဆုံးပျောက်ကွယ်သွားချင်သွားချင်တော့သည်။ ငုံ့ထားတဲ့ခေါင်းကိုလဲ ပြန်မမော့ရဲတော့။ ခေါင်းမမော့လာသော်လည်း ရဲတွတ်နေတဲ့ နားရွက်လေးတွေကြောင့် ကိုသက်တန့်ရောင်ဖြာတစ်ယောက် အားလုံးကို အမှတ်ပေါ်သွားပြီဆိုတာ ဒီသ သိလိုက်သည်။
နှမြောစရာပဲ...အမှတ်မပေါ်ရင်ထပ်ကိုက်မလို့ကို...!
"အမှတ်ပေါ်သွားပြီလား..."
သက်တန့် မကျေမနပ်လေး မျက်လုံးလှန်ကြည့်လိုက်လျှင် ဒီသမျက်နှာသည် ပြုံးရိပ်တွေသန်းနေလျက်ဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်ပြလာ၏။ လူကို လှောင်တာလိုလို ပြောင်တာလိုလို လုပ်နေတာကြောင့်
သက်တန့်ဒေါသထွက်သွားရသည်။ ဘယ်လောက်ပဲ သူခွင့်ပြုတယ်ဆိုအုံး ဒါ တမင်သပ်သပ်ကြီး အခွင့်အရေးယူတာမဟုတ်ဘူးလား။
"မင်း...အကျင့်ပုပ်ကောင်! အခွင့်အရေးယူတဲ့ကောင်!"
လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောလိုက်ပေမဲ့ တစ်ဖက်သူက ဘာမှမဖြစ်သည့်အတိုင်း
"ဟောဗျာ...ကျွန်တော် ခွင့်တောင်းတယ်လေဗျာ..."
"မူးနေတဲ့သူဆီက ခွင့်တောင်းတာလား"
မူးနေတဲ့သူဆီကခွင့်တောင်းပြီး လူကြီးလူကောင်းလိုလိုလုပ်နေတဲ့တစ်ယောက်ကြောင့် သက်တန့်
ရွဲ့ပြောလိုက်တော့ သွားတွေပေါ်အောင်ထိ ရယ်လာပြီး
"ဘယ်လိုနေနေ ကျွန်တော်ခွင့်တောင်းပြီး ခင်ဗျားကြည်ဖြူလို့ကိုက်တာလေ...အဟင်း....အနမ်းရောပဲ"
ဒီသက မျက်နှာကိုငုံ့ကိုင်းလာကာ သက်တန့်ရဲ့နှုတ်ခမ်းတစ်ဝိုက်ကို ညှို့ဓာတ်ပါပါကြည့်လျက် နှုတ်ခမ်းတစ်ဖက်တွန့်ကွေးစွာ ပြောလာတာကြောင့်
"အနမ်း ဘာအနမ်း....!"
ထိုအခါမှ ခုနက နောက်ဆက်တွဲကို သက်တန့်သတိရသွားရသည်။ ဟုတ်သား။ ညက သူတို့ နမ်းမိခဲ့ကြသည်။ ရိုးရိုးအနမ်းတောင်မဟုတ်။ ပြင်သစ်အနမ်းကို အသက်ရှုရပ်မတတ်ထိ နမ်းခဲ့တာ...။
သက်တန့်မျက်နှာမှာ ရှက်စိတ်ကြောင့် ပါးပြင်နုနုတွေ နှာခေါင်းထိပ်လေးတွေထိ နီရဲလာလေ၏။
"မင်း...မင်း.... မင်းတမင်လုပ်တာ ငါ့ကိုလွယ်တယ်ဆိုပြီး လှောင်နေတာမလား...ငါမူးနေမှန်းသိရဲ့နဲ့ တမင်လုပ်တာ"
ရှက်ဒေါသဖြင့် သက်တန့်အသံတွေပါ တုန်လာ၏။ စိတ်ထဲမှာလဲ ကိုယ့်ကိုနဂိုကတည်းက အထင်အမြင်လွဲစွာ အမြင်မကြည်ခဲ့သူမို့ ခုအခြေအနေဆို သူ့ကိုပိုလို့အထင်သေးသွားမလားဆိုတဲ့ ၀မ်းနည်းစိတ်လေးတွေကလည်း ၀င်လာရသည်။ တခြားသူတွေဘယ်လိုထင်ထင် ဂရုမစိုက်သော်လည်း ဒီသကိုတော့ မတူ။
"ဟာဗျာ...မငိုနဲ့လေ...ကျွန်တော်ဘယ်မှာလှောင်နေလို့လဲ"
မျက်ရည်ဥတွေရစ်ဝဲလာသူကြောင့်ကြောင့် ဒီသ
ကပြာကယာ ချော့မြူရတော့သည်။
"မင်းအမြဲ ငါ့ကိုဆိုအထင်မြင်သေးတာလေ...အရင်တစ်ခါကလဲ ငါ့လိုလူမျိုးကထားခဲ့ခံရတာမဆန်းဘူးဆိုပြီး ပြောထားတာ ငါမှတ်မိတယ်"
"ကျစ်! အဲ့ဒီကိစ္စကြီးကို ခုထိမှတ်ထားတုန်းလား...ကျွန်တော်သေချာတောင်းပန်ပြီးပြီလေ"
"ဒါပေမဲ့ မင်း ငါ့ကို ဒီလိုတွေအခွင့်အရေးယူထားတာ အဲ့တာ ငါ့ကိုအထင်သေးလို့မဟုတ်လို့ ဘာလဲ ပြော!"
"နှံပြည်စုပ်လေးရာ...ဘယ်လိုတောင်တွေးလိုက်တာလဲ...ခင်ဗျားကို ချစ်လို့နမ်းတာလေ"
"....."
"အဟမ်း....ဟုတ်တယ် ဘယ်အချိန်ကလဲမသိပေမဲ့
မနေ့ညက သေချာသွားတာ..."
သက်တန့်ရဲ့ ဝဲချင်ချင်မျက်ရည်လေးတွေမှာ ကျခွင့်မသာခင် အထဲကိုပြန်၀င်သွားလေသည်။ အခု သူ ရည်းစားစကားအပြောခံလိုက်ရတာလား။ မနက်အစောကြီး အိပ်ယာထထချင်း ဒီလိုအချိန်ကြီးမှာလေ။ ရန်ဖြစ်နေရင်းတန်းလန်းကြီးကိုလေ။
"တစ်ခုခုပြန်ပြောအုံးလေ...စိတ်မဆိုးဘူးမလား
ညကကျွန်တော်လဲမူးနေလို့ စိတ်မထိန်းနိုင်ပဲ နမ်းမိသွားတာပါ...ခင်ဗျားက အရမ်းချစ်ဖို့ကောင်းနေတာကို"
အဆုံးသတ်စကားလေးကြောင့် သက်တန့် ရှက်သလိုလိုဖြစ်သွားပေမဲ့ ဟန်ကိုယ့်၍ ခပ်တင်းတင်း
ပြန်ဖြေလိုက်မိတာက
"မယုံဘူး!"
"ဒီမှာ ကျွန်တော့်ကိုကြည့်"
ကျွန်တော့်ကိုကြည့်ဆိုပြီး လူကို သူနှင့်အကြည့်ချင်းဆုံအောင် လက်မောင်းနှစ်ဖက်ကနေ ဆုပ်ကိုင်၍ ကြည့်စေသည်။
"တကယ်ချစ်တာ...ကျွန်တော် စကားချိုချိုတွေမပြောတတ်တာ ခင်ဗျားသိမှာပါ။ အဲ့သလိုပဲ ကျွန်တော်စိတ်မပါရင်လဲ ဘယ်အရာမှမလုပ်တတ်ဘူး။ တကယ်ချစ်မိသွားတာ။ အစက အမြင်မကြည်ခဲ့မိတာ ၀န်ခံတယ်။ အမြင်မကြည်ရင်းနဲ့ကို ချစ်မိသွားတာ...။ အဲ့ဒီတော့ ကျွန်တော့်ကိုစဉ်းစားပေး...
ပြီးရင် ကျွန်တော့်ဘေဘီလေးဖြစ်ပေး"
"ဘာ! ဘာဘေဘီ...ငါ မင်းထက် ၇နှစ်တောင်ကြီးတာနော်"
"သိတယ်လေ ၇နှစ်ကြီးတဲ့ ဘေဘီလေးလုပ်ပေါ့...ခင်ဗျားပုံစံက ကျွန်တော့်ဘေဘီလေးဖြစ်မဲ့ရုပ်လေး"
ဒီသစကားကြောင့် သက်တန့်မျက်နှာမှာ ပိုရဲသွားလေသည်။ ခုနက မျက်၀န်းတွေကို စေ့စေ့ကြည့်ပြောလာတဲ့ ချစ်စကားတွေမှာ ရင်ခုန်မိတယ်ဆိုတာ ၀န်ခံပါသည်။ ဒါပေမဲ့ ဘေဘီလေးဆိုတာကြီးကျ...!
"သွား...သွားတော့ ကိုယ့်အခန်းကိုယ်ပြန်တော့"
"လက်ခံလိုက်ပြီလား"
"ဘာလက်ခံရမှာလဲ ! စဉ်းစားအုံးမှာ မယုံဘူး
မင်းကို...အခုအရင်အခန်းပြန်တော့ သွား သွား... မဟုတ်ရင်မစဉ်းစားပေးဘူးနော်"
"ဟာ အဲ့လိုတော့မလုပ်နဲ့လေဗျာ...သွားမယ်
သွားမယ်...မနက်ခင်းအဆာပြေ စတော်ဘယ်ရီလေးတော့ကျွေးအုံးလေ"
"ဘာ! ရူးနေလား ဘာလို့ကျွေးရမှာလဲ"
"မနေ့ကကျ စားချင်တဲ့အချိန်ကျွေးမယ်ပြောပြီးတော့ "
"မင်း လူလည်မကျနဲ့!! မူးတုန်းကကတိတွေ
ဘောင်မ၀င်ဘူးနော် အခုမသွားသေးဘူးလား... "
"အဟွန်း....ပြွတ်! သွားပြီနော် bae..."
ဒီလောက်ပြောနေတဲ့ကြားက ပါးတစ်ဖက်ကိုအရအမိ အလစ်သုတ်နမ်းသွားတာကြောင့် သက်တန့် ထပြေးသွားတဲ့ သူ့ကျောတွေကို လိုက်ရိုက်ပစ်လိုက်သည်။
"အင့်ဟယ် အင့်ဟယ် မင်းကိုဘယ်သူကနမ်းခိုင်းလို့လဲ! ဘုန်း! ဘုန်း! "
"အဟား....ဟားဟား...."
တံခါးနားထိ လိုက်ပြီးထုရိုက်ပစ်ကာ တံခါးကိုအမြန်ဆွဲပိတ်လိုက်ရသည်။ မျက်နှာတွေလဲ ပူထူနေကာ အငွေ့တွေ တရှိန်းရှိန်းထွက်နေသလား မှတ်ရသည်။ အခန်းထဲမှာ ဟိုလျှောက်ဒီလျှောက်လုပ်၍ မျက်နှာကို လက်နဲ့ယပ်ခတ်သလိုလုပ်၍ လေတွေမှုတ်ထုတ်ရသည်။ အဖြေတောင်မပေးရသေးဘူး လူလည်း
အနမ်းခံရတာ ဘယ်နှစ်ခါမှန်းတောင်မသိတော့ဘူး။
ကျစ်! သက်တန့်ရာ မင်းစိတ်ဆိုးရမှာလေ ဘာလို့ရင်ခုန်နေတာတုန်း။ ဒီလောက် ပိုင်စိုးပိုင်နင်းလုပ်သွားတာကို စိတ်မဆိုးတဲ့အပြင် တလှပ်လှပ်နှင့် ရင်တုန်ပန်းတုန်ဖြစ်နေတဲ့ နှလုံးသားကိုသာ အပြစ်ပေးလိုက်ချင်တော့သည်။
ခုနက နမ်းသွားတဲ့ပါးလေးကို လက်ဖဝါးဖြင့်ဖွဖွလေးပွတ်ရင်း ပြုံးမိပြီးမှ ကိုယ့်ကိုယ်ကိုယ် မျက်လုံးပြူးသွားရပြန်သည်။
ပြုံးမိသွားတာ! ဘာလို့ပြုံးမိသွားတာလဲ ! Why Why! မပြုံးရဘူးလေ...။
ငါ ငါ ဒီသကို ရင်ခုန်နေတာလား! အဲ့ဒီစကားပြောထောင့်မကျိုးပဲ အမြဲရန်စနေတဲ့ကောင်ကိုလေ...ပြီးတော့ သူ့ထက် ၇နှစ်လောက်ငယ်တဲ့ကောင်လေးကို။ ဟင့်အင်း မဟုတ်သေးဘူးလေ ၇နှစ်ဆိုတာ ၁၀နှစ်ပြည့်ဖို့ သုံးနှစ်ပဲလိုတော့တာ။ သူက မကြာခင် အသက် ၃၀တောင်ပြည့်တော့မှာကို။ အဲ့လောက်ငယ်တဲ့ကောင်လေးနဲ့တွဲဖို့ တကယ်ဖြစ်ပါ့မလား။
နေအုံး နေအုံး။ သူအရမ်းတွေးလွန်းနေပြီ။ အရင်ဆုံး ဒီသကိုအရင်ဆန်းစစ်ရအုံးမယ်လေ။ သူ့ကိုတကယ်ကြိုက်တာမဟုတ်ပဲ လာကစားတာဆို ဘယ်လိုလုပ်မလဲ။ ၇နှစ်ငယ်တဲ့ကောင်လေးဆီက playခံရရင် ရှက်စရာကြီး။
သက်တန့်တစ်ယောက်တည်းအတွေးများစွာဖြင့် တွေးနေရင်း ကုတင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်တော့သည်။ ပေါင်ကကိုက်ရာတွေကို မြင်မိပြန်တော့ မျက်နှာမှာ ရှိန်းခနဲ။ exနဲ့တုန်းကတောင် ဖက်တာနမ်းတာရှိပေမဲ့ ဒီလိုတွေမကိုက်မခံရဖူးဘူး။ ခုက ရည်းစားတောင်မဖြစ်သေးဘူး အဆင့်တွေအများကြီးကျော်နေပြီမဟုတ်ဘူးလား။ ခုခေတ်ကလေးတွေက အဲ့လိုပဲလား။ သူကပဲ
အန်းဒိတ်ဖြစ်လွန်း ခေတ်နောက်ကျလွန်းနေသလား။
ခေါင်းတွေပူထူနေအောင်တွေးမိပြီးနောက် relax ဖြစ်သွားအောင် ရေစိမ်ချိုးလိုက်ရတော့သည်။ ဒါတွေမပျောက်မချင်း အတို၀တ်လို့မရတော့ဘူးပဲ...။
ကောင်စုတ်လေး...တမင်လုပ်သွားတာ။
ရေချိုးပြီးနောက် မအိကိုပြော၍ ညီညီနေတဲ့ဆီကို သွားဖို့လုပ်ရသည်။ မပြောပဲထွက်လာရင် စိတ်ပူမည်စိုးသောကြောင့်။ ဒီနေ့တော့ မအိတို့နဲ့ အတူလိုက်မလည်နိုင်တော့ပေ။ ပါလာတဲ့အကြော်အလှော်တွေ သေချာထည့်ယူပြီး ဟိုကိုရောက်တော့ သူထင်ထားတာထက်ပင် ညီညီ့နေရာက ကောင်းလွန်းနေသည်။
ကွန်ဒို အကောင်းစားထဲပါတာမို့ မျက်ခုံးတောင်ပင့်မိသွား၏။ ဒီကောင်လေး ဒီနေရာ ဘယ်လိုများငှားလိုက်တာပါလိမ့်။
"ညီညီ တစ်လဘယ်လောက်လဲ ဒီအခန်းက"
"ဗျာ...အာ ဘတ် 5000 ကိုကို"
"ဟုတ်ရဲ့လား...အိမ်ရှင်ကိုသေချာပြန်မေးကြည့်အုံး ဘတ် 5000 လား 50000 လားလို့...အခန်းကဒီလောက်ကောင်းတာကို facility ကလဲအပြည့်ပဲ...ပြီးတော့ အပေါ်ထပ်မှာ ရေကူးကန်လဲပါတယ်မလား"
"ဟုတ်တယ် ကိုကို....ဟို အိမ်ရှင်က တစ်ခါတစ်လေ သူလဲဒီကိုလာနေတယ်လေ အဲ့တာကြောင့် ဈေးလျှော့ပေးထားတာ..."
"ဪ..."
"အကြော်အလှော်တွေကလဲ အများကြီးပဲကိုကို...ဟီး ဒီလောက်ဆို ၂ပတ်လောက်က အေးဆေး၀ယ်စားစရာမလိုတော့ဘူး"
"သင်တန်းကရော တက်ရတာဘယ်လိုနေလဲ အဆင်ပြေရဲ့လား"
"ဟုတ် ပြေတယ်...အာ ကျွန်တော်မေ့နေတာ ကိုကို့အတွက် အင်္ကျီတစ်ထည်ချုပ်ထားတယ် ခဏ"
ခဏဆိုကာ ညီညီက သူ့အခန်းထဲကို လှစ်ခနဲ၀င်သွားသည်။ ပြီးတော့ လက်ထဲမှာ အနက်ရောင်အင်္ကျီတစ်ထည်ပြန်ပါလာကာ
"ဒီမှာ ကိုကို "
"ဝိုး...အမိုက်စားပါလား"
"အဟွန်း ရုတ်တရက်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းနဲ့ ပြီးမှ ဟင်ခနဲဟာခနဲဖြစ်သွားစေမဲ့အင်္ကျီလေ"
လရောင်အပြောကြောင့် သက်တန့်ရယ်လိုက်မိသည်။ ဒီဇိုင်းက အရှေ့ကိုလုံး၀ရိုးရိုးလေးလုပ်ထားပြီး နောက်ကျောအလှကိုဦးစားပေးထားတဲ့ဒီဇိုင်းမျိုး။
"အဟား...ကိုကိုကြိုက်တယ် ဒီဇိုင်းက လုံး၀ update ပဲ...ဒီကအပြန် ပွဲတစ်ခုတက်စရာရှိတာ အတော်ပဲ ဒါ၀တ်လိုက်မယ်"
"ဟီး ဒီဇိုင်နာပေါက်စလေးကိုလဲ ကြော်ငြာပေးဖို့မမေ့နဲ့နော်"
"မေ့စရာလားကွာ...ကိုယ့်ညီကို promote ပေးရမှာပေါ့... စိတ်ချ ညီညီသာသေချာကြိုးစား ကိုယ်ပိုင်ဟန်ရှိတာ ကိုကိုတော့ သဘောကျတယ်၊ ဘယ်သူနဲ့မှမတူနေလေ ကောင်းလေပဲ"
"ဟီး ဟုတ်၊ ကိုကိုပြောမှ အားရှိသွားပြီ"
လရောင် မိသားစုကိုလည်းလွမ်းနေတာမို့ ကိုကိုလာတွေ့တာ တကယ်ပျော်မိသည်။ အရွယ်ရောက်နေပြီဖြစ်သော်ငြား မိသားစုနဲ့အနီးနားမှာပဲ နေခဲ့ရတော့ အဝေးမှာခဏလောက်နေရတာကို တော်တော်လွမ်းနေပြီပင်။
ပြီးတော့ ကိုကိုလာတုန်း ဦးအကြောင်းတွေ နည်းနည်းပါးပါး တီးခေါက်ကြည့်လိုက်သည်။ သူ့မှာ ဦးအကြောင်းမေးစရာဆိုလို့ ကိုကို တစ်ယောက်ပဲရှိတာလေ။
"ကိုကို အခုဇာတ်ကားရိုက်နေတာ ဘယ်ဒါရိုက်တာနဲ့လဲ"
"ဦးစည်အံ့ဖြိုးလေ ကိုကိုတို့လောကမှာ နာမည်ကြီးပဲ ရုပ်ရှင်လောကထဲ၀င်တာသိပ်မကြာသေးပေမဲ့ တကယ်အရည်အချင်းရှိတဲ့ဒါရိုက်တာအသစ်..."
"ဟုတ်လား....လူပျိုကြီးလား"
"အင်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးလေ...
ဦးစည်ဆိုရင် သူတို့စီးပွားရေးလောကကရော ရုပ်ရှင်လောကကပါ ကပ်ချင်ကြသူတွေ ဒုနဲ့ဒေး... ပိုက်ဆံရှိတာလဲ ပါတာပေါ့။ နာမည်ကြားရင် အသက်ကြီးကြီးလို့ထင်ရပေမဲ့ တကယ်တမ်းအပြင်မှာက လုံး၀လူလတ်ပိုင်းပဲရှိသေးတာ"
"ဟုတ်လား မိုက်လိုက်တာနော်"
လရောင်မသိတဲ့ဦးအကြောင်းတွေကိုသိလိုက်ရတာကြောင့် ပျော်သွားရသည်။ ကိုကိုပြောတာလဲ မမှားနိုင်။ ဦးပုံစံက မိန်းကလေးတိုင်းလိုချင်တဲ့ sugar daddy type ကြီးဟာကို။ တည်ကြည်တယ်။
ခံ့ငြားတယ်။ တော်တယ်။ ပိုက်ဆံရှိတယ်။
အဘက်ဘက်က ပြည့်စုံလွန်းနေတာ။ သူလဲ ဒီထက်ပိုကြိုစားရမည်။ ဦးနဲ့တန်းတူမဟုတ်တောင် ဦးဘေးနိုင်မှာ ဦးမျက်နှာမငယ်စေမဲ့ တည်ရှိမှုမျိုးဖြစ်ချင်သည်။
"အွန်း နေပါအုံး ညီညီက ခါတိုင်းဒီအကြောင်းတွေစိတ်မ၀င်စားပါဘူး"
"ဗျာ...အာ ကိုကိုကလဲ ကျွန်တော်လဲ ဒီဇိုင်နာလုပ်ရင် ဒီလောကထဲ၀င်ဆန့်ထားရမယ်လေဗျာ များများလေ့လာထားရတာပေါ့"
"အင်း ဒါလဲဟုတ်ပါတယ်"
ထို့နောက် ညီအစ်ကိုနှစ်ယောက် ဟိုအကြောင်းပြောလိုက် ဒီအကြောင်းပြောလိုက်ဖြင့် တစ်နေကုန်သွားလေသည်။ အိမ်က အမေနဲ့တီလေးတို့ဆီလဲ video call ဖြင့် ၂နာရီလောက်ပြောဖြစ်လိုက်ကြသေးသည်။
သက်တန့်ဟော်တယ်ကိုပြန်ရောက်ချိန်က ည၈နာရီလောက်ဖြစ်သွား၏။ ညီညီ့နေရာက ဝေးတော့
တစ်နာရီကျော်လောက်စီးရတာရော ညီအစ်ကိုနှစ်ယောက်တွေ့တုန်းမို့ အနီးနားဈေး၀ယ်ထွက်ကြတာရောနှင့် ညထိအချိန်ရောက်သွားတာ။
ဟော်တယ်ကိုရောက်ပြီး taxi ပေါ်ကဆင်းဆင်းချင်း ဟော်တယ်ရှေ့လှေကားထစ်တွေမှာ ထိုင်နေတဲ့ဒီသကိုတွေ့လိုက်ရတာကြောင့် ခြေလှမ်းတွေရပ်လိုက်မိ၏။ ဒီသက သူ့ကိုမြင်တာနဲ့ ခြေလှမ်းကျဲကြီးတွေနှင့် အနားရောက်လာကာ
"ဘယ်အချိန်ရှိနေပြီလဲ ဖုန်းဆက်တော့လဲမကိုင်ဘူး! ဒီမှာ ဘယ်လောက်စိတ်ပူနေရလဲ"
"ဟင် ဖုန်းလား"
သက်တန့်သူ့အိတ်ထဲကဖုန်းကိုထုတ်ကြည့်မိတော့
ရဲပတောင်းခတ်အောင်ခေါ်ထားတဲ့ miss call တွေကို တွေ့လိုက်ရသည်။ မအိကလည်း ၅ခါလောက်ခေါ်ထားသည်။
"အာ silent လုပ်ထားမိတာ... "
"နောက်ကျမယ်ဆိုလဲ နည်းနည်းပါးပါး မအိကိုဖြစ်ဖြစ်အကျိုးအကြောင်းပြောလေ...ဒီမှာ ဘာဖြစ်မှန်းမသိ စိတ်ပူနေရတဲ့သူက အရူးလိုပဲ"
မနက်က သူတို့ဈေးဝယ်ထွက်တော့ မအိက
သက်တန့်ကသူ့ညီဆီသွားတွေ့တာဆိုတော့ စိတ်အေးမိသေးသည်။ သူတို့ပြန်ရောက်ပြီး ညနေ ၅နာရီလောက်ထိပြန်မရောက်သေး။ ရေချိုးပြီး ၇နာရီလောက်ထိမရောက်လာတော့ လူကမနေသာတော့ပဲ ဟော်တယ်ရှေ့ထိပါ ထွက်စောင့်မိသည်ထိ။ တစ်ယောက်တည်းသွားတာမို့ ဟိုလူများလိုက်နှောက်ယှက်နေမလားကလည်း စိတ်ပူရသေးသည်။ ဒါကို သူကတော့ ဖုန်း silent လုပ်ထားမိလို့ဆိုတော့ စိတ်တိုစွာ အော်မိသွားတော့၏။
တစ်ဖက်ကစိတ်ဆိုးမာန်ဆိုးပြောနေပေမဲ့ အမှန်တကယ်စိတ်ပူနေမှန်းခံစားမိတာမို့ သက်တန့်အပြစ်ရှိသလိုခံစားလိုက်ရသည်။ တမင်တကာ စိတ်ပူခိုင်းစေချင်လို့မှ မဟုတ်ပဲ။
"ဟို ငါလဲမေ့သွားလို့ပါ"
"နောက်ခါ ဖုန်းကိုအသံပိတ်မထားနဲ့ အရေးအကြောင်းဆိုဘယ်လိုလုပ်မလဲ! ဟိုလူက ဒီမှာနေတာဆို ခင်ဗျားကိုအချိန်မရွေး လာနှောက်ယှက်နိုင်တယ် အဲ့ဒါသိလား"
"အင်းပါ ငါတကယ်မေ့သွားလို့ပါ..."
အလကားနေရင်း ဘာမှမဆိုင်တဲ့ ကောင်လေးကို သက်တန့်မှာ ပြန်ချော့နေရသည်။ ပုံမှန်ဆို သူအော်ကိုယ်အော် ပြန်အော်မှာပေမဲ့ အခုက ကိုယ့်အမှားလဲမကင်းတော့ တစ်ဖက်လူကိုယ့်အပေါ်ထားတဲ့ စေတနာတွေကို မစော်ကားလိုတာကြောင့် ကိုယ့်ဘက်ကပဲလျှော့လိုက်ရသည်။
သက်တန့်မျက်နှာငယ်လေးနဲ့ လေသံဖျော့ဖျော့လေးပြောတော့ တစ်ဖက်ကလဲ သိသိသာသာ ပြန်လျှော့သွားသည်။
"ဘာစားခဲ့ပြီလဲ"
"ထမင်းကြော်...မင်းရော"
"မစားရသေးဘူး ! အလကားနေရင် သူများသားသမီးလိုက်စိတ်ပူနေရတာနဲ့ ဆာရကောင်းမှန်းတောင်မသိတော့ဘူး"
ခပ်ဂျစ်ဂျစ်ပြောလာတာမို့ သက်တန့် မလုံစွာနှုတ်ခမ်းလေးကို တတိတိကိုက်နေမိ၏။ ဒီသကို မသိမသာကြည့်မိတော့လည်း ကောင်စုတ်လေးက မျက်နှာကိုစူပုပ်ကောက်ချိတ်နေတာမို့ သက်တန့်မှာ ထပ်ပဲချော့ရမလို။
"ဟို ဘာစားချင်လဲ လိုက်၀ယ်ကျွေးမယ်လေ"
"တော်ပါပြီ ၊ နားမှာမို့လား အခန်းပြန်မယ် လာ"
"နေအုံးလေ မင်းကဘာစားမှာလဲလို့... လာ ဒီနားဆိုင်က တစ်ခုခုသွားစားရအောင်...ဗိုက်အောင့်လိုက်မယ်လေ"
"ဒါမှမဟုတ် 7 eleven မှာခေါက်ဆွဲပြုတ်သောက်မလား"
"အင်း"
တကူးတက ဂရုစိုက်ပေးနေတော့လည်း ဒီသမငြင်းပဲ လက်ခံလိုက်တော့သည်။ နှံပြည်စုပ်လေး သူ့ကိုဂရုစိုက်ပေးတာ သဘောကျတာမို့။
"လာလေ သွားမယ်"
Hotel ကနေလမ်းကူးလိုက်ရင် 7 eleven ကိုရောက်တာမို့ ဒီသလက်ကိုဆွဲ၍ ဆိုင်ထဲခေါ်လာရသည်။ ပြီးတော့ ခေါက်ဆွဲကိုလည်း ကိုယ်တိုင်ရွေးပေးပြီး readymade food တွေလဲရတာမို့ ချိစ့်ပေါင် မုန့်လေးနှစ်ခုကို အပူပြန်နွေးခိုင်းကာ အာလူးကြော်လေးရယ်၊ အအေးဗူးလေးရယ်၀ယ်ပြီး ငွေရှင်းလိုက်သည်။ ဒီသကတော့ သူလုပ်သမျှဘေးကလိုက်ကြည့်နေကာ ဘာမှမပြော။ သူလဲဘာပြောရမှန်းမသိတာမို့ ဘာမှမပြောပဲနေလိုက်သည်။ ငွေရှင်းပြီးတော့ မုန့်ထုပ်တွေဒီသလက်ထဲထည့်ပေးလိုက်ကာ ခေါက်ဆွဲခြောက်ဗူးထဲကို ရေနွေးပါတစ်ခါတည်းထည့်ပေးလိုက်သည်။ ထို့နောက် ဆိုင်ထဲမှာပဲ ထိုင်စရာလွတ်နေတာမို့ အေးဆေးထိုင်စားလိုက်ကြသည်။ သက်တန့်ကတော့ အအေးနဲ့အာလူးကြော်ပဲစားတာဖြစ်ပြီး ဒီသစားတာဘေးက
ထိုင်စောင့်ပေးနေတာဆို ပိုမှန်သည်။
"ကျောက်ရုပ်ကြီးလား ဘာစကားမှမပြောဘူး
ခါတိုင်းဆိုရေပက်မ၀င်ပါဘူးပြောတာ"
"ခါတိုင်းနဲ့က တူမှမတူတာ"
"ဘာမတူတာလဲ"
"မင်းကငါ့ကို ချစ်ရေးဆိုထားတာလေ"
"အဟွန်း...အဲ့ဒီတော့ အခုအဖြေပေးတော့မှာလား"
"စောင့်ကြည့်အုံးမှာလေ"
"သိပ်တော့မကြာစေနဲ့"
"အဖြေတောင်းတာကလဲ အမိန့်ကြီးနဲ့"
"အခုကတည်းက ခင်ဗျားကိုကျွန်တော့်ကောင်လေးလို့ သတ်မှတ်ထားပြီးသားမို့ မကြာစေနဲ့လို့ပြောတာ... မဟုတ်ရင် အဖြေမပေးရပဲ ချစ်သူဖြစ်သွားရင် ကျွန်တော်နဲ့မဆိုင်ဘူး"
"အဖြေမပေးပဲ ချစ်သူဘယ်လိုဖြစ်မလဲ အံ့ဩစရာကြီး"
"ကျွန်တော်သတ်မှတ်လိုက်တာလေ"
"မှတ်သားစရာပဲ..."
"အဟွန်း...ကျွန်တော်က skinship အရမ်းသဘောကျတာနော် ကြိုပြောထားတာ"
"အရင်ကတော့ လူတိုင်းနဲ့ဘုကလန့်ပါ ခုမှဘာ skinship ကြိုက်တာလဲ"
"ဒါတော့ဘယ်တူမလဲ.... ချစ်နေတော့ ထိချင်
ကိုင်ချင် နမ်းချင် ကိုက်ချင်နေတာလေ..."
သက်တန့်အနားကိုကပ်၍ နှုတ်ခမ်းတွေပါကိုက်လျက် ပုံဖော်ပြလာတာမို့ သက်တန့်မျက်လုံးတွေကျယ်ကာ သူ့မျက်နှာကြီးကို အမြန်တွန်းလွှတ်လိုက်သည်။
"မင်း! ဘယ်လိုဖြစ်နေတာလဲ ဆိုင်ထဲမှာ"
"သူတို့မှမြန်မာစကားနားမလည်တာ"
"ထိုင်းမှာမြန်မာတွေဒီလောက်ပေါတာ
တစ်ယောက်ယောက်ကြားသွားမြင်သွားရင်ဘယ်လိုလုပ်မလဲ"
"ကြံဖန်စိုးရိမ်မနေနဲ့..."
သက်တန့်မှုန်ကုတ်ကုတ်သာ ပြန်ကြည့်ပေးလိုက်သည်။ အဖြေတောင်းတာတဲ့ ကြုံမကြုံဖူးပေါင်။
"အတည်ပြောတာ အရမ်းမကြာစေနဲ့ စိတ်မရှည်ရင် ဆွဲနမ်းပစ်မှာ"
"အဖြေမပေးရသေးပဲ နမ်းရဲနမ်းကြည့်"
"အဖြေရပြီးရင် ကြိုက်သလောက်နမ်းလို့ရပြီလား"
"ဒီသ မင်းနှာဗူးကောင်ကြီးလိုမမေးစမ်းနဲ့ ငါတကယ်ကြောက်လာပြီ"
"ဟားဟား...ဘာမှမလုပ်ပါဘူးဗျာ နမ်းပဲနမ်းမှာ"
နမ်းတာကို ပါးစပ်ကမချစတမ်းပြောနေသူကြောင့် သက်တန့်မျက်နှာမှာ မနေတတ်မထိုင်တတ်ဖြစ်လာ၏။ ဒါကိုသိလေ ဒီသက ထပ်စလေဖြစ်သည်။
"First kiss မို့လားမသိဘူး တစ်ခါနမ်းပြီး စွဲလမ်းသွားတာ"
"တကယ် first kiss ပေါ့ ယုံရမယ်"
မယုံသလိုပြောလိုက်တော့ ခပ်ဟဟရယ်လျက်
"မယုံရင် second kiss နဲ့သက်သေပြမယ်လေ"
"သွားစမ်းပါ ဉာဏ်နီဉာဏ်နက်တွေနဲ့ မင်းကိုစောင့်ကြည့်မယ်လို့ပြောပြီးသားနော်"
"အဖြေပေးတဲ့နေ့ကျ second kiss ကနေ seven kiss ထိ နမ်းမှာ"
နားအနားကို ကပ်၍ပြောလာတဲ့ အက်ရှရှအသံကြောင့် သက်တန့်နားရွက်ဖျားတွေ ရဲသွားရ၏။ ပြောချင်တာက ၇ကြိမ်ပြည့်အောင်ထိနမ်းမှာလို့ပြောတာမလား။ ဟိုနေ့ကတစ်ကြိမ်တည်းတောင် သူ့မှာအသက်ရှုရပ်မတတ် ။ ၇ကြိမ်သာဆိုရင်....။
အတွေးဖြင့် ကြက်သီးတွေတောင်ထသွားရသည်။
ဒီကောင်လေးနဲ့ ရည်းစားဖြစ်ရင် သူအမြဲနမ်းခံနေရမှာလား။
_________________________________
7 eleven မှာ ဒီအတွဲကိုတွေ့ရင် မမြင်ချင်ယောင်ဆောင်သွားကြပါရှင်။
နောက်တစ်ပိုင်းက ကိုသက်တန့်တို့ slay မဲ့အခန်းပါ... ခုတော့ ဗိုက်ဆာလို့ထမင်းစားပါတော့မယ်။ စောစောလေးဖတ်ရအောင် အရင်လာတင်ပေးတာ။အရှည်ကြီးလဲရေးပေးထားတယ်နော် စာလုံးရေ 4000ကျော်တယ် ❤️
Breeze 🤍
12.May.2025