"အင်း ဟင်း "
မနက်မိုးလင်း၏ နူးညံ့သော နေရောင်ခြည်များသည် မှန်ပြတင်းပေါက်ကို ဖြတ်သန်းကာ အိပ်နေသူတို့၏ အခန်းတွင်းသို့ နွေးထွေးစွာဖြာကျ၏။
ထိုအရာက တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ကာ ချစ်စဖွယ် အိပ်မက်များအတွင်း နစ်မြုပ်နေတဲ့ သနပ်ခါးနဲ့ ခမ်းနားတို့ရဲ့အိပ်စက်မှုကို နှောင့်ယှက်လိုက်တာကြောင့် သူမက ပထမဆုံးနိုးလာခဲ့သည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ နွေးထွေးပြီး တစ်ကိုယ်လုံးကိုလုံခြုံမှုပေးတဲ့ သူ့ရင်ခွင်ထဲရောက်နေတာကို သိလိုက်ရ၏။
ညကတည်းက ရင်ခွင်ထဲ အတင်းဝင်အိပ်ခိုင်းတာ မနက်အထိ သူ့လက်တွေက မလျော့သေးဘူး။
အဟင်း... ဦးဆိုတဲ့လူ အိပ်နေတဲ့ပုံစံလေးက တကယ့်ကို ကလေးတစ်ယောက်နဲ့ တူနေပါရောလား။
ခါးသည် ခမ်းနားရဲ့မျက်နှာအား သေချာစူးစိုက်ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။
စိတ်ထဲမှာ ဘာမှမရှိခင်က မနက်တိုင်းဟာ သာမန်အတိုင်းပါပဲ။ဒါပေမယ့် နှစ်ယောက်ရဲ့ခံစားချက်တွေဖလှယ်မိသွားတဲ့အခါတွင် ဘယ်ကနေလာမှန်းမသိတဲ့ရှက်စိတ်တွေ ဖုံးလာပြီး၊ မနက်ခင်းဟာ ရင်တဒိန်းဒိန်းနဲ့ အသစ်တစ်ခုဖြစ်နေခဲ့တယ်။
နှာတံသွယ်သွယ်လေးကို လက်ညှိုးနဲ့ ဖွဖွလေး ပွတ်မိသည်။ပြီးတော့ မျက်နှာတစ်ခုလုံးဆီ လက်တွေပြေးသွားလျက် မျက်လုံးတွေ၊ ပါးပြင်နဲ့ နှုတ်ခမ်းတွေကို နူးညံ့စွာ ထိတို့မိတိုင်း ကိုယ့်လက်တွေက သူ့ဆီမှာပဲ ညှိနေခဲ့၏။
နီးနီးကပ်ကပ်ရှိချိန်တိုင်း လက်ဖျားတွေယားသလိုခံစားမိပြီး ထိတို့ချင်စိတ်တွေက မထိန်းနိုင်ဘဲ ဖြစ်လာမိတာ။
"ကိုယ့်ကိုဘယ်အချိန်ထိ စမ်းသပ်နေမှာလဲ"
"ဟင် အင် ဦး! "
ရုတ်တရက် ခမ်းနားမှမျက်လုံးမဖွင့်ဘဲ စကားထပြောလိုက်သည်မို့ လန့်ဖျပ်သွားလျက် လက်ကို
ရုတ်သိမ်းလိုက်မိသည်။
သို့သော် ထိုလက်ကို ပြန်ဆွဲဆုပ်ကိုင်ထား၍ မျက်လုံးတို့က တဖြည်းဖြည်း ပွင့်လာတဲ့ ခမ်းနားစည်းစိမ်။
"ကိုယ့်ကိုကြည့်ပြီး မင်းစိတ်တွေယိုင်နေပြီလား"
"ဟင် အင်း မ မဟုတ် ဦးက ဘယ်တုန်းက နိုးနေတာလဲ"
"အဟင်း ကိုယ်ပြောရင်မင်းရှက်သွားမှာပေါ့ "
"ဟင် ဘာကို ပြော..ပြောပါနော် "
သူ့စကားကိုကြားပြီးနောက် ကျောရိုးတစ်လျှောက် လျှပ်စီးသလို ပြေးသွားခဲ့ပြီး ပိုသိချင်လာတဲ့စိတ်က မီးလျှံလို တောက်လောင်နေတယ်။
"တိတိကျကျပြောရမယ်ဆိုရင် မင်းမနိုးခင်ကတည်းကပဲ အဲ့ဒီ့နောက် မင်းမျက်နှာလေးကို ကြည့်နေခဲ့တယ်ဆိုပါတော့ နောက်တော့ မင်းလည်းနိုးလာတယ်လေ အဲ့ဒါနဲ့ ကိုယ်လည်း "
"အာ ဦးစုတ် မကောင်းဘူး ဦးမကောင်းဘူး "
"ဟော အဟား ရှက်တာလည်းရှက်ပေါ့ ဘယ့်နှယ် ကိုယ့်ရင်ဘတ်ကြီးကိုလာလာထုနေတာ မတော်လို့ မင်းကိုချစ်မိနေတဲ့ကိုယ့်နှလုံးသားလေးတစ်ခုခုဖြစ်သွား ဘယ်လိုလုပ်မလဲ "
"နောက်ပြီး မင်းကိုယ့်ကို အခုလိုလုပ်မယ်ဆိုတာ ကြိုသိလို့လေ ဒါနဲ့ဆိုနှစ်ကြိမ်ရှိပြီ ဟုတ်တယ် မဟုတ်လား "
"မသိဘူးကွာ မသိဘူး "
"အွင့်! "
မျက်နှာတစ်ခုလုံး ပန်းရောင်စီးလျက် ရှက်ရွံ့ရွံ့ဖြင့် သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုနေတဲ့ ကလေးမလေး။
ပါးပြင်နီမြန်းလာတိုင်း သူ့နှုတ်ခမ်းဖူးလေးက စွဲဆောင်မှုတွေ ဖြာထွက်နေပြီး ထုလိုက်တဲ့လက်သီးတွေက သူမနှုတ်ခမ်းလေးဆီ ဆွဲခေါ်နေသလို ချစ်အားပိုပြီး ဆတ်ခနဲငုံ့နမ်းလိုက်မိပါတော့၏။
"အဟင်း မောနင်းပါ ဘေဘီ "
" အာ ဦး မပြောမဆိုနဲ့ကွာ
လူကို လုပ်ချင်သလိုလုပ်နေတာကြီး "
"အဟက်! ကိုယ်ကလား..ဒါဆို အစောက မျက်နှာတစ်ပြင်လုံးလိုက်ကလိနေတာဘယ်သူလဲ
လုပ်ချင်ရာလုပ်တာဘယ်သူလဲ ပြောပါအုံး "
" ဦးကရော ဘာလို့
အိပ်ချင်ယောင်ဆောင်နေရတာလဲ "
"ဒါကလား.. ကိုယ်မသိစဥ်အချိန်တွင်း ကိုယ်ချစ်ရတဲ့သူလေးရဲ့ တုံ့ပြန်မှုကိုသိချင်လို့ သိချင်လို့လေ"
"အဟင်း အခုတော့ သိသွားပြီ တကယ်ကို
ကျေနပ်စရာကြီးပါကွာ "
"ဦးနော် မစနဲ့ "
"အာကွာ ဒီကလေးမကတော့
လူကြီးကို အသဲယားအောင်လုပ်နေတာ
တွေ့မယ် မင်း လာစမ်း "
"အာ့ အဟား ဦး ယားတယ် ဟားဟား မလုပ်နဲ့ "
ခမ်းနားက သူ့နှာခေါင်းဖျားလေးနဲ့ သူမလည်ပင်းအသားနုနုတစ်လျှောက် ဖွဖွလေးပွတ်သပ်ရင်း ရယ်မောဖွယ်ယားယံမှုတွေ ဖန်တီးပေးနေတယ်။
"အာ့ ဦး ဟားဟား တော်တော့ မော မောတယ် "
"ဒါဆို ချစ်လား ကိုယ့်ကို "
"ဟင့် ဘာမှလဲမဆိုင်ဘူး "
"ချစ်တယ်ဆိုတဲ့မေးခွန်းက နေရာအလိုက် အချိန်အလိုက်မေးရမဲ့ မေးခွန်းမျိုးမှမဟုတ်ဘဲ
ကိုယ်ကတော့ မင်းနဲ့ အတူရှိခွင့်ရတဲ့အချိန်တိုင်း မေးနေမှာ "
"ဒီတော့ မင်းကလည်း ကိုယ်မေးတဲ့အချိန်တိုင်း
တစ်စက္ကန့်လေးတောင်နောက်မကျစေဘဲ ဖြေရမယ် "
ဒါက ချစ်ကြောင်းပြောနေတာလား....ဒါမှမဟုတ် အမိန့်ပေးနေတာလား မသဲကွဲတော့ဘူး။
"ချစ်လားလို့ ကလေးမ "
"ချစ်တယ် ဦးကိုအရမ်းချစ်တယ် "
"ဒါဆို ကိုယ့်ကိုအသားချင်းထိခွင့်ပြုမှာလား "
"အာ ဒီလူကြီးဘာတွေမေးနေလဲမသိဘူး "
"အတည်ပြောနေတာ ဖြေပါ
ကိုယ့်ကိုခွင့်ပြုမှာလား ကလေး "
"ဦးနော် မေ့နေတာလား
ဦးနဲ့နရီကြားမှာ နှစ်ယောက်သဘောတူထားတဲ့
စာချုပ်တစ်ခုလုံးရှိသေးတယ်နော် "
"ဟာ မလိုတော့ဘူးလေကွာ
အခုဆို မင်းနဲ့ကိုယ်က တကယ့်လင်မယားတွေဖြစ်နေပြီ စာချုပ်ကို ဘေးဖယ်ထားလိုက်တော့..နော် နော် မိန်းမ "
စာချုပ်ရှိသည်ဖြစ်စေ..မရှိသည်ဖြစ်စေ..ခါးမှာ ဦးကိုချစ်ဖို့ကလွဲပြီး ဘာအခွင့်မှမရှိဘူးလေ။
"ဟိတ် ဘာတွေစဥ်းစားနေလဲ "
"ဘာ ဘာမှမဟုတ်ပါဘူး ဦး "
"ကလေး "
" အင်ဟင် ဦး ပြောလေ "
"ကိုယ်လေ ကလေးကိုသိပ်ချစ်တာပဲသိလား"
"အာ အင့် ဦး အတင်းဖက်မထားနဲ့လေ
ဒီမှာအသက်ရှူကြပ်နေပြီလို့ "
"ကိုယ်မင်းကို အရမ်းချစ်တယ် "
"နရီလဲ ဦးကို ချစ်ပါတယ် "
တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိသော အကြည့်တို့ဖြင့် အပြန်အလှန်ကြည့်ကြရင်း မျက်နှာနှစ်ခုဟာ ပူးကပ်သွားလေသည်။
သူမနှုတ်ခမ်းတို့ဟာ အိစက်နေသည်။
နမ်းလေ ငတ်မပြေလေဆိုသည့်အတိုင်း အသက်ရှူခွင့်မပေးဘဲ စက္ကန့်ကြာမျှ ထိတွေ့နေမိ၏။
သနပ်ခါးမှာလည်း မျက်လုံးလေးမှိတ် သူ့ကျောပြင်ကိုဖက်တွယ်ထားရင်း အနမ်းတို့ကို မိန်းမောစွာခံယူနေသည်။
ထိုစဥ်...
တူ...တူ...တူ...
တူ..တူ...တူ...
"ဟင် ဦး ဖုန်း "
"အရေးမကြီးပါဘူး "
"အွန့်! "
" ဦး ခဏ ဖုန်းအရင်ကိုင်လိုက်နော် "
အဆက်မပြတ် မြည်နေတဲ့ဖုန်းကို သူအရေးမလုပ်ပေမယ့် သူမက ရင်ဘတ်ကို အတင်းတွန်းကာ သတိပေး၏။
"ဟာကွာ ဘယ်ကဖုန်းလဲကွာ ကျစ် အချိန်ကောင်းမှ"
နေရာမှထထိုင်ကာ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို! !"
ဒေါသထွက်နေတဲ့အသံတိုင်း အပြင်ကိုအသံထုတ်သည်။
". ...."
"အွန်း ဘာကိစ္စရှိလို့လဲ ဂျာကြီး
ကျုပ်နားရက်ယူထားတာ သိတယ်မလား "
". ...."
"ဘယ်လို! "
". ....."
"ခဗျား သေချာရဲ့လား "
". ....."
"တောက် ! ခဗျားတို့ရှိရက်နဲ့ဗျာ"
ဖုန်းလဲပြော တစ်ဖက်က စားပွဲပေါ်က စာရွက်ဖိုင်တွေတစ်ရွက်ချင်းလှန်ပြီး laptopနဲ့ လက်က အလုပ်ရှုပ်သွားခဲ့တယ်။
". ....."
"ဟာကွာ ! ကျစ် သွားပြီကွာ အကုန်ပါသွားပြီ"
ဒုန်း!
". ...."
"အခုလောလောဆယ်တော့ ခဗျားထိန်းထားလိုက်
ကျုပ်လာတာနဲ့ အဖျက်ပိုးတွေအကုန်ရှင်းပစ်မယ်
တောက်! "
ဖုန်းထဲက အကြောင်းတစ်ခုခုကြောင့် ပုံမှန်မဟုတ်ဒေါသများနေတဲ့ ခမ်းနားကို ခါးက ငြိမ်ကုပ်ကုပ်လေးနေကာ ပါးစပ်လေးဟလျက် စူးစမ်းကြည့်နေပြီးနောက်...
"ဦး ဘာဖြစ်လို့လဲ ဘယ်သူဆက်တာလဲဟင် "
သူမ မဝံ့မရဲလေးမေးလိုက်တော့...
"ဟူး ကိုယ်တို့ ကုမ္ပဏီရဲ့ အတွင်းရေး
အချက်အလက်တွေနဲ့ မနေ့ တနေ့ကမှ
ဒီဇိုင်းဆွဲပြီး ပို့လိုက်တဲ့ဖိုင်တွေအကုန်လုံး
တခြားကုမ္ပဏီတွေကို ရောင်းစားခံလိုက်ရတယ်"
"အို !"
"ဟုတ်တယ် ပြဿနာကမသေးဘူး
ဒါကြောင့်ပဲ ကိုယ်ဒီနေ့ပဲရန်ကုန်ပြန်မှဖြစ်မယ် "
"ဟုတ် ပြန် ပြန်ရမှာပေါ့ အချိန်ကြာလေ ကုမ္ပဏီက ဝန်ထမ်းတွေအတွက် ၊ ကုမ္ပဏီအတွက်ရော
ဦးအတွက်ပါ ထိခိုက်လာနိုင်တယ် "
"ဆောရီးပါကွာ မင်းနဲ့ကလေးတွေကို
ဒီထက်ပိုပြီးအချိန်ပေးခဲ့သင့်တာ"
"ဦးရယ် နရီတို့အတွက်တော့ မပူပါနဲ့နော်
ဒီမှာ မေမေရော မအေးမရော ဒရိုက်ဘာ
ဦးလေးကြီးရောရှိမှာပဲလေ "
"ဟူးးနားလည်ပေးလို့ကျေးဇူးပါကွာ
ကိုယ်အခုပဲ မေမေ့ဆီသွားပြီး အကျိုးကြောင်း သွားပြောလိုက်မယ်"
"ဟုတ် ဦး "
ခမ်းနားထွက်သွားပြီးနောက် ကျန်ခဲ့တဲ့ ခါးသည် စားပွဲပေါ်မှာကြဲပြန့်နေတဲ့ စာရွက်တချို့နဲ့ ကြမ်းပြင်ကတချို့ကို ကောက်ယူပြီး ကြည့်လိုက်တယ်။
အားလုံးဟာ ခဲနဲ့ သေသပ်လှပစွာ ဖန်တီးပုံဖော်ထားတဲ့ ဖိနပ်ဒီဇိုင်းတွေပင်။တစ်ပုံနဲ့တစ်ပုံမထပ်ဘဲ ဆန်းသစ်လှပနေပြီး အဲ့ဒီ့ညက အလုပ်ကိစ္စဆိုပြီး မအိပ်တာက ဦးကိုယ်တိုင် ဒီဇိုင်းတွေဆွဲနေလို့တဲ့လား။
Laptop screen မှာပေါ်နေတာက စာရွက်ထဲကဒီဇိုင်းတွေကို ဖိနပ်အဖြစ်ပြန်လည်ပြသထားတဲ့ စာမျက်နှာတစ်ခု။
တစ်ခုပြီးတစ်ခု ကျော်သွားကြည့်တော့ အားလုံးဟာ ဦးဆွဲထားတဲ့ ပုံတွေနဲ့ တစ်ပုံစံထဲဖြစ်နေတာပင်။
ဦးရဲ့ဦးနှောက်ထဲက ဖန်တီးမှုတွေကို သူတို့က မှန်တစ်ချပ်လို ကူးချသွားတယ်။ချွေးစက်တွေကျပြီး ဖန်တီးထားတဲ့အရာက အခုသူတို့ပရိုဖိုင်မှာ ချောမွေ့စွာ တင်ထားလျက် လူတိုင်းဟာ ထိုအရာတွေအောက်မှာ ချီးမွန်းထောပနာပြုထားကြတယ်။
အဲ့ဒီ့ခံစားချက်ဟာ ဘယ်လောက်တောင်ဆိုးရွားလိုက်သလဲ။
ဒေါက် ဒေါက်!
"မေမေ မေမေ "
"ဩော မအေးမ မေမေနိုးပြီလား "
"နိုးပြီအကိုလေးရဲ့ အခုပဲနိုးလို့ မနက်စာလာပို့တာ "
"ဒါဆို ကျွန်တော့ကိုပေးခဲ့ ကျွန်တော်ကိုယ်တိုင်ပဲ
သွားပေးလိုက်မယ် "
"ဟုတ် အကိုလေး "
အေးမလက်ထဲမှ ပန်းကန်တို့ကို လက်လွှဲယူကာ အခန်းထဲသို့ဝင်လိုက်သည်။
" မေမေ "
" သား ခမ်းနားလား ဝင်လာခဲ့လေ "
ဒေါ်သိမ့်သိမ့်သူသည် ကုတင်ပေါ်တွင် ဘေးတစောင်းလှဲ၍ ရှိနေသည်။
"ကျွန်တော် မနက်စာလာပို့တာ ဒါနဲ့ မေမေ
သက်သာရဲ့လား "
"အင်း သက်သာပါတယ်ကွယ် သက်သာနေပါပြီ "
"အမလေး ကျွတ်ကျွတ် "
"လာမေမေလာ ကျွန်တော့ကိုကိုင်ပြီး
ဖြေးဖြေးချင်းထလိုက် "
"သားခမ်းနား မင်းမှာ မေမေ့ကိုမနက်စာပို့ဖို့ချည်းပဲတော့မဟုတ်ဘူးထင်တယ် ပြောစရာရှိလို့လား သား"
"ဟုတ်ပါတယ် အဲ့ဒါက ကျွန်တော် ဒီညနေပဲ
ရန်ကုန်ပြန်တော့မလို့"
"ဟေ ဘယ်လိုဖြစ်ရတာလဲကွယ့် "
"ကုမ္ပဏီမှာ အရေးတကြီးကိစ္စတွေပေါ်လာလို့ပါ ကျွန်တော်ကိုယ်တိုင်သွားမှဖြစ်မဲ့ကိစ္စမို့"
"သားတစ်ယောက်ထဲလား "
"ဟုတ်တယ် ကျွန်တော်တစ်ယောက်ထဲပဲ ပြန်မှာ
နရီနဲ့ကလေးတွေကိုတော့ခေါ်မသွားတော့ဘူး
မေမေကလဲနေကောင်းသေးတာမဟုတ်တော့အေးဆေးနားပြီးမှ ပြန်လာကြပါ "
"အိုကွယ် ဒါတော့မဟုတ်သေးပါဘူး
သားပြန်မယ်ဆို မေမေတို့ပါ လိုက်ပြန်မှာပေါ့
မိသားစုနဲ့ တိုင်ပင်စရာဆိုလို့ ဒီလူလေးပဲရှိတာမလားဒီလူတွေကမှ အချင်းချင်း မဖေးမရင် တခြား ဘယ်သူတွေက လုပ်ပေးမှာမို့လဲကွယ် အခု သားအတွက် အရမ်းအရေးကြီး ပြန်ရမယ်ဆိုရင် မေမေတို့ပါလိုက်ပြန်မယ် ဟုတ်ပြီလား"
"ဒါပေမဲ့..."
"သား ခမ်းနားစည်းစိမ် "
" ဟုတ် မေမေ "
"သားအခုပြန်ရင် မေမေတို့ပါ အတူလိုက်ပြန်မယ်
ဒါစကားအကုန်ပဲ "
"ဟုတ်ကဲ့ပါ မေမေ့သဘောပါ "
ခက်ခဲတဲ့အချိန်တွေမှာ အဒေါ်ဖြစ်သူက သူ့အပေါ်မျှော်လင့်ချက်မမဲ့စေခဲ့ဘူး။မိခင်မဟုတ်ပေမယ့် မိခင်တစ်ယောက်လို ပြုမူဆက်ဆံခဲ့ပြီး ကလေးတွေနဲ့ သူ့အပေါ် ငြူဆူတယ်ဆိုတာမရှိခဲ့။
ပီတိစိတ်နဲ့ မျက်ရည်တွေကဝဲလာတယ်။
"ကဲ သား ဒါဆို စားစရာရှိတာစား လုပ်စရာရှိတာလုပ်ပြီး ခရီးအတွက်ပြင်ဆင်တော့လေ သမီးနရီနဲ့ ကလေးတွေကိုလည်း မပြောရသေးဘူးမလား သွားပြောလိုက်တော့ သား "
"အေးမရေ အေးမ လာစမ်းပါအုံး "
အပြန်ခရီးတွက် အခုထဲက ပြင်ဆင်နေတော့တဲ့ အဒေါ်ဖြစ်သူကို ပြုံးပြုံးလေးကြည့်ရင်း ဇနီးဖြစ်သူနဲ့ ကလေးတွေရှိရာဆီသို့ လှည့်လာလိုက်တော့တယ်။
🌺 🌺 🌺
"အေးမရေ အေးမ အမြဲ ညည်းကိုပဲစောင့်နေရတယ် မြန်မြန်လာပါ တကယ်ပဲ ကြာလိုက်တာ "
"လာ လာပါပြီ မေမေကြီးရဲ့
အထုပ်တွေကများနေလို့ပါ "
"အေး များမှာပေါ့ ခရီးလေးခဏထွက်တာကို
အိမ်ပြောင်းတဲ့အတိုင်းသယ်ချလာတာ နည်းသလား "
"ဟဲဟဲ မေမေကြီးကလဲ ဒါတွေကလိုအပ်တဲ့အရာတွေချည်းပဲ "
"ကဲ ကဲ စကားမများနဲ့ ကားပေါ်တက်တော့
သားစစ်နဲ့ မီးငယ်နဲ့က ဖွားနဲ့အတူထိုင်နော် "
" သားနဲ့သမီးရော အဆင်သင့်ဖြစ်ပြီလား
အထုပ်တွေဘာတွေကျန်ခဲ့လား သေချာစစ်အုံးနော်"
"ဟုတ် စစ်ပြီးသွားပါပြီဗျ အားလုံး အဆင်သင့်ပါပဲ "
" အေအေ ဒါဆို ကားပေါ်တက်ကြတော့ "
အလုပ်ကိစ္စနှင့် ပြန်မည့်သူသည် သူလား အဒေါ်လားဟု ထင်မှားရအောင် သူမကပိုပြီးတက်ကြွနေလေသည်။
ကားရှေ့ခုံတွင် အေးမနှင့် ကားမောင်းသူဦးလေးကြီး။ အလယ်ခုံမှာတော့ ဒေါ်သိမ့်သိမ့်သူနှင့် ကလေးနှစ်ဦးဖြစ်ကာ နောက်ဆုံးခုံတွင်မူ ခမ်းနားနှင့်သနပ်ခါးက နေရာယူ၏။
"အဟင်း အရူးမလေး "
သနပ်ခကတော့ ထုံးစံအတိုင်း ကားဘီးလှိမ့်တာ တစ်ပတ်မပြည့်သေး အိပ်မောကျသွား၏။
ဒီတစ်ခါမှာတော့ ခမ်းနားသည် သူ့ပခုံးထက် သူမကိုနေရာပေးကာ အိပ်စေသည်။နှုတ်မှလည်း ချစ်စနိုးနဲ့ အသည်းယားစွာ ခေါ်လိုက်၏။
"မေမေကြီး ဒီတစ်ခေါက်တော့ သေချာတယ်
မေမေကြီး မြေးချီရတော့မှာ ဟိဟိ "
"ဟဲ့ တိုးတိုးပြောစမ်းပါအေ တော်ကြာ
ကြားသွားလို့ အကြံအစည်တွေပျက်ကုန်ပါမယ် "
အေးမက သူ့မ စရိုက်အတိုင်း အသံကျယ်ကြီးနဲ့ ထပြောနေတော့ နောက်မှလိုက်လံဖာထေးနေသူ အဖြစ်တို့အား နားထောင်နေကြသူ ကလေးနှစ်ယောက်မှာတော့ မျက်လုံးအပြူးသားလေးတွေနဲ့ နောက်ခန်းမှ ခမ်းနားနှင့် သနပ်ခါးကို ပြိုင်တူ လှည့်ကြည့်နေကြတော့သည်။
အခန်း(၂၄)ပြီး🌺🌺🌺
စာဖတ်သူအားလုံးကို လေးစားချစ်ခင်လျက်ပါ။