တရုတ်မလေးနှင့်ဒုဌ၀တီသား(၂၆)
(ဝါဆိုမိုးနဲ့ကောက်စိုက်ပွဲ)
မိုးတွေ ရွာနေတဲ့ကြားထဲက ကောက်စိုက်ဖို့ ထယ်စက်သွားမောင်းတဲ့ လင်တော်မောင်ကို စိတ်ပူမိတာ အလွန်ပါပဲ။
ကိုယ့်ရွာ ကိုယ့်ရပ်မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်ကြရအောင်ဆိုပြီးနှစ်ဦးသား တိုင်ပင်ခဲ့ကြတာ။
မောင်က သရက်သီးချိန် သရက်ပွဲစားလုပ်၊ သံပုရာတွေ စိုက်ခင်းအပြတ်၀ယ်ထား ဈေးကောင်းချိန် ပြန်ထုတ်ရောင်း။
ဆယ့်နှစ်ရာသီ အလုပ်နဲ့ လက်နဲ့မပြတ်ချင်တဲ့မောင်က ခြံထဲမှာ တစ်ပိုင်တစ်နိုင် ဗမာ့ကြက်နဲ့ တိုက်ကြက် ကမွေးလိုက်သေး။
အခုလည်းကြည့် အမေတို့က ကိုယ့်လယ် ကို ထယ်ဖို့ ၀ယ် ထားတဲ့ကူဘိုတာ စက်ထယ် ကြီးကို မောင်က သူကိုယ်တိုင်မောင်းပြီး အခြားသူလယ်တွေပါ အငှား လိုက်မောင်းတယ်။
“မောင်ရယ် ပင်ပန်းပါတယ် ၊အခြားသူ ငှားပြီး မောင်းခိုင်းပါ့လား”
ပြောတော့ “အမေတို့လည်း စက်ဖိုးမြန်မြန်ကျေ မောင်လည်း ထယ်စက်မောင်းချင်လွန်းလို့ပါတဲ့။”
“မတားတော့ပါဘူးလေ။ ယု ဆိုရင်လည်း ယု့ ဝါသနာ ပါရာ အကုန်လျှောက်လုပ်တိုင်း မောင်က ငါ့မိန်းမက တော်လိုက်တာဆိုပြီးအမြဲထောက်ခံခဲ့တာ”
တွေးရင်နဲ့ ထယ်စက်သံကြားတော့ အဘွား စားပွဲနားကနေ ထီးလေးကိုင်ပြီး ထသွားလိုက်တယ်။
>>>
“မိန်းမက မိုးရွာနေတာ အိမ်ထဲ မနေပဲ ဘာလို့ အပြင်ထွက်နေတာလဲ”“မောင့် ထယ်စက် သံ ကြားလို့ လေ”
ဖြေရင်း မောင့် ခေါင်းပေါ်က ဦးထုပ်ကို လှမ်းချွတ်ပေးပြီး လက်ထဲက လွယ်အိတ်ကို လှမ်းယူလိုက်တယ်။
မလှမ်းမကမ်း ထိုင်နေတဲ့ အဘွားက အပြန်အလှန်ကဲကဲသဲသဲ ချစ်နေကြတဲ့ မြေးတွေကိုကြည့်ပြီး ကျေနပ်နေလျက်။
သူ့ကြက်တွေ စိတ်မချလို့ ရွာထဲ ကြာကြာမနေနိုင် ခြံထဲ မြန်မြန်ပြန်သွားတဲ့ မြေးကို ကြည့်ရင်း ငါ့မြေးတွေက လင်ရောမယားရော စီးပွားရေးသိကြရှာတယ် ။
