တနင်္လာနေ့ရဲ့ နူးညံ့တဲ့ မနက်ခင်းအလင်းရောင်ဟာ ကွန်ဒိုခန်းလေးထဲကို တိုးဝင်လာတယ်။ Dew မျက်လုံးလေး ဖြည်းဖြည်းချင်း ပွင့်လာတော့ မနေ့ညက Tee ဆီက ဖုန်းဝင်လာတဲ့ အကြောင်းကို ပြန်မှတ်မိသွားတယ်။ သူ့ရဲ့ အစ်ကို နိုင်ငံခြားကနေ ပြန်လာတာမို့ အမြန်ဆုံး သွားကြိုရကြောင်း Tee က ပြောပြခဲ့တယ်။
Dew မျက်နှာမှာ အလိုလို အပြုံးတစ်ပွင့် ဝေဆာသွားတယ်။ မိသားစုကို တန်ဖိုးထားတတ်တဲ့ Tee ရဲ့ စိတ်ထားလေးကို သူ အမြဲတမ်း ချစ်မြတ်နိုးတယ်။
အိပ်ရာက ထလိုက်တာနဲ့ Dew လက်က သူ့ရဲ့ ဖုန်းဆီကို အလိုလို ရောက်သွားတယ်။ မျက်နှာပြင်လေးကို ဖွင့်ကြည့်လိုက်တော့ Tee ဆီက စာတိုလေး တစ်စောင် ရောက်နေတာကို တွေ့လိုက်ရတယ်။
"... ဒီနေ့ ကျောင်းကို လာဖြစ်တော့ဘူးနော် "တဲ့
စာလေးကို ဖတ်ပြီးတော့ Tee ကျောင်းမလာတော့ Dew လည်း ကျောင်းသွားချင်စိတ် တောင်မရှိတော့ဘူး။ ဒါပေမဲ့ ဒီနေ့ ဖြေရမယ့် အရေးကြီးတဲ့ tutorial ရှိနေတာကြောင့် မသွားလို့လည်း မဖြစ်ဘူးလေ။ရေမိုးချိုးပြီး အဝတ်အစားလဲကာ Dew ကျောင်းကို ထွက်လာခဲ့တယ်။ ဘန်ကောက်မြို့ရဲ့ မနက်ခင်းဟာ အရင်လိုပဲ ကားတွေရဲ့ အသံ၊ လူတွေရဲ့ ဆူညံသံတွေနဲ့ ရှုပ်ထွေးနေတယ်။
ကျောင်းရောက်တော့ အတန်းထဲမှာ သူငယ်ချင်းဖြစ်တဲ့ Sky ကို တွေ့လိုက်တယ်။ Sky က သူ့ဆီကို ပြေးလာပြီး သူ့ရဲ့ ထုံးစံအတိုင်း တက်တက်ကြွကြွနဲ့ စကားတွေ ပြောတော့တယ်။
"ဟေ့ကောင် Dew! ဒီနေ့ tutorial ပြီးတာနဲ့ ကျန်တဲ့အတန်းတွေ လစ်ကြရအောင်ကွာ! ငါတို့ Siam ဘက်ကို သွားကြမယ်လေ။ မင်းလည်း ပျင်းနေမှာပေါ့" လို့ Sky က သူ့ရဲ့ လက်မောင်းကို လှမ်းဖက်ရင်း ပြောတယ်။
Dew က ခေါင်းငြိမ့်လိုက်ပြီး "အင်း... ငါလည်း အိမ်မှာပဲ နေနေရတာ ပျင်းနေတာနဲ့ အတော်ပဲ။ ဒါပေမဲ့ tutorial ကတော့ ဖြေမှ ဖြစ်မှာနော်" လို့ ပြန်ပြောလိုက်တယ်။
"အေးပါကွာ... အဲ့ဒါ ပြီးတာနဲ့ လစ်ကြမယ်။ ငါ ဝယ်စရာရှိတာလေးတွေလည်း ဝယ်ချင်လို့" လို့ Sky က မျက်လုံးလေးတွေ အရောင်တောက်လာပြီး ပြောတယ်။
