[U]
《ကြွက်သားတွေနဲ့ယောကျ်ားတချို့ကို မီးရှို့ပေး》
ပျားတစ်ကောင်၏ အရွယ်စားမျှသာရှိသော အိတ်ဆောင်အရွယ် ဒရုန်းတစ်စင်းသည် ပြတင်းပေါက်အပြင်ဘက်သို့ ပျံထွက်ကာ မြို့အထက် ပျံဝဲနေသည်။ ပျံသန်းနေစဥ်အတွင်း အချိန်နှင့်တပြေးညီပုံရိပ်များကို ကျစ်ယွီရှီ၏ ဆက်သွယ်ရေးစက်ဆီသို့ ပို့ဆောင်ပြီးသည့်နောက် ကြည့်ရှူရန် ဟိုလိုဂရပ်ဖစ်ပုံရိပ်တစ်ခုအဖြစ် အကျယ်ချဲ့ပြသလာသည်။
"မြို့ထဲမှာ အသက်ရှင်ကျန်သူတွေ ရှိနေသေးတယ်"
ကျိုးမင်ရွှမ်းက ပုံရိပ်ကို ညွှန်ပြလာပြီး "ကြည့်..ဒီမှာမီးခိုးတွေ ရှိတယ်"
ပုံရိပ်ထက်တွင် မြို့၏ပုံသဏ္ဍာန် တဖြည်းဖြည်းပေါ်လာသည်။
လူသူကင်းမဲ့နေသော လမ်းများနှင့် ပျက်စီးနေသော လမ်းမများ၊ နေရာတိုင်းသည် ဤမြို့တွင် မြို့ပြလူနေမှုစနစ် ပျက်သုန်းသွားသည့် လက္ခဏာရပ်များ ဖြစ်သည် ။ သူတို့ ရှိနေသည့် နေရာကဲ့သို့ပင် အခြားလမ်းများတွင်လည်း ဖုတ်ကောင်များ၏ အရိပ်အယောင်များသာ ရှိနေသည်။
"အသက်ရှင်နေသေးတဲ့သူတွေ ရှိကို ရှိနေမှာပဲ။ ကျွန်တော်တို့ အခုလေးတင် အာကာသကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တာမဟုတ်ဘူးလား"
လီချွင်းက ထိုသို့ပြောလာပြီးနောက် သူ၏ဒေါသနှင့်နောင်တများကို ဖုံးကွယ်မထားနိုင်တော့။
"ချီးပဲ အဲ့ဒီအာကာသကားကြောင့်သာမဟုတ်ရင် ဝမ်ကောက ဒီလောက်ထိ ဒဏ်ရာရသွားမှာ မဟုတ်ဘူး ...ကျွန်တော် တကယ်ပိုပြီး ကောင်းကောင်းလုပ်ခဲ့သင့်တာ"
ကျစ်ယွီရှီက ပြောသည်။
"မင်းကို အရမ်းနောက်ကျမှ သတိပေးခဲ့မိတာက ကျွန်တော်ပါ"
လီချွင်းက သူ့ပါးစပ်ကို ကသိကအောက်နိုင်စွာ တစ်ခဏမျှ ဖွင့်လာပြီး၊ နောက်ဆုံးတော့ ပြောလိုက်၏။
"အကြံပေးကျစ် ကျွန်တော် အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး"
"ဟုတ်တယ် သူလဲ အဲ့လိုအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ဘူး"
