《မှတ်ဉာဏ်နှစ်ထပ်》
အမှန်တကယ်ကို ဌာနမှူးဝမ် ဖြစ်နေခဲ့သည်။
ဓာတ်ပုံထဲရှိ သက်လတ်ပိုင်းအရွယ်အမျိုးသမီးမှာ ပြီးခဲ့သည့် ၁၅နှစ်လုံးလုံး ကျန်းမြို့ဌာနခွဲကို တာဝန်ယူခဲ့သောသူဖြစ်သည်။ကျစ်ယွီရှီက ဤအကြောင်းကို သေချာသိနေရသည်မှာ ယခုသူသည် မှတ်ဉာဏ်နှစ်ခုပိုင်ဆိုင်ထားသောကြောင့်ပင်။
စုန့်ချင်းလန်အတွက်မူ အမျိုးသမီးရုတ်တရက်ပြေးလာခြင်းက အရင်စက်ဝန်းကို မှတ်မိစေသော မှတ်ဉာဏ်သော့ချက်ဖြစ်ကြောင်း ကားထဲတွင် သူပြောခဲ့သည့်အတိုင်း ထပ်တူညီသည့် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။
ဌာနမှူးဝမ်၏ဓာတ်ပုံကို သူမြင်လိုက်သည့်တစ်ခဏတွင် စုန့်ချင်းလန်၏မှတ်ဉာဏ်များမှာ သူ့ခေါင်းထဲသို့ ပြန်လည်တိုးဝင်လာပြီး သူမ၏ အရင်က ဝိုးတဝါးပုံရိပ်က ပို၍ ထင်ရှားလာခဲ့သည်။
အနှေးပြကွက်ရုပ်ရှင်တစ်ကားအလား၊ အနှီမှတ်ဉာဏ်များမှာ စုန့်ချင်းလန်၏လက်ရှိ မှတ်ဉာဏ်များဖြင့် တစ်ကွက်ချင်းထပ်တူကျသွားလေ၏။
အချက်အလက်များစွာ ထိုးထွက်လာခြင်းက စုန့်ချင်းလန်အား ခေါင်းကိုက်သွားစေသည်။ သူထျန်းချုံသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစကာ နောက်ထပ်မှတ်ဉာဏ်အသစ်တစ်ခုထွက်ပေါ်လာပြီး ရက်ပေါင်းတစ်ထောင်စာနီးနီး မှတ်ဉာဏ်များက သူ့ခေါင်းထဲ ပြန်ပေါ်လာခဲ့သည်။ လူများနှင့် အဖြစ်အပျက်များအားလုံး ပြောင်းလဲသွားသည့်တိုင် မူလက ရှိနေသော ဆန့်ကျင်ဘက်မှတ်ဉာဏ်များက ပျောက်ကွယ်မသွားခဲ့ချေ။
"ခေါင်းဆောင်စုန့် !"
အလှမ်းဝေးသော အသံတစ်သံကို ကြားလိုက်ရသည်။
"ခေါင်းဆောင်စုန့် !"
အသံသည် တဖြည်းဖြည်း နီးကပ်လာပြီးနောက် စုန့်ချင်းလန်၏ ရှေ့တည့်တည့် ရောက်လာ၏။
စုန့်ချင်းလန်သည် အသိပြန်ဝင်လာကာ သူ့တံတောင်များက စားပွဲထက်တွင်ရှိနေလျက် သူ့လက်ချောင်းများကမူ နားထင်များကို ထောက်ထားသည်ကို မြင်လိုက်ရပြီး သူ့နဖူးထက်တွင် ချွေးစေးများလည်း ထွက်နေခဲ့သည်။ သူ့အသံရှူနှုန်းမှာ တိုးလျမြန်ဆန်နေ၏။
