《စံနှုန်းနှစ်ခွ》
လေးယောက်သားသည် နောက်ထပ် ၃၊ ၄ခန်းလောက် ဆက်သွားခဲ့ကြသည်။ ကျစ်ယွီရှီက အခန်းတစ်ခုစီတွင် အမှတ်အသားများ ချန်ထားခဲ့သည်။
လှေကားပေါ် တက်နေရင်း လင်ရှင်းလန်က မေးလာသည်။
" အကြံပေးကျစ်..ဒီရောင်စုံကုဗတုံးမှာ ဘယ်နှဆင့်လောက်ရှိမလဲ ခန့်မှန်းနိုင်လား"
ဝါသနာထုံသူများကတော့ ၃ × ၃ × ၃ ကုဗတုံးမှ ၉ × ၉ × ၉ ရောင်စုံကုဗတုံးအထိ ရင်းနှီးနေကြလိမ့်မည်။ ပို၍ပင် ထဲထဲဝင်ဝင် လေ့လာကြည့်ပါက ၁၇ × ၁၇ × ၁၇ ကုဗတုံးလည်း ရှိသေးသော်ငြား ယခုကုဗတုံးက ၎င်းထက်ပင် ပို၍ကြီးမားသော ရောင်စုံကုဗတုံးဖြစ်ကောင်းဖြစ်နိုင်၏။
အနောက်မှ ကပ်လျက်လိုက်လာသော ကျစ်ယွီရှီက ပြန်အဖြေပေးလိုက်သည်။
"မခန့်မှန်းနိုင်ဘူး "
လင်ရှင်းလန်က ဤအဖြေကြောင့် အံ့အားသင့်သွားပုံရသည်။ သူသည် ကျစ်ယွီရှီကို ပြန်လှည့်ကြည့်လာ၏။
ကျစ်ယွီရှီသည် အလုံးစုံကို သိကျွမ်းနေသော အနန္တတန်ခိုးရှင်မဟုတ်။ အနီးကပ်ပါဝင်နေသော အစိတ်အပိုင်းများကို သေချာမြင်နိုင်သည်မဟုတ်ချေ။ ထို့ပြင် သူတို့ တစ်ခန်းပြီးတစ်ခန်း ဖြတ်သန်းလာရင်းနှင့် မစ်ရှင်၏ ရောင်စုံကုဗတုံးမှာ လက်တွေ့တွင် သူတို့ရင်းနှီးနေသည့် ရောင်စုံကုဗတုံးနှင့် တူသလားဟူသည့် မေးခွန်းလည်း ရှိနေသေးသည်။
သူသည် မသေချာတော့။ သူသည် စတင်၍ တစ်စထက်တစ်စ ပိုမိုစိတ်ရှုပ်ထွေးလာသည်ဟု ခံစားနေရသည်။ သို့သော် သူသည် အပြင်ပန်းတွင်တော့ ဘာကိုမျှ ပြသမလာခဲ့။
အကုန်လုံး၏ စိတ်ပိုင်းဆိုင်ရာအခြေအနေက အရေးကြီးလေ၏။ ဤအကြောင်းကို တခြားသူများကို ပြောရန် စောလွန်းနေသေးသည်။
အထူးသဖြင့် လူတိုင်းက ရှေ့ရှိ လျှို့ဝှက်ဆန်းကျယ်မှုကို ဖြေရှင်းရန် အင်မတန် စိတ်အားထက်သန်နေသည့်အချိန် ဖြစ်နေသောကြောင့်ပင်။သူတို့ မီးခိုးရောင်ဘောလုံးနှင့် အခန်းသို့ ရောက်လာကြသည်။
