《အချိန်ကွာဟချက် (နေရာတစ်ခုတည်းမှာ အချိန်နှစ်ခု )》
ကျစ်ယွီရှီထက်ပိုပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူ ?
ထိုအခြင်းအရာက မိုရီတာ ယုကို သက်ပြင်းတွင်တွင်ချသွားစေသည်။ ကြည့်ရသလောက် ကြယ်ခေတ် အချိန်နှင့်အာကာသက သူ၏ အချိန်နှင့်အာကာသထက် ပိုပြီး တိုးတက်ဖွံ့ဖြိုးနေပုံပင်။ နည်းပညာတိုးတက်ရေးတွင် အလွန် ကြီးမားသော ကွာဟချက်ရှိနေ၏။
သို့သော် ဤရောင်စုံကုဗတုံးအကြောင်း သတင်းအချက်အလက် ဖလှယ်သည်မှလွဲပြီး သုံးယောက်လုံးက သူတို့လာခဲ့သည့်နေရာအကြောင်းကို အသေးစိတ်မပြောကြပေ။
သူတို့သည် အချိန်နှင့်အာကာသ တည်မြဲမှုကို ထိန်းသိမ်းနိုင်ရန် အခြားအချိန်နှင့်အာကာသမှ လူများနှင့် ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်ခြင်းမျိုးကို ဟန့်တားထားလေ၏။
ဘယ်အချိန်နှင့်အာကာသမှဖြစ်နေပါစေ၊ ထျန်းချုံ၏ ဥပဒေ၃ရပ်က သူတို့အရိုးထဲထိစွဲအောင် ရေးထွင်းခံထားရသည်။ အတိတ်ကို ဘယ်တော့မျှ မပြောင်းလဲရ၊ ပစ္စုပ္ပန်အကြောင်း ဘယ်တော့မျှ မပြောရ၊ အနာဂတ်ကို ဘယ်တော့မျှ မစွဲလမ်းရ။
"ဒီကအခန်းတွေက တကယ်ရွေ့နေတာ "
ဇိုဝီက ဝင်ပြောလာသည်။
"တစ်ယောက်ယောက်က တံခါးဖွင့် ဝင်လာတာနဲ့ မူလအခန်းက ပြောင်းလဲသွားပြီး အဲ့တံခါးပဲ ပြန်ပွင့်သွားတဲ့အချိန် အခြားအခန်းတစ်ခုနဲ့ အစားထိုးခံလိုက်ရတာ။ ဖြစ်နိုင်တာက ဒီအခန်းထဲမှာ အာရုံခံစက်တစ်ခုခုတပ်ထားလောက်တယ် "
သူမသည် ဤသို့သော ကိစ္စရပ်ကို သေချာမှုအပြည့်ဖြင့် ပြောနိုင်သည်က သူမ ဒီနေရာတွင် ယခုလိုအခြေအနေမျိုးကို သိသိသာသာပင် ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးခြင်း ဖြစ်ရမည်။
ကျစ်ယွီရှီက ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဖြစ်နိုင်တယ် "
ဇိုဝီက စတင်၍ တွေးတော့သည်။
"အဲ့လိုသာဆို ကျွန်မတို့ ရွေ့လျားတဲ့ပုံကို ရှာဖို့ ခက်မှာပဲ။ ဒီမှာ အခန်းတွေအများကြီးရှိနေတာ။ 'ရောင်စုံကုဗတုံး'က ကျွန်မတို့ကို ဘာလုပ်စေချင်ဝာာလဲ၊ ဘာကို ဆက်နွယ်ပေးစေချင်တာလဲ"
