《အကြောင်းအကျိုး》
[၁၄၅၁ . ၁၁ . ၂၂ ၊ ၂၃: ၃၅: ၄၇ ]
နျဉ်းမြို့။ ဗီးနပ်စ်ဘား အပြင်ဘက်၌။
မူးနေသောသူများက ဘား၏အနောက်တံခါးမှ ဆူညံစွာ ထွက်ခွာသွားကြသည်။ နီယွန်မီးအလင်းရောင်အောက်တွင် တစ်စုံတစ်ယောက်က တံခါးနား မှီလျက်ရှိသောအမျိုးသားကို သတိထားမိသွား၏။
ထိုအမျိုးသားက စီးကရက်သောက်နေခဲ့ပြီး အတော်လေး ခေတ်နောက်ကျနေသော ဂျက်ကတ်ကို ဝတ်ဆင်ထားခဲ့သည်။ သူသည် မသိနိုင်သော အချိန်ကာလတစ်ခုမှ ရောက်လာခဲ့သည့်အလား။ သို့သော် ထိုလူသည် ဒီတိုင်းကို အဝတ်အစားများအတွက် မွေးဖွားလာခဲ့သူပင်။ သူ၏အားကျဖွယ် အရပ်အမြင့်နှင့် ပြီးပြည့်စုံလုနီး အချိုးအစားက ဤသို့သော အဝတ်မျိုးကိုပင် သူဝတ်လိုက်ချိန်၌ ကွဲပြားပုံပေါ်ပြီး အဆပေါင်းများစွာ ဆွဲဆောင်မှုရှိသွားစေသည်။ ကံဆိုးစွာဖြင့် အဝတ်အစားများကိုသာ ကြည့်ပြီးနောက် အပေါ်သို့ ကြည့်လိုက်ပါက သူ့မျက်နှာသည် အရိပ်ထဲတွင် ဖုံးကွယ်နေလျက်။
ဤသို့သောလူမျိုးကို ဒီနေရာ၌ တွေ့လိုက်ရသောကြောင့် သူ့မျက်နှာအား သေချာမမြင်ရလျှင်တောင် ပို၍ရဲတင်းသောသူများအတွက် အရှေ့သို့တိုးကာ စကားလမ်းကြောင်းစရန် လုံလောက်ပေ၏။
"အချောလေး "
သစ်အယ်သီးရောင်ဆံပင်ဆေးဆိုးထားသော အမျိုးသားငယ်တစ်ယောက်က အနားသို့ လျှောက်လာသည်။ ဘောင်းဘီကို ခါးတစ်ဝိုက် ပြေလျော့စွာ ဝတ်ဆင်ထားပြီး သူ၏သွယ်လျလျ တင်ပါးဆုံရိုးများကို ဖော်ပြထားခဲ့သည်။
"လုပ်ချင်လား "
အမျိုးသား၏သွယ်လျသော လက်ချောင်းများကြားမှ အနီရောင်မီးစလေး လင်းလာခဲ့သည်။ ဆေးလိပ်မီးခိုးငွေ့ အလိပ်လိုက်က သူ့ပါးစပ်ထဲမှ လွတ်မြောက်လာ၏။
"စိတ်မဝင်စားဘူး "
တစ်ဖက်လူ၏အသံမှာလည်း ကြားရသည်မှာ အင်မတန်နားဝင်ချိုလှသည်။ တအားသြနေသည့် အသံမျိုးမဟုတ်ဘဲ တုန်ခါသံအနည်းငယ်ပါသည့် အလွန် ဆွဲဆောင်မှုရှိသော အလယ်အလတ်ဩရှသည့် အသံပင်။ ကြားလိုက်ရသည့်အချိန် လူတစ်ယောက်၏နှလုံးသားကို ယားကျိကျိဖြစ်သွားစေရန် လုံလောက်၏။ အမျိုးသားငယ်လေးမှာ အတော်ရဲလေသည်။ သူသည် အနားသို့ အနည်းငယ် ပိုတိုးလိုက်ပြီး တစ်ဖက်လူ၏ခါးပတ်တစ်ဝိုက် သူ့လက်ချောင်းကို လှုံ့ဆော်သည့်အနေဖြင့် ချိတ်လိုက်ကာ။
