《ခင်ဗျား ဘယ်သွားချင်လဲ》
မနက်ခင်း နေရောင်ခြည်အလင်းတန်းက ပါးလွှာသော လိုက်ကာများကြားမှ အခန်းထဲသို့ ဖြတ်သန်းကျရောက်နေသည်။
ခုတင်ပေါ်ရှိလူသည် အလင်းရောင်ကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ သူ၏ငြိမ်သက်စွာ မှေးစက်နေသော မျက်တောင်များက အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ထိုလူက မျက်မှောင်ကြုတ်လိုက်လေ၏။ သူသည် အခုထိ မနိုးသေးသော်လည်း ယခင်ကလောက် အိပ်ပျော်နေသည်တော့လည်း မဟုတ်တော့ချေ။
သူသည် မနေ့ညက နောက်ကျမှ အိပ်ရာဝင်ခဲ့သော်လည်း တစ်ဖက်ရှိ စုန့်ချင်းလန်သည်တော့ မနက်စောစောထသည့်အကျင့်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သည်။ စုန့်ချင်းလန်သည် အိပ်ရာပေါ်မှ အသာထကာ သူ့ခေါင်းအုံးကို နေရာတကျ ပြန်စီလိုက်ရင်း မနေ့ညက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သော ခေါင်းအုံးကိုပါ ကောက်ယူလိုက်ပြီး ကျစ်ယွီရှီ မျက်နှာပေါ် ကျရောက်နေသော အလင်းရောင်ကို ကာကွယ်ရန် ခေါင်းအုံးကို အလားတူ ထပ်ကာလိုက်၏။ နောက်ထပ် ၁၀မိနစ်လောက်ကြာလျှင်တော့ အနှီအလင်းတန်းမှာ အိပ်ရာဘေးရှိနံရံပေါ်သို့ ရွှေ့သွားမည်ဖြစ်ပြီး သူ့အား ထပ်မံနှောင့်ယှက်တော့မည်မဟုတ်ချေ။
ကျစ်ယွီရှီသည် ကောင်းကောင်းအိပ်မပျော်သော်လည်း အလင်းပိတ်ကန့်လန့်ကာများကို အသုံးမပြုခဲ့။ ဤသည်က စိတ်လုံခြုံမှုမရှိသော လက္ခဏာပင်။ သူတစ်ယောက်တည်း နေထိုင်ခဲ့သောအချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် အမှောင်ထဲတွင် မအိပ်နိုင်သော လူတစ်ယောက်အတွက် အမှောင်ထဲတွင် နိုးထလာရမည်ကို ပို၍ပင် မနှစ်သက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
စုန့်ချင်းလန်သည် အိပ်ခန်းထဲမှ တိတ်တဆိတ်ထွက်လာလိုက်ပြီး သူ့နောက်ရှိ တံခါးကို ပိတ်လိုက်၏။ ဧည့်ခန်းထဲရှိ ကြောင်သုံးကောင်က အလျင်အမြန် ထွက်ပြေးသွားတော့သည်။ သူတို့သည် ပုန်းနေကျနေရာများတွင် ပုန်းကွယ်ကာ ဤအပြင်လူစိမ်းကို စောင့်ကြည့်နေကြသည်။
အစာခွက်များအားလုံး ပြောင်သလင်းခါနေ၏။ စုန့်ချင်းလန်သည် ကြောင်စာကို ရှာတွေ့သွားကာ မျက်နှာသစ်ဆေးကြောခြင်း မပြုလုပ်ခင် အစာခွက်ကို ဖြည့်ပေးလိုက်သည်။
