[အခန်း-၂၀]
ကုမ္ပဏီကနေ ညနေစောင်းမှ
ပြန်လာခဲ့သည့်အဖြစ်မှာ နှစ်ယောက်သားက
၀စီပိတ်ကျင့်သလို တိတ်တဆိတ်အနေအထားဖြင့်
ကားပေါ်ပါလာခဲ့၏။
ကားမောင်းပေးရသည့် အလင်းမှာ
ထိုမြင်ကွင်းကိုကြည့်ပြီး ခေါင်းခါယမ်းမိရုံသာ
တတ်နိုင်လေသည်။
" အရှေ့ကမုန့်ဈေးတန်းမှာ ရိုးကို
ကားခနရပ်ပေးနော် "
" ဟုတ်ကဲ့ဗျ "
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက
သူမဖြစ်သော်လည်း ထိုသို့လေနုအေးလေးနှင့်
ပြောခံရသူမှာ သူ,မဟုတ်ဘဲအလင်းဖြစ်နေသဖြင့်
မင်းမြတ်ဗျူဟာ ကလေးဆိုးကြီးတစ်ယောက်လို
မျက်မှောင်ကြုတ်သွားရ၏။
" ကားရပ်ခိုင်းပြီး မင်းကဘာလုပ်မလို့လဲ "
" ၀င်ကစားမလို့လေ "
" မုန့်ဈေးတန်းပါဆို ကစားလို့ရမလားကွ "
" သိရင် ဘာလို့မေးနေသေးသလဲ "
ပြောပြီး ငွေမှင်ရောင်စလင်းဘတ်ခ်လေး
ကောက်လွယ်ကာ ကားပေါ်ကဆင်းသွားသည့်
သူမကတော့ မုန့်ဈေးတန်းထဲရောက်ကာ
မုန့်ဘူးလေးတွေတောင် ရွေးလို့နေပါပြီ။
ကျန်ရစ်ခဲ့တဲ့ သူ့မှာသာ
ပါးစပ်အဟောင်းသားနှင့်
ဘာလုပ်လို့ဘာကိုင်ရမှန်းလဲမသိ။
ဘ၀မှာ ပက်ခနဲပက်ခနဲပြန်ပြောခံရခြင်းဆိုတာ
ဒီကောင်မလေးနဲ့ တွေ့ပြီးနောက်ပိုင်းမှဘဲဖြစ်ကာ
အချိန်ကြာလာတာနဲ့အမျှ သိလာရတာတစ်ခုက
ပေါက်စဟာ သူ့ထက် မပိုတောင်သူ့လောက်နီးနီး
ခေါင်းကြောမာတယ်ဆိုတဲ့အကြောင်း။
နောက်ဆုံး မနေနိုင်တဲ့သူကဘဲ
ကားပေါ်ကဆင်းကာ သူမလေးနောက်
လိုက်ရလေသည်။
" ဘာမုန့်တွေ ရွေးနေတာလဲ "
" ဒီတိုင်း ခံတွင်းတွေ့မယ်ထင်တာလေးတွေ "
" ဘူးအပြာလေးကို ပြန်ထားလိုက်၊
အချိုများလွန်းတယ် "
" အချိုစားချင်လို့မှ ရွေးထားပါတယ်ဆို "
" တော်သင့်ရုံဆို ကိုယ်ကပြောပါ့မလား။
ဒါက တစ်ဘူးလုံးချိစ်တွေချည်းပဲလေ "
" အဲ့တော့ဘာဖြစ်သလဲ "
သူ့ကို လည်ပြန်မော့ကြည့်ရင်း
မေးခွန်းထုတ်လာသည့် သူမက
တစ်ဆက်တည်းမှာဘဲ ယင်းအချိုဘူး
သုံးဘူးလောက်ကို ထပ်ရွေးယူ၏။
ဒါ သူ့ကိုသက်သက်ရွဲ့နေမှန်းလည်း
မင်းမြတ်ဗျူဟာ သိလိုက်သည်။
ထို့ကြောင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ
မြင့်မားလွန်းတဲ့ သူ့ကိုယ်ထည်ကြီးကို
အနည်းငယ်ကိုင်းလိုက်၍ အိစက်၀င်းမွတ်
နေသည့်မျက်နှာပြင်လေးအား ငုံ့မိုးကြည့်၍
သူမလက်ကို မေးဆတ်ပြလိုက်ကာ
" ခင်များလက် မန်းကိုက်မှာစိုးလို့
အချိုကို လျှော့ယူခိုင်းတာ၊ ဒါပေမယ့်
များများယူချင်လဲ ကိစ္စမရှိပါဘူး။
ကိုယ်က Lemon cheese cake ဆို
သိပ်ကြိုက်တာလေ။ချဉ်မယောင်နဲ့
အချိုဘက် သွားတတ်တဲ့အရသာလေး၊
အဟွန်း! မင်းနှုတ်ခမ်းနဲ့ taste တူတယ် "
သူ့စကားအဆုံးမှာ မျက်လုံးစုံ
မှိတ်ချလိုက်တဲ့သူမက နဖူးပေါ်
လက်တင်လိုက်လျက် ကိုယ့်အမှားကိုယ်
သိသွားသလို ခေါင်းခါယမ်း၏။
" စောစောက ကျွန်မထည့်လိုက်တဲ့
သုံးဘူးလုံးပြန်ထုတ်ပေးလိုက်နော် အစ်မ "
" ဟို ... ညီမလေး နံဘေးက
မောင်လေးကြိုက်တယ်လို့ ပြောလိုက်တဲ့
ကိတ်လား။ငါ့ညီမလေးနှုတ်ခမ်းနဲ့
တူတယ်ဆိုတဲ့ဘူးလေး "
" ဟုတ်ကဲ့ အစ်မပြောသလိုပါဘဲ "
" ဒီကအစ်မပြောတာ တစ်ခုတော့လွဲနေတယ် "
" ဘာများလဲရှင် "
" ကျွန်တော်က သူ့ဘေးက
မောင်လေးမဟုတ်ဘူး။ အမျိုးသားခင်ပွန်း
လင်ယောက်ျားပါ"
" ဪ "့
" ရှေးရိုးရာရဲ့ဒါလင် မင်းမြတ်ဗျူဟာတဲ့ "
ထိုစကားသံအဆုံးမှာတော့ ဗျူဟာ
မျက်ခုံးတန်းတွေပင် ပင့်တက်သွား၏။
မျက်နှာကို ဘယ်နားသွားထားရမှန်း
မသိတော့သလို ဟိုဘက်လွဲလိုက်ဒီဘက်လွဲလိုက်
လုပ်နေသည့်သူမက နောက်ဆုံးစကားလုံးကိုတော့
ပြောင်ပြောင်တင်းတင်းဘဲ ပြောလာခဲ့သည်တဲ့လေ။
ကြည့်ရတာတော့ သူ့ဆီကဓာတ်တွေကူးသွားပုံပါဘဲ။
" ကျေနပ်သွားပြီမလား။ ရှင် မဟားတရား
ကြေငြာချင်နေတဲ့ကိစ္စကို တစ်ခါတည်း
ပွဲသိမ်းအောင် ၀င်ပြောပေးလိုက်လို့လေ "
မင်းမြတ်ဗျူဟာမှာ သူ့ပေါက်စကိုကြည့်ပြီး
ရယ်ချင်ပက်ကျိမျက်နှာကြီး ဖြစ်နေတော့၏။
ဒီလိုမှမလုပ်ရင်လည်း လက်ကြီးပုပ်သွားလို့
ဖြတ်ချင်ဖြတ်လိုက်ရပါစေ သူ့ကိုတော့
အဆုံးထိအရွဲ့တိုက်မယ့်ပုံရတဲ့ မယ်အာဃလေးကို
သူဘယ်လိုပုံစံနဲ့ ထိန်းရမလဲ။
ကိုယ့်လုပ်ရက်နဲ့ကိုယ် ဘ၀င်ခွေ့နေမိတဲ့ဗျူဟာ
အပေါ်၀တ်ဂျတ်ကတ်ကို ကော်လံမှတစ်ချက်ဆွဲချ၍
ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ကာ
ပီတိသောမနဿဖြစ်မဆုံး ဖြစ်လို့နေ၏။
ထိုစဉ် ငွေရှင်းပြီးပြည်လှည့်လာတဲ့ပေါက်စက
နားရွက်နားကပ်ပြီး နှစ်ကိုယ်ကြားလေသံနဲ့
ပြောလာခဲ့သည်မှာ 'အိမ်ရောက်မှ တွေ့မယ်'တဲ့။
ကြားချင်တာ ကြားလိုက်ရလို့
ပြုံးဖို့ကြံကာရှိသေး ရှူးဖိနပ်ထိပ်ဦးကို
ဒေါက်အချွန်နဲ့ တက်နင်းခံလိုက်ရကာ
ကြယ်တွေလတွေပါ မြင်သွားရလေသည်။
ဒါ ပေါက်စ တမင်လုပ်သွားတာပဲ။
တွေ့ပြီ ... အခုမှတကယ်တွေ့ကြပြီပေါ့
ပေါက်စရာ။မင်း လွတ်အောင်ပြေးဖို့သာပြင်ထား။
🌺🌺🌺🌺🌺
တွေ့ဖူးဆုံဖူးခဲ့တဲ့ အချိန်တိုင်း
အပြုံးမျက်နှာလေးနှင့်သာ တွေ့ခဲ့ရသော
သူမဘ၀လေးက လွတ်လပ်မှုအပြည့်နဲ့
သိပ်ကိုပေါ့ပါးနေမှာပဲဟု တိုင်းမင်းဆက်
တွေးခဲ့ဖူး၏။
သို့သော် ယခုသူ့ရှေ့တူရူမှာရှိနေသည့်
သူမမျက်နှာလေးကတော့ ပြိုတော့မည့်မိုးလို
အုံ့စိုင်းနေသည်ဖြစ်ရာ တစ်ဆက်တည်းမှာဘဲ
တွေးလိုက်မိသည်က သူ့အတွေးတွေပဲ
လွန်ခဲ့လေသလား။
" သုကို မမေးတော့ဘူးလား "
" ဘာကိုလဲ "
" တစ်ခုခုပေါ့ "
" ကိုယ်နဲ့မဆိုင်တဲ့ အကြောင်းအရာတွေကို
စပ်စုရတာ ဝါသနာမပါဘူး "
" အင်းပါ "
" ဒါပေမယ့် မင်းအတွက်ဆိုရင်တော့
ကိုယ်ကရင်ဖွင့်စရာ area လေးဖြစ်ပေးနိုင်ပါတယ် "
" ဘဲကြီး ... "
" အင်း၊ မင်းစိတ်ထဲက အစိုင်အခဲမှန်သမျှ
ဟော့ဒီဧရိယာလေးထဲ ဖွင့်ဟသွန်ချလိုက်လို့
ရတယ်။မင်းသာ ဆန္ဒရှိမယ်ဆိုရင်ပေါ့ "
သူမက ဘေးတိုက်မြင်နေရတဲ့
ယင်း မျက်နှာချောချောကို
မယုံကြည်နိုင်သေးသလို
အတန်ကြာ စိုက်ကြည့်နေခဲ့၏။
ပြီးတော့မှ ပေါ့ပေါ့ပါးပါးလေး
နှုတ်ခမ်းလှုပ်ရုံရယ်ကာ ကားထဲမှ
ဆင်းလာ၍ ကျောက်စရစ်ခဲသုံးလုံးကောက်ကာ
ကားရှေ့ဖုံးပေါ် တက်ထိုင်လေသည်။
သူမလှုပ်ရှားမှုမှန်သမျှကို မမှိန်မသုတ်
စိုက်ကြည့်နေခဲ့သည့် တိုင်းမင်းဆက်ကလည်း
မောင်းသူနေရာမှဆင်းလာခဲ့ကာ သူမနည်းတူ
လိုက်ထိုင်၏။
" သုဒယ်ဒီက သုဆယ့်သုံးနှစ်သမီးမှာ
တိမ်းပါးသွားခဲ့တယ်လေ။အဲ့သလို
ဖြစ်သွားရတာကလည်း သုသိပ်ချစ်တဲ့မာမီကြောင့် "
သူမက စကားအဆုံးမှာလက်ထဲမှ
ကျောက်စရစ်ခဲလေးအား ရှေ့တည့်တည့်မှ
ကန်ပြင်ကြီးထဲပစ်ပေါက်လိုက်သည်။
" အဲ့အချိန်က သုဘ၀လေးလည်း
ဟော့ဒီကန်ပြင်ကြီးလို ဂယက်ထသွားခဲ့တာ "
တစ်ခွန်းပြီးတစ်ခွန်းမှာ တိုင်းမင်းဆက်ရင်ထဲ
နင့်သထက်နင့်လာခဲ့၏။အမြဲပျော်ပျော်နေတတ်တဲ့
ဒီကလေးမှာ အရွယ်နဲ့မလိုက်တဲ့
ဘယ်လိုနာကျင်မှုမျိုးတွေ ထပ်ရှိနေသေးတာလဲ။
" ခွက်စောင်းခုတ်တဲ့အခါ ဟိုဘက်လှည့်လို့
ပြောရတယ်၊ မျက်နှာကိုမပက်ရဘူး။
ဓားနဲ့ထိုးတဲ့အခါ ဒီဘက်လှည့်လို့ပြောရတယ်
နောက်ကျောကိုမထိုးရဘူး၊အဲ့ဒါ လူ့ယဉ်ကျေးမှုတဲ့။
သုမာမီကတော့ ယဉ်ကျေးမှုမဲ့စွာ
ကိုယ့်အပေါ် သိပ်ချစ်တဲ့လူတစ်ယောက်ကိုမှ
သစ္စာဖောက်သွားခဲ့တာလေ "
ထိုအခါ၌လည်း ကန်ရေပြင်ကြီးဟာ
သူမလက်ထဲမှ ကျောက်စရစ်ခဲလေးကြောင့်
ထပ်မံ ဂယက်ထသွားရပြန်သည်။
" ဟော့ဒီ ကီးချိန်းလေးက
ဒယ်ဒီလောကကြီးထဲက ထွက်မသွားခင်
သုအတွက်ချန်ထားပေးခဲ့တဲ့ နောက်ဆုံး
လက်ဆောင်ပစ္စည်းလေး။ဒါကြောင့်လည်း
သိပ်တန်ဖိုးထားခဲ့တာ "
" စောစောက ကုန်တိုက်မှာငိုတာ
ဒီပစ္စည်းလေးပျောက်သွားမှာ ကြောက်လို့လား "
" ဟင့်အင်း "
သူမက ဒါပဲပြောကာမျက်ရည်ကြည်တွေ
ဝေ့တက်လာခဲ့၏။တိုင်းမင်းဆက် သူ့စကားများ
မှားသွားပြီလားဆိုတဲ့စိတ်နှင့် ဗျာများသွားရသည်။
" ကိုယ် ကိုယ် တောင်းပန်ပါတယ် "
" မဟုတ်တာ။ဘဲကြီးက ဘာလို့တောင်းပန်ရမှာလဲ။
တကယ်တမ်းတောင်းပန်ရမှာက ဒယ်ဒီ့ကို
အခုလိုဖြစ်စေခဲ့တဲ့ တရားခံအစစ်ကသာ
တောင်းပန်ရမှာ "
" ဒါဆို "
" ဟုတ်တယ်၊ စောစောက ဘဲကြီးတွေ့ခဲ့တဲ့
အမျိုးသမီးက သုမာမီဘဲ။နာမည်က သုလေပြေတဲ့
အဟင်း ... နာမည်ရော၊လူရော သိပ်လှတယ်မလား "
ဒီတစ်ကြိမ်မှာတော့ တိုင်းမင်းဆက်
ဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိအောင်
ဖြစ်သွားခဲ့သည်။
ချာတိတ်ကတော့ ထုံးစံအတိုင်းလက်ကျန်
ကျောက်စရစ်ခဲလေးကို ပစ်လိုက်ကာ
ဘာမှမဖြစ်သလိုပဲ ထိုင်နေခဲ့၏။
ဒါပေမယ့် ဒီကလေးရင်ထဲမှာ
ဘယ်လောက်တောင် ဂယက်ထနေမယ်မှန်း
သူခန့်မှန်းမိပါသည်။
ထို့ကြောင့် သူမဦးခေါင်းလေးကို
သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ
ဆံပင်ပျော့ပျော့လေးတွေကို ခပ်ဖွဖွ
ပွတ်သပ်ပေးလျက်!
" ငိုချင်ရင် ငိုချလိုက်၊ ဒီနေ့တစ်နေ့လုံး
ဒီရင်ခွင်က မင်းအပိုင်လို့သာသဘောထား "
" ကျေးဇူးပါ "
ထို့နောက်မှာတော့ ငြိမ်သက်သွားတဲ့
ကန်ရေပြင်ကြီးရယ် ...
ကျောပြင်လေးတွေ တသိမ့်သိမ့်တုန်အောင်
ရှိုက်ငိုနေတဲ့သူမရယ် ...
ဇီဇာကြောင်တတ်လွန်းတဲ့ အနှီအမျိုးသားရယ် ...
🌺🌺🌺🌺🌺
" ဟင့်အင်း! ရိုးလက်က
အများကြီး သက်သာနေပါပြီ "
" အင်းပါ ရိုးကိုဘာမှစိတ်မပူဘဲ ကြီးကြီးသာ
ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက် "
" ဟုတ်ကဲ့ ကြီးကြီး။ ဒါဆို မနက်ဖြန်မှ
တွေ့မယ်လေနော် "
ဖုန်းချပြီးမီးပိတ်ကာ စောင်ပုံထဲ
တိုး၀င်လိုက်သည့်ရိုး ခနတွင်းချင်းမှာဘဲ
မီးကို အလင်းပြန်ထွန်းလိုက်ရပါသည်။
အကြောင်းမှာ လပ်တော့တစ်လုံးနှင့်
အလုပ်လုပ်နေရာမှ စောင်နဲ့ခေါင်းအုံးမ,ကာ
ခုတင်ပေါ်ရောက်ချလာသည့် ဟိုပုဂ္ဂိုလ်မြတ်ကြောင့်
ပါဘဲ။
" ဒီမှာ ! ရှင် ဘာလာလုပ်တာလဲ "
" မမြင်ဘူးလား အိပ်ဖို့အိပ်ယာပြင်နေတာလေ "
" အိပ်ယာပြင်နေမှန်းတော့ သိတာပေါ့။
ဒါပေမယ့်ဒါက "
" လင်ပစ္စည်း မယားတစ်၀က်ပိုင်သလို
မယားပစ္စည်းကိုလဲ လင်ကတစ်၀က်ပိုင်တယ်။
ဟော့ဒီကမင်းအိပ်ယာကို မင်းဒါလင်ဖြစ်တဲ့
ကိုယ်ကလည်း တစ်၀က်ပိုင်တယ်၊ အိုခေ "
" ရှင် ... ရှင်စကားကိုကပ်သီးကပ်ဖဲ့မပြောပါနဲ့ "
" ကိုယ့်ယောက်ျားကိုယ် တရှင်ရှင်နဲ့၊
ဒါလင်လို့ခေါ်စမ်းပါ မိန်းမရာ။
အဲ့သလိုက ပိုနား၀င်ချိုတယ် "
" ဦးမင်းမြတ် ... "
စကားသံက လမ်းခုလတ်မှာတင်
တိမ်၀င်သွားရကာ သူမကိုယ်လေးဟာလဲ
စောင်နဲ့လုံးထွေးခံလိုက်ရလျက် ဗျူဟာ့ရင်ခွင်ထဲ
ရောက်သွားရ၏။
" ဒီမှာ ရှင် "
" စကားသံထပ်ထွက်လာရင် အနေအထားက
တမျိုးတဖုံ ပြောင်းသွားနိုင်တယ်နော် "
" ဒါဆို ဘာလို့လူကိုဖက်ထားသလဲ "
" ဖက်လုံးနဲ့တူလို့လေ။ ကိုယ်က ညဘက်
ဖက်လုံးမပါရင် အိပ်တတ်တဲ့ကောင်မှမဟုတ်တာ "
" ဒါ ဒါဆိုလည်း "
" ခင်များကြောင့်နဲ့ အိပ်ရေးပျက်ရတဲ့နေ့တွေ
မနည်းတော့ဘူး အမိ။ဒီတော့ ဖက်လုံး
မ၀ယ်ရသေးခင်အထိ ဒီတိုင်းလေး
ခနသည်းခံပေး "
အဲ့သလို ပြောလိုက်တော့လည်း
သူမက တိတ်သွားရှာပါသည်။
ထိုအခါ မင်းမြတ်ဗျူဟာ၏
နှုတ်ခမ်းပါးတစ်စုံမှာလည်း ကွေးတက်သွားခဲ့၏။
ခနတွင်းချင်းမှာပဲ သူ့ရင်ခွင်ထဲမှပေါက်စက
နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့ပါသည်။
" အဟွန်း! အစတည်းက ဒီလိုလိမ္မာမှပေါ့
ပေါက်စရာ ... "
ထိုအခါ သူ့နှုတ်ခမ်းပါးတို့က
နဖူးပြင်လေးမှတစ်ဆင့် မျက်ခွံမို့မို့လေး ...
ထိုမှတစ်ဆင့် ပါးပြင်မို့မို့လေး ...
ထိုမှတစ်ဆင့် စိုရဲရဲနှုတ်ခမ်းလွှာလေး ...
ထိုမှတစ်ဆင့် ...
တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေဟာမင်းဆိုရင်
ကိုယ်က မြစ်ကမ်းပါးဖြစ်မယ်နဲ့တူပါတယ်။
တဖြည်းဖြည်းပဲ့ကြွေကျပြီး ကိုယ်ဆိုတာ
မရှိတော့လောက်အောင် ခစားချင်မိတာလေ။
🌺🌺🌺🌺🌺