抖阴社区

Chapter 22

6K 258 56
                                    

"ဆက်လွန်းငယ် နင် အခုချက်ချင်း ငါ့နား လာမလား၊ မလာဘူးလား၊ ကြားကောင်းလားဟဲ့၊ နှစ်ဘာသာတောင် ကျရတယ်လို့၊ နင့်အစ်ကိုတွေတောင် တစ်ခါထဲ တန်းအောင်တာကို၊ နင်က ပထမနှစ်လေးကို ကျစရာလား"

ရွှမ်း!

ဆက်လွန်းငယ် အောက်ထပ်‌ဧည့်ခန်းထဲ၌ ပတ်ပြေးနေသော်ငြား မေမေ့၏ ကြာပွတ်စာကို မိသည့်အချက်လည်း မနည်း။ သူလည်း အခုလို ကျမည် မထင်ထားခဲ့တာကြောင့် ဝမ်းနည်းသည်။ သူ ဒီစာမေးပွဲကို ချောချောမွေ့မွေ့ပြီးသွားစေချင်လို့ပင် လက်စားချေခြင်းကိုတောင် ရွှေ့ထားခဲ့သော်လည်း သူ စာကောင်းကောင်းမလုပ်နိုင်ခဲ့။ အကုန်မကျဘဲ နှစ်ဘာသာကျတာကြောင့် သူ နောက်တစ်နှစ်ကျောင်းမဖွင့်ခင် ကြားကာလတွေ၌ သူများတွေလို မနားရတော့ဘဲ နောက်ဆက်တွဲအနေဖြင့် ကျောင်းပြန်တက်ပြီး စာမေးပွဲပြန်ဖြေရဦးမည်။

ဦးဓနမဟော် အခန်းပြင်က ဆူညံသံတွေကြောင့် အမြန်ထွက်လာပြီး မေ့ကို တားရသည်။

"မေရယ်၊ ကလေးကို အဲ့လောက်မရိုက်ပါနဲ့တော့"

ဒေါ်မေမေမောင် စိတ်တိုတိုဖြင့် သူ့ယောက်ျားကိုပါ ကြာပွတ်နဲ့ လှမ်းချမိတော့၏။

"ရှင် ဘယ်လိုဖြစ်လို့ ကာနေလဲ၊ ရှင် အကျင့်ဖျက်လို့ အဲ့ဟာလေး စာမေးပွဲကျတာလည်းပါတယ်သိလား၊ ဘယ်နှယ့် ကလေးကို စာကျက်ဖို့ တိုက်တွန်းမယ်မရှိ၊ မကြီးမငယ်နဲ့ ကလေးနဲ့ ရုပ်ရှင်လိုက်ကြည့်နေရလား"

သူ ဒယ်ဒီ့နောက် ပုန်းလိုက်သော်ငြား ဒယ်ဒီက သူ့အား ဒယ်ဒီလည်း အခြေအနေမကောင်းဘူးဟု လှမ်းအချက်ပြလာသည်။

ဒေါ်မေမေမောင် ဒီဟာလေး စာမေးပွဲကျလို့ စိတ်တိုရတာထက် ဒီကလေးကို ဟိုညီအစ်ကိုနှစ်ယောက်ထက်ပင် သာအောင် လုပ်စေချင်ပြီး သူ့ယောက်ျားရှေ့ အမှတ်ပိုယူစေချင်ခဲ့တာပင်။ အခုတော့ ဒီဟာလေးက အသက်မပြည့်ခင်ကတည်းက မဟုတ်တာလည်း လုပ်ခဲ့သည့်အပြင် အခုကျ စာမေးပွဲတောင် မအောင်တော့။

"နင့်ခေါင်းထဲမှာ မဟုတ်တာတွေပဲ ပြည့်နေတာလား၊ စာမကျက်ဘူးလား"

ဦးဓနမဟော် ထိုကလေးကို မရိုက်အောင် လိုက်တားနေသော်လည်း မေက အလွန်စိတ်ကြီးနေတာမို့ သူပင် မကူနိုင်။ သူလည်း မေ့ဒေါသကို ကြောက်ရသည်သာ။

Expired Memory [Completed]Where stories live. Discover now