Dew မျက်လုံးတွေ ပွင့်လာတော့ မနက်ခင်းရဲ့ မှိုင်းပြပြ အလင်းရောင်က အခန်းထဲကို ဖြတ်သန်းဝင်ရောက်နေပြီ။ ခေါင်းကတော့ တဆစ်ဆစ်ကိုက်ခဲနေတုန်းပဲ။ ညက အိပ်ပျော်ခဲ့ရဲ့လားဆိုတာတောင် သံသယဖြစ်မိတယ်။မနေ့ကဖြစ်ခဲ့တာတွေကအိမ်မက်ဖြစ်ပါစေလို့ဆုတောင်းခဲ့ပေမယ့် သူ့ဆုတောင်းပြည့်ပုံမရခဲ့ဘူး။ သူ့ဘဝရဲ့ အဆိုးဆုံးညတစ်ညကို ဖြတ်သန်းခဲ့ရပြီးနောက်ပိုင်း မနက်ခင်းတိုင်း ဒီလိုပဲ လေးလံနေမလား စဉ်းစားမိတယ်။ အခန်းထဲကနေ မထချင်ပေမဲ့ ကျောင်းသွားရမယ်ဆိုတဲ့ အသိက သူ့ကို တွန်းအားပေးနေတယ်။ Tee နဲ့တွေ့ရမယ်ဆိုတာ တွေးလိုက်တာနဲ့ နှလုံးသားတစ်နေရာက နွေးသွားသလို ခံစားရတယ်။
အောက်ထပ်ကို ဆင်းသွားတော့ မီးဖိုချောင်ထဲမှာ မားတစ်ယောက်တည်း ထမင်းချက်နေတာကို တွေ့လိုက်ရတယ်။ ပုံမှန်ဆို အိမ်တစ်ခုလုံး ပွက်လောရိုက်နေတတ်ပေမဲ့ ဒီနေ့တော့ တိတ်ဆိတ်ငြိမ်သက်လို့နေတယ်။ ပါးကတော့ ထုံးစံအတိုင်း မနက်စာစားပွဲမှာ သတင်းစာဖတ်နေပြီ။ Dew ကို မြင်တော့ မားက စိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာတယ်။ မျက်ဝန်းထဲမှာလည်း တောင်းပန်ရိပ်တွေ အထင်းသားပေါ်နေတယ်။ ပါးကတော့ Dew ကို လုံးဝ မကြည့်ဘဲ သတင်းစာကြီးပဲ စိုက်ဖတ်နေတယ်။
"မား... ကျွန်တော် ဆန်ပြုတ် သောက်မယ်..."
Dew ရဲ့ အသံက တိုးတိုးလေးပဲ ထွက်လာတယ်။ မားက ဘာမှပြန်မပြောဘဲ ပန်းကန်လုံးတစ်လုံးထဲ ဆန်ပြုတ်ထည့်ပြီး Dew ရှေ့ချပေးတယ်။ အရင်ဆို Dew မကြိုက်တာသိလို့ မနက်တိုင်း ပေါင်မုန့်၊ ကော်ဖီပဲ အမြဲတိုက်တဲ့ မားက ဒီနေ့တော့ ဆန်ပြုတ်ပဲ ပေးတယ်။ Dew ဆန်ပြုတ်ကို တစ်ဇွန်းချင်းစီ ခပ်သောက်နေပေမဲ့ လည်ချောင်းထဲက မဝင်နိုင်ဘူး။ ဘေးနားက ပါးကတော့ သတင်းစာကို တင်းတင်းဆုပ်ထားရင်း အသက်ရှူသံပြင်းပြင်း ထွက်နေတယ်။ ဒီလို တိတ်ဆိတ်တဲ့ ဖိအားပေးမှုက Dew အတွက် ပိုပြီးတော့ ခက်ခဲစေတယ်။
ရုတ်တရက် ပါးက သတင်းစာကို စားပွဲပေါ် ပစ်ချလိုက်ပြီး အသံမာမာနဲ့ ပြောလိုက်တယ်။
"မင်း ကျောင်းထွက်လိုက်တော့!"
Dew ရဲ့ လက်ထဲက ဇွန်းလေးတောင် တုန်ယင်သွားတယ်။ မျက်လုံးတွေက ပါးဆီကို ဝိုင်းစက်ပြီး ကြည့်လိုက်မိတယ်။
