အခန်း၁၆။
သူအခန်းအပြင်ကိုထွက်လိုက်သည်နှင့် ရွှယ်ယောင်လာနေတာကို တွေ့လိုက်ရ၏။ရွှယ်ယောင်က ဖန်းလီကို မြင်လိုက်တာနဲ့ လှပပြီး ချစ်စရာကောင်းတဲ့ ကြင်ယာတော်တစ်ပါးရဲ့ အမူအရာကိုဖော်ထုတ်လိုက်ပြီး ချွဲပစ်နေသောအသံဖြင့် "အရှင်၊အရှင်က ယောင်အာကို မေ့သွားပြီးလား"
အလှလေး၏ လက်ကောက်ဝတ်တွင် ပတ်တီးများဖြင့် ပတ်စည်းထားတုန်းပင်။ယုတ္တိရှိရှိပြောရလျှင် ဒဏ်ရာတွေက ပျောက်သင့်နေပြီးဖြစ်ပေမဲ့ သူက ဖန်းလီကို သူဒဏ်ရာရတဲ့အကြောင်း ပေးမမေ့ချင်ပဲ သတိပေးချင်နေပုံရ၏။
ဖန်းလီက ရယ်စရာတွေ့သွားသောပုံဖြင့် နှုတ်ခမ်းထောင့်တို့ကို မြှင့်လိုက်သည်။
ယန်ဆွေ့ရဲ့မှတ်ဉာဏ်ထဲတွင် သူ့ရဲ့အနောက်ဆောင်ထဲက ကစားစရာလေးတွေက ဒီလောက်ထိ ရဲရဲတင်းတင်း မလုပ်ဝံ့ကြပဲ သူ့ကိုတွေ့တဲ့အခါမှာဆို အသက်တောင်မှ ကျယ်ကျယ်မရှုရဲကြချေ။သူက ဒီကိုရောက်လာတာ ရက်အနည်းငယ်ပဲရှိသေးတယ်၊သူ့ဆီကနေ မျက်နှာသာပေးမှုကိုရဖို့အတွက် သူ့ရဲ့တံခါးဝအထိ ရဲရဲတင်းတင်းလာရှာရဲတဲ့လူက ရှိနေပြီး။သူက သူတို့အတွက်မပေးသင့်တဲ့ အထင်လွဲမှားစရာအကြောင်းကိုပေးလိုက်ပြီး သူတို့က မောက်မောက်မာမာနေလို့ရတယ်လို့ တွေးမိသွားစေမှာကို သူကြောက်သည်။
ဖန်းလီက အချိန်ဖြုန်းတီးရမဲ့ အရာတွေကို လုပ်ရတာမကြိုက်ပေ။သူက ရွှယ်ယောင်ကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ပြီး အေးတိအေးစက်ပြောလိုက်၏။ "ငါအရှင် မမေ့ဘူး"
အရှင်က သူမမေ့ဘူးလို့ပြောတာက ပျော်ရွှင်စရာကိစ္စတစ်ခုဖြစ်သင့်ပေမဲ့ ရွှယ်ယောင်က ဖန်းလီရဲ့မျက်လုံးထဲကိုကြည့်လိုက်တော့ နူးညံ့နေပုံရသော်လည်း နွေးထွေးမှုတစ်စွန်းတစ်စတောင် ရှိမနေပေ။ရုတ်တရက်ဆိုသလို သူ့ရဲ့ကျောရိုးတစ်လျှောက်က အေးစိမ့်တက်လာ၏။သူ့ရဲ့အမူအရာက ဖြေးဖြေးချင်း တောင့်တင်းလာပြီး နှုတ်ခမ်းတွေက အနည်းငယ်တုန်ယင်လာလေ၏။
ရွှယ်ယောင်က ရုတ်တရက်စိတ်ရှုပ်ထွေးသွားပြီး သူမလုပ်သင့်တဲ့အရာကို လုပ်လိုက်မိပြီးဆိုတာကို သဘောပေါက်သွားသည်။
ဖန်းလီက နူးညံ့စွာရယ်လိုက်ပြီး "ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်လုပ်လာမယ်ဆိုရင်တော့ မင်း အနောက်ဆောင်ကို ပြန်သွားဖို့မလိုတော့ဘူး"
ထိုစကားကိုပြောပြီးနောက် သူက ရွှယ်ယောင်ကို လမ်းဖြတ်လျှောက်လိုက်ကာ ထွက်သွားတော့သည်။
ရွှယ်ယောင်ရဲ့တစ်ကိုယ်လုံးက မြေကြီးပေါ်တွင် အင်အားချိနဲ့စွာ ဒူးထောက်ကျသွားပြီး ဖြောင့်ဖြောင့်ပင်မနေနိုင်တော့ပဲ ဝတ်တွားခယရုံသာတတ်နိုင်သည်။သူနားမလည်ဘူး.....အရှင်က သိသိသာသာကြီးကို သူ့အပေါ်မှာ နူးညံ့ညင်သာပြီး အထူးဂရုစိုက်ခဲ့တာလေ။ဘာလို့ရက်အနည်းငယ်အတွင်းမှာပဲ သူက အရင်တုန်းကလို အေးစက်ပြီး အကြင်နာတရားကင်းမဲ့သွားရတာလဲ။
ဒါမှမဟုတ် သူကပဲ စိတ်ကူးယဉ်ခဲ့မိတာများလား။
သူ့ရဲ့မျက်လုံးတွေကို ဘယ်လိုအသုံချရမှန်းတောင်မသိတဲ့ အမြှောက်စာဇာတ်ကောင်လေးကို ရှင်းထုတ်ပြီးတဲ့နောက်မှာ ဖန်းလီသည် ရှဲ့ဟွိုင်၏ ခြံဝင်းထဲသို့ အေးအေးလူလူ လမ်းလျှောက်သွားလိုက်၏။
သူဝင်လာတာနဲ့ တစ်ပြိုင်နက် ဖုန်းယင်က တံခါးကိုဖွင့်ပြီး ဒေါသတကြီးနဲ့ ပျံထွက်လာကာ ထိုဖြောင့်မတ်တဲ့ ကျင့်ကြံသူကို မုန်းတီးပြီး အထင်သေးနေသလိုမျိုး လမ်းလျှောက်ထွက်လာရင်း ကျိန်ဆဲနေတာကို တွေ့လိုက်ရ၏။ကြည့်ရတာ သူက အချိန်ကိုက်ရောက်လာတဲ့ပုံပဲ။
ဖန်းလီက မျက်လုံးတွေကို မှေးချလိုက်၏။ဇာတ်ညွှန်းအရဆို ဒီအချိန်မှာ ယန်ဆွေ့က ရှဲ့ဟွိုင်ကို ချစ်မိနေသင့်ပြီး။ထို့အပြင် ဒီစာအုပ်တွင် ဇာတ်လမ်းရဲ့အစကနေအဆုံးထိပါရှိတဲ့ အဓိကအကြောင်းအရာတစ်ခုကတော့ ....ယန်ဆွေ့က ရှဲ့ဟွိုင်ကို ဘယ်လောက်ပဲ အရှက်ခွဲပြီး၊ဘယ်လောက်ပဲ ညှင်းပန်းနှိပ်စက်ပါစေ အခြားဘယ်သူတစ်ဦးတစ်ယောက်ကမှ ရှဲ့ဟွိုင်ရဲ့ လက်ချောင်းထိပ်လေးကိုတောင် လာထိခွင့်မပြုထားချေ။လာထိရင်တော့ သေရမှာက မလွဲဧကန်ပဲဖြစ်၏။
စဉ်းစားကြည့်မယ်ဆို ဖုန်းယင်က ရှဲ့ဟွိုင်ရဲ့ လက်ချောင်းထိပ်ကို ထိခဲ့တာလား မထိခဲ့တာလား။သက်တော်စောင့်ပြောပုံအရတော့ သူက ကျိန်ဆဲတာကိုပဲ လုပ်ခဲ့တာထင်တယ်။ပြီးတော့ သူကျိန်ဆဲတာက ဘာအခြေအနေမှကို မဖြစ်သွားစေခဲ့ဘူးမလား။
အဲ့လိုဆိုရင်တော့....သေဒဏ်ပေးစရာမလိုတော့ဘူး။ဒါပေမဲ့ တစ်ခြားအပြစ်ဒဏ်တွေကိုတော့ ပေးရလိမ့်မယ်။
ဖန်းလီက လည်ချောင်းရှင်းလိုက်ပြီး သူ့ရဲ့အမူအရာက အေးစက်ပြီး လျစ်လျူရှုနေပုံရကာ သူ့ဘေးနားက နတ်ဆိုးအစေခံအား "ပိုပြီးတော့ အာရုံစိုက်ထား။ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့တော့။နောင်အနာဂတ်မှာ ဘယ်သူမဆို ယွီရီကျန်းကို မလေးမစားလုပ်ရဲရင် သနားညှာတာမနေပဲ သတ်ပစ်လိုက်။သူ့အတွက်ကတော့........"
သူက ဖုန်းယင်ကိုကြည့်ရန် မျက်လုံးတွေကို မှေးချလိုက်၏။သူနောက်ထပ်ပြောမဲ့ စကားတွေ ထွက်မလာသေးခင်အချိန်တွင် တံခါးက ကျွီကနဲ့ ပွင့်လာခဲ့သည်။ရှဲ့ဟွိုင်ရဲ့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ရှည်ရှည်သွယ်သွယ်ပုံရိပ်က ထွက်ပေါ်လာပြီး သူ့ရဲ့အမူအရာက မြင့်မားလှတဲ့ တောင်တန်းတွေပေါ်က နှင်းတွေလိုမျိုး အေးစက်ပြီး ခံစားချက်ကင်းမဲ့နေလေ၏။သူက ဖြေးညင်းစွာပြောလာ၏။ "အရှင်က လူတွေကိုဘယ်လိုကိုင်တွယ်လဲဆိုတာ မှတ်ချက်ပေးဖို့ ကျွန်တော့်မှာ အခွင့်အရေးမရှိပါဘူး။ဒါပေမဲ့ ကျွန်တော့်အတွက်ဆိုရင်တော့ မလိုအပ်ပါဘူး။အရှင့်ရဲ့ လေးလေးနက်နက်မျက်နှာသာပေးတာကို ကျွန်တော်မခံယူနိုင်ပါဘူး"
တကယ်ကို အေးစက်ပြီး ရက်စက်လိုက်တာ။ထိုစကားတွေကို ပြောလိုက်ပုံက ရှဲ့ဟွိုင်က ဖုန်းယင်ကိုနည်းနည်းလေးမှဂရုမစိုက်ပဲ ဖန်းလီရဲ့ လုပ်ရပ်တွေကိုပဲ မုန်းတီးနေပုံပေါ်၏။
ဒါက ရှဲ့ဟွိုင်ရဲ့ စရိုက်နဲ့ တော်တော်လေးကိုက်ညီနေပေမဲ့ ဒီလောက်ပဲလား?
သို့သော် ဖန်းလီတွင်လည်း ဖုန်းယင်ကို သတ်ရန် ရည်ရွယ်ချက်မရှိခဲ့ချေ။
သူက ဖုန်းယင်ကို လွှတ်ပေးဖို့အတွက် ထိုအခွင့်အရေးကိုအသုံးချလိုက်ပြီး သူ့ထံမှ အေးစက်ပြီး အာဏာရှင်ဆန်တဲ့ လေထုက စိမ့်ထွက်လာကာ "မင်းက ဒီအရှင်နဲ့ပဲ သက်ဆိုင်တဲ့လူဖြစ်တာကြောင့် သဘာဝကျကျပဲ ဒီအရှင်ကလွဲရင် ဘယ်သူ့ကိုမှ မင်းကို စော်ကားခွင့်မပြုဘူး။မင်းက ဆန္ဒမရှိနေရင်တောင်မှ မင်းမှာလက်ခံလိုက်ဖို့ကလွဲပြီး တစ်ခြားရွေးစရာမရှိဘူး"
ရှဲ့ဟွိုင်က သူ့ကို ငြိမ်သက်တဲ့အကြည့်နဲ့ ကြည့်လာပြီး သူ့ရဲ့ပါးလွှာတဲ့ နှုတ်ခမ်းတွေကြားထဲကနေ စကားလုံးနှစ်လုံးထွက်လာလေ၏။ "ခင်ဗျားစိတ်ကြိုက်သာလုပ်"
(T/N : တရုတ်လိုဆို နှစ်လုံးထဲပေမဲ့ မြန်မာလိုဆို ခြောက်လုံးပါ)
ထို့သို့ပြောပြီး သူက လှည့်ထွက်လာလိုက်သည်။
လူတစ်ယောက်ကို မတူမတန်ဆက်ဆံဖို့ အမြင့်ဆုံးအဆင့်တွေက တစ်ဖက်လူကို လျစ်လျူရှုတာ၊မမြင်ချင်ယောင်ဆောင်တာနဲ့ တစ်ဖက်လူကို လေလို သဘောထားတာပင်။
ဖန်းလီကတော့ လေလိုသဘောထားခံရတာကို အတိုင်းထက်လွန် ပျော်ရွှင်နေတော့သည်။သူက ရှဲ့ဟွိုင်ကို အဆိုးပဲဖြစ်ဖြစ် အကောင်းပဲဖြစ်ဖြစ် ဒီအတိုင်းပဲ ဆက်နေပေးဖို့ မျှော်လင့်သည်။ဒါပေမဲ့ အခုချိန်မှာ သူက နတ်ဆိုးဘုရင်ဖြစ်နေပြီး သူ့အမြှီးကို ခြေထောက်ကြားထဲဝှက်ပြီး ထွက်သွားလို့လုံးဝမဖြစ်ပေ။ယင်းက နတ်ဆိုးဘုရင်၏ ပုံရိပ်ကို ပျက်ဆီးစေလိမ့်မည်။ပိတ်ထားတဲ့ တံခါးရဲ့နောက်ကွယ်မှာဆိုရင်တော့ သူကမေ့ထားပေးလို့ရသည်။ဒါပေမဲ့ ယခုအချိန်မှာ လူတွေက ကြည့်နေကြပြီး သူ့ရဲ့ဂုဏ်သတင်းထိခိုက်သွားအောင် လျစ်လျူရှုလိုက်လို့မရပေ။
ဖန်းလီက ဒေါသထွက်သွားပုံပေါ်၏။သူက ရုတ်တရက်ဆိုသလို ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး ရှဲ့ဟွိုင်ရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်လေ၏။ထို့နောက်တွင် ရှဲ့ဟွိုင်ကို တံခါးတွင် ဖိကပ်လိုက်၏။သူက ကြောက်စရာကောင်းသော အသံဖြင့် "ဒီအရှင်ကို အဲ့လိုမျိုးပုံစံစကားပြောလို့ ရမယ်လို့ မင်းကိုဘယ်သူက ခွင့်ပြုပေးလိုက်တာလဲ။ကြည့်ရတာ ဒီအရှင်က မင်းရဲ့မှတ်ဉာဏ်တွေတိုးတက်လာအောင် ကူညီပေးရတော့မယ်ထင်တယ်"
သွေးအေးပြီး ရက်စက်ကြမ်းကြုတ်ကာ အလွန်အကျူးပိုင်ဆိုင်လိုစိတ်ကြီးမားပြီး ကာမဂုဏ်ကို ခုံမင်တဲ့ နတ်ဆိုးဘုရင်တစ်ပါး။ဖန်းလီသည် သရုပ်ဆောင်နေရင်းနဲ့ ခံစားချက်တစ်ချို့ ရလာတော့သည်။သူက ရှဲ့ဟွိုင်ရဲ့လက်ကောက်ဝတ်ကို ပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ရှဲ့ဟွိုင်ကို အခန်းထဲသို့ ဆွဲခေါ်သွားတော့မဲ့အချိန်မှာပဲ...ရှဲ့ဟွိုင်ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းက ကွေးညွတ်သွားပြီး ဖန်းလီရဲ့ နားရွက်နားကိုကပ်လိုက်ကာ သူ့ရဲ့ အေးမြပြီးကြည်လင်တဲ့ အသံက နားရွက်ထဲကို စီးကျလာလေ၏။ "အဲ့လိုလား?အရှင်က ကျွန်တော့်ရဲ့မှတ်ဉာဏ်ကို တိုးတက်လာအောင်....ဘယ်လိုမျိုးလုပ်ပေးမှာပါလိမ့်?"
ဖန်းလီ : "?"
သူက စိန်ခေါ်ခံလိုက်ရသလိုပဲ!
ဖန်းလီရဲ့ မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့၏။
တစ်စုံတစ်ယောက်ရဲ့ အမိုးအောက်မှာ အကျဉ်းသားတစ်ယောက်အဖြစ်နဲ့ နေနေရတာတောင် ဒီလိုမျိုး ရန်စတဲ့စကားကိုပြောတာက.......သူက ဓားထက်ထက်တစ်လက်ပေါ်က ငါးတစ်ကောင်ဖြစ်နေတယ်ဆိုတာ နည်းနည်းလေးမှတောင် သတိမထားမိဘူးပဲ။
ဖန်းလီက ဒေါသမထွက်ပဲ သူ့ကို ဘာမှမလုပ်လောက်ဘူးလို့ သူက တကယ်ကြီးတွေးနေတာလား?
ဖန်းလီသည် သူ့ရဲ့ခေါင်းကို ရုတ်တရက်လှည့်လိုက်ပြီး သူ့ရဲ့ နှုတ်ခမ်းတွေက ရှဲ့ဟွိုင်ရဲ့ နားရွက်ကို ထိကပ်လုနီးပါးဖြစ်သွားကာ ပျော်စရာကောင်းသောပုံဖြင့် တိုးတိုးလေးရယ်မောလိုက်၏။ "ဘာများပါလိမ့်?ယွီရီကျန်းက ဒီအရှင်ဆီကနေ တစ်ခုခုလုပ်မှာကို မျှော်လင့်နေတာများလား?ဖြစ်နိုင်တာက မင်းက နောက်ဆုံးတော့ ဒီအရှင်ရဲ့ ပိုင်ဆိုင်မှုအဖြစ် နေရတာက ကောင်းတယ်ဆိုတာ သိသွားလို့လား?"
ထိုလူရဲ့ နှုတ်ခမ်းကြားထဲက အပူချိန်က အေးစက်နေပုံရသော်လည်း သူ့ရဲ့အသက်ရှုသံက နားရွက်ထဲကိုနူးညံ့စွာဖြတ်သန်းသွားပြီး ပူပူလောင်လောင်အနွေးဓာတ်တစ်ခုက လာဟပ်လေသည်။ချစ်သူနှစ်ဦးကြား တစ်ယောက်နားထဲ တစ်ယောက်က တီးတိုးပြောနေသကဲ့သို့ပင် အရိပ်အမြွက်ပါပြီး စွဲမက်ဖွယ်ကောင်းသောရယ်သံလေးက အမှန်တကယ်ကို ချစ်ခင်မြတ်နိုးမှုတို့ တစ်ဝဲလည်လည်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည့်ပုံပေါ်သည်မှာ....ရှဲ့ဟွိုင်က ခဏတာထိတ်လန့်သွားသည်အထိပင်။
သို့သော် ထိုတစ်ခဏအချိန်လေးအတွင်းမှာပဲ ဖန်းလီက သူ့ကိုအခန်းထဲသို့ တွန်းပို့လိုက်ကာ တံခါးအား ပိတ်ချလိုက်လေ၏။
သူက ရှဲ့ဟွိုင်ကို စိုက်ကြည့်လိုက်ကာ နှေးကွေးစွာပြောလိုက်၏။ "မင်းတကယ်စဉ်းစားပြီးပြီးပေါ့?"
မင်းကို!နောက်ဆုတ်ဖို့!အခွင့်အရေး!ပေးနေတာ!
နောက်တစ်ခေါက်!စကားထပ်မပြောခင်!သေချာ!စဉ်းစား!
ရှဲ့ဟွိုင်သည် မျက်လုံးကိုပင့်ကာ သူ့အရှေ့ရှိလူကို ကြည့်လိုက်၏။ထိုလူ၏ ဖြူဆွတ်နေသောမျက်နှာသည် အနည်းငယ်တင်းမာနေပြီး သူ၏မျက်လုံးများသည် ဒီတစ်ခါတွင် လေးနက်နေသော်လည်း ထိုမျက်လုံးတွေထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်ကို မတွေ့ရပေ။ရှဲ့ဟွိုင်က သဘောတူလိုက်မည်ကို စိုးရိမ်နေသလိုမျိုး အနည်းငယ်ဖိအားများနေပုံရသည်။
သူက ထိုလူကို စမ်းကြည့်ဖို့အတွက် ယခုအချိန်က အခွင့်ကောင်းတစ်ခုပဲဖြစ်၏။
သို့သော် ရှဲ့ဟွိုင်သည် တစ်ဖက်လူ၏ မျက်လုံးထဲရှိ စိုးရိမ်ပူပန်များကို ကြည့်လိုက်၏.....သူက ရုတ်တရက်ခေါင်းကိုခါလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် "အရှင်က နားလည်မှုလွဲနေပါပြီး"
ဖန်းလီသည် သက်ပြင်းချလိုက်ကာ စိတ်သက်သာရာ ရသွားတော့သည်။ဒါပေါ့၊ရှဲ့ဟွိုင်က သူ့ကိုလိုက်လျောဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။သူ့ရဲ့ မကြာသေးခင်က လုပ်ရပ်တွေကြောင့် ရှဲ့ဟွိုင်က သံသယဝင်ပြီး အခုလိုစမ်းသပ်ကြည့်ရတာပဲ ဖြစ်မယ်။ကံကောင်းလို့ ရှဲ့ဟွိုင်က အရမ်းကြီးဖိအားမပေးခဲ့ဘူး..မဟုတ်ရင် သူတော့ အခက်တွေ့သွားနိုင်တယ်။
သူက အေးစက်စွာနှာမှုတ်လိုက်ကာ သူ့ရဲ့ အင်္ကျီလက်ကို ခါလိုက်သည်။ "နောက်တစ်ခါဆို တစ်ခုခုကိုမပြောခင်အရင်စဉ်းစား။ဒီအရှင်ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ဒီအရှင်က မင်းကိုဘာမှလုပ်မှာမဟုတ်ဘူးလို့ ထင်မနေနဲ့"
ရှဲ့ဟွိုင်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ်မြင့်တက်လာခဲ့၏။သူ့မျက်စိရှေ့ရှိ လူတွင် ရည်မွန်ပြီး လေးနက်သောပုံစံရှိကာ ရက်စက်သောစကားတို့ကို ဆိုတတ်သော်လည်း ရန်လိုသောအငွေ့အသက်တွေကတော့ များစွာမရှိနေပါပေ။
လူတစ်ယောက်ကို အကဲဖြတ်ခြင်းသည် သူတို့ပြောတဲ့ စကားတွေအပေါ် တွင် အခြေမခံပဲ သူတို့လုပ်သည့် လုပ်ရပ်တွေအပေါ်တွင်သာ မူတည်သည်။
ရှဲ့ဟွိုင်ဒီကိုရောက်လာကတည်းက ဖန်းလီက ရက်ရက်စက်စက်စကားတွေအများကြီးပြောခဲ့ပေမဲ့.....ရှဲ့ဟွိုင်ကိုတကယ် ထိခိုက်စေမဲ့ ဘာလုပ်ရပ်ကိုမှ မလုပ်ခဲ့ပေ။
သူ့(ရှဲ့ဟွိုင်)ကို ဒီနည်းနဲ့ ခြောက်လို့ရမယ်လို့ သူ(ဖန်းလီ)က တကယ်ကြီးထင်နေတာလား?
သူ့လို ဂုဏ်သတင်းကြီးမားတဲ့ ဖြောင့်မတ်တဲ့ဂိုဏ်းတွေကတောင် သူများတွေကို ဒီလိုနည်းနဲ့ ခြိမ်းခြောက်တာက လုံလောက်ပြီိးဆိုတာကို မယုံကြည်ချေ။ဒါမှမဟုတ်.......သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိနေပေမဲ့ ဒီလိုလွန်လွန်ကဲကဲကိစ္စတွေလုပ်ဖို့ သူ့ကိုယ်သူ ခွင့်မပြုနိုင်တာလား။
ထိုအကြောင်းအရင်းကြောင့်ပဲ ရှဲ့ဟွိုင်က စမ်းသပ်ကြည့်ဖို့ ရှေ့ဆက်မတိုးခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ရှဲ့ဟွိုင်က လှည့်ထွက်သွားပြီး ဘာမှမဖြစ်ခဲ့သလို ထိုင်ချလိုက်ကာ သူသောက်ဖို့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်လိုက်၏။
နောက်ဆုံးတော့ ဖန်းလီက သက်သာရာရသွားတော့၏။အနည်းဆုံးတော့ ရှဲ့ဟွိုင်က "ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်မလို့လဲ"ဟု မမေးခဲ့ချေ။ယင်းကို လိမ္မာပါးနပ်သည်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
ရှဲ့ဟွိုင်က သူ့ရဲ့ "ခြိမ်းခြောက်မှု"အောက်မှာ နောက်ဆုတ်သွားသော်လည်း အပြင်ကလူတွေကတော့ ထိုအကြောင်းကို မသိကြပေ။သူကလည်း အခန်းထဲကို ရောက်လာပြီးဆိုတော့ အခုချက်ချင်း အပြင်ပြန်ထွက်သွားမည်ဆိုပါက သင့်တော်မည်မဟုတ်ချေ။သို့သော်လည်း သူက ဒီကို ရက်အနည်းငယ်လောက်မလာခဲ့တာကြောင့် သူသုံးလို့ကုန်သွားတဲ့ မူးမေ့စေတဲ့ အမွှေးနံ့သာကို ပြန်ဖြည့်ထားဖို့ မေ့နေလေ၏။
ရှဲ့ဟွိုင်က စားပွဲနားကခုံပေါ်တွင် မတ်မတ်ထိုင်နေခဲ့၏။ခေါင်းကိုတောင်မမော့ကြည့်ပဲ သူ့ရဲ့ကျောက်စိမ်းလိုမျိုးဖြူဆွတ်နေတဲ့ လက်ချောင်းထိပ်တွေနဲ့ ခွက်ရဲ့အစွန်းကို ကိုင်ထားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောသည်။ "ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်က ချိတ်ပိတ်ခံထားရပြီးသားပဲလေ။အရှင်က ဘာကိုစိုးရိမ်နေသေးတာလဲ"
အဲ့အကြောင်းကို မပြောစမ်းနဲ့။ဒါပေမဲ့ ထိုစကားက ဖန်းလီရဲ့ စိုးရိမ်မှုတွေကို တကယ်ပဲပျောက်သွားစေလေ၏။သူနဲ့ ရှဲ့ဟွိုင်တို့က အမိုးတစ်ခုထဲအောက်က အိပ်ရာပေါ်မှာ ငြိမ်ငြိမ်းချမ်းချမ်းပဲ တူတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး....အခုအချိန်မှာလည်း ရှဲ့ဟွိုင်က သူ့ကိုသတ်ဖို့အတွက် အကောင်းဆုံးအချိန်မဟုတ်သေးပေ။သူ့ရဲ့ အမြင်အရဆို အခုအချိန်မှာ တစ်ခုခုလှုပ်ရှားလိုက်တာရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ ရရှိလာမဲ့ အကျိုးကျေးဇူးက မမျှတသေးချေ။ပြီးတော့ ရှဲ့ဟွိုင်ကလည်း ရွေးချယ်စရာတွေရှိနေရင် အမြဲတမ်းချိန်ဆတတ်သည့် ဉာဏ်ကောင်းတဲ့လူမျိုးဖြစ်သည်။သူက ခဏတာစိတ်လိုက်မာန်ပါဖြစ်သွားတာကြောင့်နဲ့တော့ မိုက်မဲတဲ့အရာတွေကို လုပ်မှာမဟုတ်။
ထို့ကြောင့် ရှဲ့ဟွိုင်ရဲ့ အခုချက်ချင်းတိုက်ခိုက်နိုင်ချေက အလွန်နည်းပါးနေ၏။
သူက သူ့ကိုယ်သူ ကို့ရိုးကားယားဖြစ်နေတယ်လို့ မခံစားရသရွေ့တော့ ကျန်တဲ့လူတွေက ခံစားရရင် ခံစားရပါစေပေါ့။
ဖန်းလီသည် ရဲရဲတင်းတင်းပဲ ကုတင်ဆီလျှောက်သွားလိုက်ပြီး လှဲချလိုက်လေ၏။အကြောင်းပြချက်တစ်ရာပဲဖြစ်ဖြစ်၊တစ်ထောင်ပဲဖြစ်ဖြစ် အခုချက်ချင်းအိပ်ရဖို့နဲ့တော့ ဘာနဲ့မှမလဲနိုင်ဘူး။
[Systemက ချက်ချင်းပဲ စိုးရိမ်သွားလေ၏] : Host!Hostရေ! ထတော့လို့! တကယ်ကြီး ဒီအတိုင်းပဲအိပ်လိုက်တော့မလို့လား]
[ဖန်းလီ : တစ်ခြားဘာရှိသေးလို့လဲ]
[System : ရှဲ့ဟွိုင်က နိုးနေတုန်းပဲလေ....]
[ဖန်းလီ : အော်...သူသတ်ချင်တယ်ဆိုရင်လည်း သတ်ပါစေပေါ့။အော်နေတာကို ရပ်လိုက်တော့]
[System : .........] တကယ်လို့ ခင်ဗျားသေသွားမယ်ဆိုရင် ကျွန်တော်က တစ်ခြားHost ကို ဘယ်မှာသွားရှာရမှာလဲ? QAQ
___________________
Have a good day💕