ဘန်ကောက်ကိုရောက်ခါပဲရှိသေး အတူနေတဲ့သူငယ်ချင်းက ဘားသွားမယ်လိုက်မလားဆိုလို့ လိုက်ချလာခဲ့တာ gay bar ဖြစ်နေတာမို့ လရောင်မှာ ရယ်ရမလိုငိုရမလို။ တကယ်က online ကနေ ကွန်ဒိုငှားဖို့ မြန်မာအခန်းဖော်ရှာရင်းက ခန့်လင်းသော်နဲ့ သူနဲ့က စသိတာဖြစ်သည်။ ကိုယ်ကလည်း ဂေးနေကြောင်းနေရာတကာထုတ်ပြောမနေချင်တာမို့ မပြောပေမဲ့ သူခေါ်ချလာမှ သူပါဂေးနေမှန်းသိသွားရတာမို့ ရယ်ရမလိုငိုရမလိုလို့ ပြောတာဖြစ်သည်။ အိမ်ကအမေက gay bar တွေသွားကဲမနေနဲ့လို့ မှာလိုက်တာမှ သုံးညတောင် တင်းတင်းမပြည့်သေး။ လရောင် ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိသွား၏။
အမှန်တိုင်းဆိုလျှင် လရောင်က အငြိမ်တလိုင်း။ ကိုယ့်အတွေးနဲ့ကိုယ်ပဲငြိမ့်ချင်တာ။ ကခုန်ရတာတွေ သိပ်ဝါသနာမပါ။ ထို့ကြောင့်လည်း သူငယ်ချင်းက DJ floor ခေါ်တာကို မလိုက်ပဲ အောက်ထပ်က bar counter မှာပဲ ထိုင်နေခဲ့တာဖြစ်သည်။ gay ဆိုပေမဲ့ အခုချိန်ထိ လရောင်ကိုရင်ခုန်အောင်လုပ်နိုင်တဲ့သူတော့မရှိသေး။ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ သီဟက လရောင်ကိုအသေအကြေကြိုက်မှန်းသိပေမဲ့ လရောင်ကိုယ်တိုင်က ရင်မခုန်တော့လည်း သူ့အတွက်စိတ်မကောင်းရုံမှတပါးပေါ့။
"တစ်ယောက်တည်းလား"
ထိုင်းဂေးဘားသာပြောသာ မြန်မာတွေကခပ်များများ။ အခုလည်း လရောင် တစ်ယောက်တည်း ငြိမ့်နေခိုက် လရောင်ကိုမြန်မာမှန်းသိလို့ လာရောတာဖြစ်မည်။
"မြင်တဲ့အတိုင်းပဲ"
"အဟား...အချေလေးပဲ ခင်လို့ရမလား"
Bar အထာ ခင်လို့ရမလားဆိုတာ ဘယ်အတိုင်းအတာမဆို ရောက်သွားနိုင်တာမို့ လရောင် ခပ်ပြတ်ပြတ်သာ ငြင်းလိုက်သည်။
"Sorry သူစိမ်းတွေနဲ့ မရောတတ်လို့"
လရောင်ငြင်းလိုက်တော့ တစ်ဖက်က ခပ်ဟဟရယ်၏။ ပုံစံက အထာကျတယ်ဆိုသော်လည်း ကြည့်လိုက်တာနဲ့ play boy မှန်းသိသာတာမို့ လရောင်မျက်နှာသာမပေးဖို့သာ ဆုံးဖြတ်လိုက်သည်။
ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်ရတာ ခေါင်းကိုက်တယ်။
"ဒါဆိုလည်း ချီးယားလေးတော့ လုပ်ခွင့်ပေးကွာ"
ဒါကိုတော့ လရောင်လက်ခံပေးလိုက်သည်။ ခွက်ချင်းတစ်ချက်တိုက်ပေးလိုက်တော့ ထိုလူက အနားက ခွာသွား၏။ ခွာထုတ်လို့လွယ်လို့ တော်သေးတာပေါ့။ ခဏနေတော့ toilet သွားချင်လာတာနဲ့ လရောင်ထလာလိုက်သည်။
ထို bar ကောင်တာရဲ့ တစ်ဖက်အစွန်းထိပ်မှာ ထိုင်နေတဲ့လူတစ်ယောက် သူ့ကိုတောက်လျှောက်ကြည့်နေခဲ့သည်ကိုတော့ လရောင်လုံးဝမသိခဲ့ပါ။
Toilet ကပြန်လာပြီးနောက် လရောင်အနည်းငယ်ပျင်းလာတာနဲ့ ဟိုကောင့်ဆီ ပြန်ဖို့ဖုန်းလှမ်းဆက်သော်လည်း ဖုန်းကမကိုင်။ ကခုန်နေကြတဲ့ လူကြားထဲသွားရှာဖို့လည်း မလုပ်ချင်တာနဲ့ သောက်လက်စ ဝိုင်ခွက်ကိုသာ ဆက်သောက်ရင်း ဖုန်းတွေဆက်တိုက်ခေါ်နေလိုက်သည်။ နောက်ဆုံးခေါ်မရတဲ့အဆုံး ပြန်နှင့်ပြီဟု စာပို့ပြီး ထွက်လာမည်အပြု ရိပ်ခနဲဖြစ်သွားတာကြောင့် ဘားကောင်တာကို အမြန်အားပြုလိုက်ရ၏ ။
ဘာဖြစ်သွားတာလဲ! စိတ်ထဲမှာ ပိုမူးလာသလိုဖြစ်လာပြီး မသိစိတ်ရဲ့နှိုးဆော်ချက်အရ မကောင်းတဲ့အငွေ့အသက်တွေခံစားလိုက်ရတာမို့ ခပ်တိုးတိုးလေးဆဲရေးမိသွားသည်။
Shit! မာမီ့စကားနားမထောင်တာ ခုတော့ဖြစ်ပြီ!!
ကြည့်ရတာ ဆိုးဆိုးဝါးဝါးတော့ ဟုတ်ပုံမရ။ သူ့ခွက်ထဲကို အပြင်းတစ်ခုခုရောလိုက်တာပဲနေမှာ။ လရောင်ကိုယ့်အချိန်အဆကိုယ်သိပြီးသား ဒီလောက်နဲ့ရီဝေစရာအကြောင်းမရှိ။
သို့ပေမဲ့ သတိကြီးကြီးကပ်တတ်သူပီပီ ဘားကောင်တာမှ bartender အစ်ကိုဆီမှ သံပုရာသီးတစ်လုံးနှင့် တစ်စိတ်ရအောင်တောင်း၍
တစ်စိတ်ကိုပါးစပ်ထဲထည့်ငုံပြီး အလုံးကိုတော့လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်၍ တစ်ချက်ရှုကာ အပြင်ကို အမြန်ထွက်လာခဲ့လိုက်သည်။ သက်သာလား
မသက်သာလားတော့မသိ။ တစ်ခုခုဆိုရင် သံပုရားသီးဆောင်ဆိုတဲ့ မာမီ့စကားကြောင့် အခုချိန်မှာ အကူအညီနဲနဲမှဖြစ်ဖြစ်ဆိုပြီး လုပ်ချလာတာပင်။ အဓိကက ကွန်ဒိုမရောက်ခင်ထိ သတိမလွတ်ဖို့ပဲလိုတယ်။
"အဟက်.... ချာတိတ်က အလည်လေးပဲ"
ဦးစည်အံ့ဖြိုး ရိုက်ကွင်းသုံးရက်အနားပေးထားခိုက် နောက်ပိုင်း ဘန်ကောက်မှာရိုက်ရမဲ့ scene တွေအတွက် ကြိုတင်လေ့လာဖို့ ဘန်ကောက်ကိုရောက်ရှိနေတာဖြစ်သည်။ ဒီဘားကလည်း သူရှယ်ယာပါထားတဲ့ barဖြစ်လို့ ရောက်တုန်း လာစစ်ဆေးရင်း ဘားမှာဝင်ထိုင်မိစဉ် ဆံပင် milktea ရောင်လေးနှင့် ခပ်ဖွေးဖွေးကောင်လေးတစ်ယောက် ကောင်တာမှာလာထိုင်တာကို အကြောင်းမဲ့ မျက်စိထဲမြင်မိသွား၏။ ဒါရိုက်တာမျက်လုံးလို့ပဲပြောရမလား ကောင်လေးက မင်းသားလုပ်စားလို့ရလောက်မဲ့ ရုပ်ရည်မျိုးမို့လည်း စူးစမ်းမိသွားတာပါမည်။ ကောင်လေးကြည့်ရတာ တော်တော်တော့ ငယ်အုံးမည့်ပုံလေး။ ရောက်ကတည်းက သူ့ဟာသူ အမြည်းမှာစားလိုက် ဆိုင်ရဲ့ signature menu ကိုမှာလိုက်နှင့် အေးအေးဆေးဆေးလေး ငြိမ့်နေတာမို့ ပိုပြီးစိတ်ဝင်စားသွားရသည်။ ဒီအရွယ်ကောင်လေးတွေက ကကြခုန်ကြကဲကြတာကို ပိုခုံမင်တာမလား။
ကြည့်နေစဉ်မှာပဲ တခြားကောင်လေးတစ်ယောက်က စကားလာပြောတာ မြင်လိုက်ရသည်။ ကြည့်ရတာ ချာတိတ်လေးက အချေလေးပဲလား ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်တတ်တာလားတော့မသိ ငြင်းလွှတ်လိုက်တာမို့ စိတ်ထဲ သဘောကျသွားရ၏။ ဖြတ်သန်းလာခဲ့တဲ့ 39နှစ်တာအတွင်း ဒီလိုသဘောတကျလိုက်ငေးမိတာဆိုလို့ ချာတိတ်က ပထမဆုံး။
ခဏနေတော့ ချာတိတ်လေးက toilet ထသွားလေသည်။ ထိုအခိုက် ခုနကကောင်လေးက မယောင်မလည်ဖြင့် ကောင်လေးသောက်လက်စခွက်ထဲကို သူ့ခွက်ထဲကအရည်အနည်းငယ်လောင်းချလိုက်တာကို မြင်လိုက်ပေမဲ့ သူကြည့်မြဲကြည့်နေခဲ့မိသည်။ ကောင်လေးကို တစ်ခုခုနစ်နာအောင်ထိတော့ အဖြစ်မခံပေမဲ့ လက်လွတ်စပယ် ကိုယ့်ခွက်ကိုယ်ပစ်ထားခဲ့တဲ့ ကောင်လေးကိုလည်း သင်ခန်းစာပေးချင်တာမို့ မတားပဲကြည့်နေလိုက်တာဖြစ်သည်။
ဒါပေမဲ့ ကောင်လေးက သိပ်လည်သည်။ သူတောင်တွေးမကြည့်ဖူးတာကို လုပ်ချသွားတာ။ သံပုရာသီးကို ပါးစပ်ထဲအစိတ်လိုက်ဝါးစားတယ်တဲ့လေ။
မင်းက ထူးခြားတယ်။ ကိုယ့်ကိုတောင် ဆွံ့အသွားအောင် လုပ်နိုင်တယ်။
အဲ့ဒီနောက်တော့ စည်အံ့ဖြိုး ထိုချာတိတ်လေးနောက်ကို လိုက်လာခဲ့မိတော့၏။ ဒီကောင်လေးကို အိမ်အရောက်ပြန်ပို့ပေးဖို့ သူ့မှာတာဝန်ရှိသည်။ ဆိုင်အပြင်ကို ရောက်တော့ ကောင်လေးက taxi ငှားဖို့ လမ်းဘက်မှာထွက်နေတာနဲ့ သူ့ကားကို အမြန်ထုတ်ပြီး ကောင်လေးနားကိုသွားရပ်လိုက်ကာ
"တက်"
လရောင် ရုတ်တရက်ကြီးအနားရောက်လာကာ တက်ဆိုတဲ့လူကြီးကို ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေမိလိုက်သည်။
ဘာလဲဟ !! မသိရင် စပွန်ဆာ ဘဲကြီးအထာနဲ့။
"ချာတိတ်ကို အိမ်ပြန်လိုက်ပို့ပေးမလို့လေ...ဒီက ကားသမားတွေကစိတ်မချရဘူး အထူးသဖြင့် မင်းလိုကောင်လေးမျိုးဆို ပိုစိတ်မချရဘူး"
"ခင်ဗျားကိုရော ဘယ်လိုယုံရမှာလဲ"
"အဟား...ဟုတ်သား ကိုယ်လောသွားတယ်
ဒီမှာ ဒီဘားရဲ့ ရှယ်ရာရှင်၊ ခုနက မင်းဘာဖြစ်သွားလဲ ကိုယ်သိလိုက်လို့ နောက်ကလိုက်လာခဲ့တာ"
ကမ်းလာတဲ့ business card ကိုယူကြည့်လိုက်ရင်း
"ကျွန်တော်ဘာဖြစ်သွားတာလဲ"
"ဘာမှမဖြစ်ပါဘူး မူးယစ်ဆေးအနည်းငယ်ပါတဲ့ alcohol လေးသောက်မိသွားရုံပါပဲ"
"ခင်ဗျားက bar ရှယ်ရာရှင်ဆို အဲ့လိုသိတာကို
ဒီတိုင်းကြည့်နေခဲ့တာလား"
"အင်း...ပြောရရင် ဒါက ကိုယ်တို့နဲ့မှမဆိုင်တာ"
လရောင်မျက်နှာက အလိုမကျသလို မှုန်ကုပ်ကုပ်လေးဖြစ်သွားသည်။ မဆိုင်ဘူးဆိုပြီးတောင် ကြည့်နေနိုင်ရင် ခုမှ လူစွမ်းကောင်းဝင်လုပ်တာက ဘာအထာလဲ!!
"အဲ့ဒါဆို ဘာလို့ပြန်ပို့မယ်ပြောနေသေးလဲ"
သံပုရာသီးငုံထားတာရော မကြည်တာရောပေါင်း၍ လရောင်မျက်နှာက ရှုံ့တွနေ၏။ ဒါကိုကြည့်၍ ဦးစည်အံ့ဖြိုး သဘောတကျရယ်လိုက်မိတော့ ကောင်လေးက မျက်ခုံးတွေ တွန့်ချိုးကာပြန်ကြည့်လာသည်။ အင်း...ရှုံ့ခွက်နေတာတောင် ချစ်စရာကောင်းသားပဲ။
"ကိုယ့်ကို 100% ယုံလို့ရတယ် မင်းလည်းသတိရှိနေတာပဲလေ တစ်ခုခုဆို 911ကိုဖုန်းဆက်ပေါ့"
"ဇာတ်ကားတွေအကြည့်များနေပြီ 911 ဆက်တိုင်းလာကယ်ရအောင် အမေရိကန်ဇာတ်ကားမှတ်နေလား"
"အဟား...မင်းကိုယ့်ကိုရန်စွာနေတာက ပိုကြာတယ်နော် လိုက်မပို့ရမှာသေချာလား"
မေးလိုက်တော့ ကောင်လေးက သူ့ကိုစူးစမ်းသလိုကြည့်သည်။ ပြီးမှ လမ်းဘက်ကိုကြည့်တော့လည်း taxi ကမလာသေးကာမှ
"ကျွန်တော် အနောက်မှာမထိုင်ဘူး"
"အိုခေ love seat မှာထိုင်ချင်တာလား"
ပြုံးစစနှင့်မေးလိုက်တာကို မသိကျိုးကျွံပြုလျက်
အရှေ့ခုံမှာ ခပ်တည်တည်လေး ၀င်ထိုင်သည်။
အမှန်တော့ လရောင်စိတ်ထဲ ဒီလူကြီးက ယုံရပုံပေါက်တယ်လို့ ထင်တာကြောင့်ပင်။ သူ့ရဲ့ ဆဌမအာရုံအရ အန္တရာယ်မရှိဟုသော အချက်ပြမီးစိမ်းတွေကြောင့် လိုက်ပို့မှာကိုလက်ခံလိုက်တာ။ ပြီးတာ့ ဘဲကြီးရဲ့ရူပကာကလည်း ရင်ခုန်စရာကောင်းလောက်အောင် ချောမောနေတယ်လေ။
"ဘယ်ကို ပို့ပေးရမလဲ"
ပြောတော့ ဖုန်းထဲကလိပ်စာကို ပြသည်။
"ခုမှ ရောက်တာလား"
"ဟုတ်"
"ခုမှရောက်တာကို bar တွေလျှောက်သွားနေတယ်ပေါ့"
"သူငယ်ချင်းခေါ်လို့"
"အခု ကိုယ်က ချာတိတ်ကိုပြန်မပို့ပဲ တခြားနေရာခေါ်သွားရင်ဘယ်လိုလုပ်မလဲ"
သူပြောတော့ ချာတိတ်က သံပုရာသီးကို ဘက်ပြောင်းငုံလိုက်ကာ
"ကျွန်တော့မှာ ကျွန်တော့်ကိုအရမ်းချစ်တဲ့ မာမီနဲ့ ဒယ်ဒီရှိတယ်..."
"...."
"ပြီးတော့ အန်တီလေးနဲ့ အန်ကယ်လေးကလည်းကျွန်တော့်ကိုဆို အရမ်းချစ်တာ"
ချာတိတ်ဘာပြောနေလဲ သူခုထိနားမလည်။
"ကျွန်တော့်မှာ အစ်ကိုလည်းရှိသေးတယ်...ကျွန်တော့်ကိုကိုက နာမည်ကြီးမင်းသား "
တဆိတ် ချာတိတ်က သူ့ကိုကြွားနေတာလား။
စည်အံ့ဖြိုး နားမလည်ဟန်ဖြင့် ပြန်မေးမိလိုက်သည်။
"အဲ့ဒီတော့...?"
"ခင်ဗျား တစ်ခုခုမကောင်းတာလုပ်ရင် သူတို့တွေကငြိမ်နေမှာမဟုတ်ဘူး"
အခုမှ ဆိုလိုရင်းကို သဘောပေါက်သွားရကာ
စည်အံ့ဖြိုး ဟန်တောင်မဆောင်နိုင်ပဲ သဘောတကျရယ်လိုက်မိတော့၏။ ချာတိတ်က တကယ်ပဲ သူ့ကိုရယ်မောအောင် လုပ်နိုင်လွန်းသည်။
"အဟား...ဟား...မသိပါဘူး ကိုယ်က ခုနက
ကြွားနေတယ်ထင်သွားတာ"
သူရယ်တာကို ချာတိတ်လေးက ခေါင်းစောင်းကြည့်လာပေမဲ့ ဘာမှတော့မပြော။ လက်ထဲကသံပုရာသီးကိုက တစ်ချက်တစ်ချက် ရှုနေသေးတာ။
"သံပုရာသီးကြီးငုံထားတာ မချဉ်ဘူးလား မင်းခွက်ထဲကို နဲနဲပဲလောင်းထည့်သွားတာပါ သိပ်စိတ်မပူနဲ့"
"သတိလွတ်သွားရင်ဘယ်လိုလုပ်မလဲ ဘယ်သူ့မှယုံရတာမဟုတ်ဘူး"
"ဒါဆို ကိုယ်နဲ့ဘာလို့လိုက်လာသေးလဲ"
"ခင်ဗျားက အရင်လိုက်ပို့မယ်ပြောတာမဟုတ်ဘူးလား"
"ဟိတ် ကိုယ့်အသက်က 39ကျော်ကျော် 40ထဲမှာနော်"
သူပြောလိုက်တော့ ချာတိတ်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်မှာ အူယားစဖွယ်။
ဒီဘဲကြီး အထာကျတယ်လို့ စိတ်ထဲက မှတ်ချက်ပေးနေတာလေ။ ဘယ်သူကထင်မှာလဲ ကိုယ့်အဖေထက် ၅နှစ်လောက်ပဲငယ်မယ်လို့။ ခုန်ချင်နေတဲ့ရင်ခုန်သံတွေတောင် ကြက်ပျောက်ငှက်ပျောက်။
"ဘယ် ဘယ်လိုခေါ်ရမလဲ အဲ့ဒါဆို"
"တော်တော်များများကတော့ ကိုယ့်ကို ဦးစည်လို့ခေါ်ကြတယ်... ရင်းနှီးတဲ့သူတွေကတော့ ကိုစည်လို့ခေါ်တယ်...ချာတိတ်ကတော့ ဦးလို့ခေါ်ရင်ခေါ်ပေါ့"
လရောင်ရင်ခုန်သံတွေ ဗြုန်းစားကြီးမြန်ချလာတာ ဘာကြောင့်မှန်းမသိ။ ခုနက ကြက်ပျောက်ငှက်ပျောက် ရင်ခုန်သံတွေက အခုတဖန်ပြန်သက်ဝင်လှုပ်ရှားလာလေ၏။
"ဟိတ် ကြားလား ချာတိတ်"
"ဟုတ်"
"ဦးက ဒီမှာနေတာလား"
"မဟုတ်ဘူး ကိုယ်အလုပ်ကိစ္စနဲ့လာတာ နှစ်ရက်လောက်ပဲနေမှာ "
"ဪ..."
"ချာတိတ်ကရော..."
"ကျွန်တော်က designer သင်တန်းလာတက်တာ"
"ဝါသနာပါတာလား"
"ဟုတ်"
"ဝါသနာပါရင်ဖြစ်အောင်လုပ်ပေါ့... ကိုယ်က မင်းသားလုပ်ဖို့ မြူဆွယ်မလို့လုပ်နေတာ"
"ကျွန်တော့်ကိုလား"
"မင်းရုပ်ရည်နဲ့ဆို သေချာပေါက် လူကြိုက်များမှာ၊ ဘယ်လိုလဲ စိတ်ဝင်စားလား"
"ဟင့်အင်း အစကတည်းကမ၀င်စားလို့ မလုပ်တာ"
"အဟင်း...ဟုတ်ပါပြီကွာ"
"ဒါနဲ့ ချာတိတ်နာမည်က"
"ဘာလုပ်ဖို့လဲ"
"ပြောမပြချင်ဘူးလား...ကိုယ်တည့်ပဲပြောမယ် ချာတိတ်ကိုစိတ်ဝင်စားတယ်"
လရောင်အစောကတည်းက ရိပ်မိပါသည်။ ဟုတ်တယ်လေ ဘယ်သူကဘလိုင်းကြီး အလကားနေရင်းအိမ်ပြန်လိုက်ပို့မလဲ။ ကိုယ့်ဘက်ကလည်း စိတ်လှုပ်ရှားရတဲ့အဆင့်ရှိတာမို့ ဒီလူကြီးနဲ့ နဲနဲပိုရင်းနှီးကြည့်ချင်သည်။
"လရိပ်ရောင်ဖြာ"
"နာမည်က အမိုက်စားပဲ... ကိုယ့်ကို ဆက်သွယ်လို့ရမဲ့ လိုင်းအကောင့်လေးတစ်ခုခု ပေးပါလား"
စည်အံ့ဖြိုး သူ့ဖုန်းကို ကောင်လေးလက်ထဲထည့်ပေးလိုက်တော့ screen ကို တတောက်တောက်နဲ့ ရိုက်ပြီး
"ကျွန်တော့်အကောင့်မှာ ကျွန်တော်နဲ့အပြင်မှာတကယ်သိပြီးခင်တဲ့လူကလွဲရင် ဦးကပထမဆုံးသူစိမ်းပဲ"
"အို့ thanks "
"ကျွန်တော့်ကိုလာကစားဖို့တော့မစဉ်းစားနဲ့"
"ကိုယ့်အသက်အရွယ်က အဲ့လိုလုပ်ရမဲ့အရွယ်လား"
"ဦးနဲ့မတွဲဖြစ်ခဲ့ရင် ဦးကိုပြန်block မယ်"
"အဟင်း...ကလေးအထာတွေကွာ"
"ကလေးအထာတွေမကြိုက်ရင် လူကြီးချင်းရှာကြိုက်"
"အဟွန်း...ကိုယ် ချာတိတ်ကို တကယ်စိတ်ဝင်စားတာ...ချာတိတ်က ကိုယ့်အတွက်တစ်ခုခုထူးခြားတယ်"
"စိတ်ဝင်စားရုံလောက်နဲ့တော့ မချဉ်းကပ်ပါနဲ့"
"ကိုယ့်ဆီက စိတ်ဝင်စားမှုခံရဖို့ လူတွေအများကြီးကြိုးစားနေကြတာနော်"
"ကျွန်တော်မပါတာတော့ ကျိန်းသေတယ်"
စည်အံ့ဖြိုး ထပ်မံသဘောတကျရယ်မိသွားပြန်သည်။ ချာတိတ် စကားပြောတာ ပွင့်လင်းပုံလေးကလည်း ချစ်စရာလေးပဲ။
"ဒါပေါ့...အဟွန်း... ကိုယ်နောက်တစ်ခေါက် ဒီကိုလာရင် ထပ်တွေ့ကြမယ် အဲ့ဒီအခါ ကိုယ့်ဘက်က သေချာတဲ့အဖြေတစ်ခုနဲ့ ပြန်ချဉ်းကပ်မယ်ဆိုရင်ရော လက်ခံမလား"
"ဦးကျွန်တော့်ကို ရင်ခုန်အောင်လုပ်နိုင်မလုပ်နိုင်အပေါ်မူတည်မှာပဲ"
"ဒီကြားထဲ ကိုယ်တို့ လိုင်းကစကားပြောရင်း ရင်းနှီးမှုကြိုယူထားမယ်လေ"
"အိုခေလေ"
ပထမဆုံးထားကြည့်မဲ့ရည်းစားက ကိုယ့်ထက် 19နှစ်ကြီးတဲ့ဘဲကြီးဖြစ်နေမယ်လို့ လရောင်မတွေးခဲ့ဖူးပါ။ ဒါပေမဲ့ လောကကြီးက မတွေးထားတဲ့အရာတွေ ပိုဖြစ်တတ်ကြတယ်မလား။ အသက်ဆိုတာ ကိန်းဂဏန်းပဲလေ။ ဦးပုံစံက ဒီလောက်မိမိုက်နေတာ ဘယ်သူကမှ 40တန်းဝင်နေတဲ့ဘဲကြီးလို့ ထင်မှာမဟုတ်။ အကယ်၍ ရည်းစားဖြစ်ခဲ့ရင် ကိုကို့ကို အသက်လိမ်ပြီး မိတ်ဆက်ပေးရမည်ဟု လရောင်စိတ်ထဲကြိတ်တွေးထားလိုက်သည်။
~~~
"ခင်ဗျား နေမကောင်းတာကို အသာမနေဘူး...လျှောက်သွားချင်နေတယ်"
"မာလာရှမ်းကောစားချင်တာအပြစ်လား...မင်းပဲငါစားချင်တာဝယ်ကျွေးမယ်ဆို"
"၀ယ်ပြီး အိမ်လာပို့ပေးမယ်ပြောတာလေ"
"ဆိုင်မှာထိုင်စားရမှ အရသာရှိတာလေ"
"မအိကရော"
"မအိက ငါအလုပ်နားမှနားရလို့ အားနာလို့ပေါ့"
"အပြင်မှာလူက ရှုပ်ရှုပ်နဲ့ဗျာ..."
"အဲ့တာကြောင့် မနက်အစောကြီးလာတာလေ ၉နာရီခွဲဆို လူသိပ်မရှုပ်ဘူး...မင်းမလိုက်ချင်လည်းနေခဲ့နော် ရတယ်"
"ဒီထိရောက်လာပြီးမှ ဘယ်နားသွားနေရမှာလဲ"
ဆိုင်ရှေ့တောင်ရောက်နေကာမှ မလိုက်ချင်နေခဲ့တဲ့။ အတော်တရားကျဖို့ကောင်းတာပဲ။ သူကလည်း ဘာလို့များ လာခေါ်ဆိုတာနဲ့သွားခေါ်မိလိုက်လဲ မသိ။
ဆိုင်ထဲရောက်တော့ သူ့ဟာသူစားချင်တာတွေ
ခြင်းထဲစုထည့်ပြီး ကောင်တာမှာသွားတင်တာမို့ ငွေလိုက်ရှင်းပေးရသည်။
"အစပ်လေးက normal လားရှင့်"
"ထုံထုံစပ်စပ်လေး လုပ်ပေးနော်ညီမလေး"
"အစပ်တွေအဲ့လောက်မစားနဲ့လေ ဗိုက်အောင့်မယ်"
ဒီသ ထိုလူ့အနားကပ်၍ ခပ်တိုးတိုးဆူလိုက်ပေမဲ့ ထိုလူကတော့မမှုပေ။ သူ့ကိုတောင် ထိုင်မဲ့နေရာ ဆွဲခေါ်လာသေးတယ်။ မနက်အစောကြီးမို့ လူကတော့ တကယ်ရှင်းသေးတယ်။ ဒီလိုပူစပ်စပ်တွေက နေ့လည်လောက်မှအစားများကြတာမလား။
"အဲ့ဒီအစပ်တွေက အမြဲတမ်းစားလို့မကောင်းဘူး
အူပါးတယ်"
"တစ်ခါတစ်လေပါ မင်းအစပ်မစားနိုင်ဘူးလား"
"စပ်တဲ့အရသာကို မခံစားနိုင်တာ"
"အဲ့ဒါဆို ဘာစားမလဲ ဒီက မာလာရှမ်းကောပဲရတာ"
"ရတယ် ကျွန်တော် အိမ်ကထမင်းစားလာတယ်"
"ပြီးရင်ဘာစားချင်လဲ မင်းစားချင်တာ လိုက်ဝယ်ကျွေးမယ်လေ"
"စဉ်းစားလိုက်အုံးမယ်"
"အင်းအင်း"
နှစ်ယောက်သားစကားပြောဆိုနေပြီး မိနစ်အနည်းငယ်ကြာတော့ မှာထားတာတွေ လာချပေးလာလေ၏။
"ဟို အစ်ကိုသက်တန့်မဟုတ်လားဟင်"
"ဟုတ်ဗျ"
သက်တန့်ဖြေရင်းပြုံးပြလိုက်တော့ ဆိုင်ကကောင်မလေးမျက်နှာက ၀ငျးပသှားလေ၏။ ကြည့်လိုက်မှ ခပ်လှမ်းလှမ်းမှာလည်း တခြားဝန်ထမ်းလေးတွေက သူတို့ကိုလှမ်းရှိုးနေကြတာ။
"ဒီဘက်က အစ်ကိုဒီသမို့လား အစ်ကိုနဲ့အတူတွဲရိုက်နေတဲ့မင်းသားလေ"
"ဟုတ်တယ်ညီမလေး"
ဒီသက ခေါင်းငြိမ့်ရုံငြိမ့်ပြတာမလို့ သက်တန့်ကပဲကြားက၀င်ဖြေပေးလိုက်ရသည်။
"ဟီး ဟို ညီမတို့ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ပြီးတင်လို့ရမလား ဒီတိုင်းအစ်ကိုတို့နှစ်ယောက်လာစားတယ်ဆိုတာလေး တင်ချင်လို့"
"အာ ရတယ်ရတယ်"
"ဟုတ် ဒါဆို မနှောက်ယှက်တော့ပါဘူးနော်"
သူတို့ personal ချိန်မှန်းသိလို့ထင် ကောင်မလေးတွေက အလိုက်သတိပင် ချက်ချင်းထွက်သွားပေးကြသည်။ ပြီးနောက် ကောင်တာအနောက်ရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းတွေဆုပ်လျက် အသည်းတယားယားဖြင့် ခုန်ပေါက်ရင်း ဖောက်သည်ချကြတော့သည်။
"အီး...သက်တန့်က အပြင်မှာတော်တော်ချောလိုက်တာဟယ် ဖြူဖွေးအုဖတ်နေတာ အူယားလို့သေတော့မယ်"
"အမလေး ဆိုင်ကိုမနက်အစောကြီးရောက်လာမယ်ထင်မထားပါဘူး ငါမနက်က ဘုရားကန်တော့ခဲ့လို့ထင်တယ်"
"ဒီသကနဲနဲရုပ်တည်သလိုပဲနော်"
"ရုပ်တည်ပေမဲ့ တော်တော်မိုက်တယ်နော် ခုနက အစ်ကိုသက်တန့် အစပ်တွေမှာတော့ ဘေးကနေ
မစားစေချင်သလိုလက်တို့ပြီး ဗိုက်အောင့်လိမ့်မယ်လို့ ပြောနေတာကြားလိုက်တယ်သိလား"
"ဟုတ်လား ဟဲ့ တကယ်ကြီးတွဲနေတာများလား"
"မပြောတတ်ဘူး တွဲနေရင်တော့ အကောင်းဆုံးပေါ့ ဟိ ဇာတ်လမ်းမထွက်ခင်ကတည်းက dating သတင်းထွက်ခံရတဲ့ ဂြိုလ်သားနှစ်ယောက်ပေါ့အေ"
"ဟိ နေအုံးအခုမတင်သေးနဲ့အုံး သူတို့ပြန်သွားမှတင်၊ နားရက်လားမသိ တော်ကြာအေးဆေးမစားရပဲနေမယ်"
"အေးပါ ငါလည်းအဲ့လောက်တော့သိပါတယ်"
ထို့နောက် သူတို့လှမ်းရိုက်ထားတဲ့ပုံတွေကိုကြည့်၍ ခေါင်းချင်းဆိုင်နေကြတော့၏။
"မင်း မျက်နှာကိုအဲ့လိုကြီးအမြဲမတည်ထားနဲ့လေ"
"ဘာလို့လဲ"
"ခုနက လာနှုတ်ဆက်တာမျိုးဆို ပြုံးပြရမှာပေါ့ ပြုံးပြုံးရွှင်ရွှင်မှ လူပိုချစ်တာလေ"
"တော်ပါပြီ တမင်ချစ်အောင်တော့ ပြုံးမပြချင်ပါဘူး"
ကြည့်လူ့ကန့်လန့်ပါဆို။
"အဲ့တာများ ဘာလို့မင်းသားလုပ်စားနေသေးလဲ"
သက်တန့် မျက်စောင့်ထိုး၍ မတည့်သလိုပြောတော့ နှုတ်ခမ်းတွန့်၍ ပြုံး၍
"ဒါတော့ ဝါသနာပါတာကိုး"
"အတည်ပြောတာ မင်းမှာအားလုံးပြည့်စုံတယ်...အဲ့ဒီတစ်ချက်လေးပဲ မင်းသာပြုံးလိုက်ရင် အားလုံးပါးစပ်ဖျားကတောင် ချမှာမဟုတ်ဘူး"
"ကျွန်တော်ပြုံးတာ အဲ့လောက်ချောတာလား"
"No ချောတာမဟုတ်ဘူး! မိုက်တာ ဒီတိုင်းနေလည်းမိုက်တယ်ဆိုပေမဲ့ ပရိတ်သတ်တွေရှေ့တော့ ပြုံးပေါ့ မင်းပြုံးလိုက်ရင် မင်းနဲ့တကယ်လိုက်လို့ပြောတာ"
"နောက်တစ်ခါ ပြုံးကြည့်မယ်"
"အဟွန်း...ဒီလိုမှပေါ့"
သက်တန့်ရောင်ဖြာရဲ့ လိမ္မာတယ်ဆိုတဲ့အကြည့်တွေအောက်မှာ ဒီသတစ်ယောက် ဂျစ်ကန်ကောင်လေးမှ စကားနားထောင်တဲ့ကောင်လေးအသွင်ချက်ချင်းပြောင်းသွားခဲ့လေတော့သည်။
_________________________________
Side couple က ဦးနဲ့ကလေးအတွဲပါရှင်
မထင်ထားကြဘူးဟုတ်😉
အမှန်က သွားကိုက်နေတာ။ နေ့ခင်းက သွားဆေးခန်းသွားတာ ၃ခုတောင် ၃ခုလုံးပိတ်ထားတယ်
အဲ့ဒါနဲ့မနက်ဖြန်မှ ထပ်သွားပြရတော့မယ်။ ငယ်ငယ်က အမေ့နို့တွေ အများကြီးစို့ခဲ့မိလို့နဲ့တူပါရဲ့
သွားပိုးစားလိုက်တာမှ
Update ရက်တွေဆို ည၁၀နာရီဝန်းကျင်အပ်ပါမယ်ရှင့်။ update မရှိတဲ့ရက်ဆို ကြိုပြောပါမယ်နော်။
Breeze
11.Apr.2025