အခန်း ( ၃၆ )
၁၁:၀၀နာရီထိုးသော် ဆုပေးပွဲဟာ ချောချောမောမောပင် ပြီးစီးသွားကာ ဧည့်သည်အားလုံးလဲ တစ်ယောက်တလဲ စင်မြင့်မှ ထွက်ခွာသွား၏။ ကျန်းလျိုရှန်းက ဆတ်ခနဲ့ ထရပ်ကာ ပထမဆုံး ထွက်လာခဲ့သည်။ သူ ပွဲခန်းမအပြင်သို့ သုန်မှုန်နေသော မျက်နှာဖြင့် ထွက်လာခဲ့ပြီး ရွှီယန့်ကို ဖုန်းခေါ်လိုက်၏ : " သူ့ကို တွေ့ပြီလား ? "
" မတွေ့သေးဘူး။ ဒါပေမယ့် သူပွဲနေရာမှာပဲ ရှိနေဦးမှာ သေချာတယ်။ သက်တော်စောင့်တွေက သူထွက်သွာူတာ မမြင်သေးဘူးတဲ့။ ငါ Backstageကိုသွားရှာကြည့်ပေမယ့် မတွေ့ဖြစ်နေတုန်းပဲ။ သူ အခု ပရိတ်သတ်ထိုင်တဲ့နေရာတွေများလား ? ငါ စောင့်ကြပ်ရေးခန်းကို သွားကြည့်မလို့ လုပ်ပေမယ့်.... " ရွှီယန်က အနည်းငယ် တုံ့ဆိုင်းနေဟန်။
" လုပ်ပေမယ့် ဘာလဲ ? "
" သွမ့်မိသားစုက အဲ့ဒီလူက အထဲမှာရှိနေတော့ ငါ့ကို ပေးမဝင်ဘူး " ရွှီယန် သတိတထားနှင့် ပြောလိုက်၏။
သွမ့်မိသားစု၏ ဒုတိယသား သွမ့်မင်ယန်နှင့် ကျန်းလျိုရှန်းဟာ အစောပိုင်းနှစ်တွေကတည်းက သဘောထားကွဲလွဲသည့် ဆက်ဆံရေးမျိူးရှိသည်။ ဘာပဲဖြစ်ဖြစ် မိသားစုနှစ်ခုလုံးက ငွေကြေးအင်အားရော အာဏာအရပါ ညီတူညီမျှဖြစ်ကြ၏။ ဘယ်သူကမှ တစ်ဖက်လူကို ဆွဲမချနိုင်သည်ဖြစ်၍ သူတို့က သရေကွက်ဟု ပြောလို့ရ၏။ ကျန်းလျိုရှန်း၏ လက်ထောက်ဖြစ်တဲ့ ရွှီယန်ဟာလည်း ထုံးစံအလျောက် အကြိုဆိုမခံရတော့သည်ပေါ့။
" သူ့ကိုယ်သူ ဘာထင်နေလဲ ? ငါ သွားမယ် "
ကျန်းလျိုရှန်းက ဖုန်းချလိုက်ပြီး အထွေထွေစောင့်ကြပ်ရေးခန်းရှေ့က တတိယထပ်၏ လှေကားတွေဆီ အမြန်ဆင်းသွားလိုက်သည်။ စောင့်ကြပ်ရေး ဝန်ထမ်းက သူ့ကို မှတ်မိနေ၍ မတားဝံ့။ သူ့မှတ်ဉာဏ်ထဲမှာ ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက်ဖြစ်သည့် ရုပ်ရှင်ဧကရာဇ်ကျန်းက တံခါးအား ပြင်းပြင်းထန်ထန် ကန်ဖွင့်လိုက်သည်ကိုသာ ကြည့်နေခဲ့ရတော့၏။
အနောက်ဖက်ရှိဆိုဖာပေါ်မှာ ဝတ်စုံပြည့်နှင့် ထိုင်နေသော အမျိုးသားမှလွဲလျှင် အတွင်းရှိ လူအားလုံး အသံကျယ်ကြီးကြောင့် ထိတ်လန့်တုန်ယင်သွားကြသည်။
ထိုအမျိုးသား၏ မျက်နှာမှာ ခက်ထန်၍ မျက်ခုံးနှင့် မျက်လုံးကြားတွင် ရန်လိုခြင်းများအုပ်မိုးလျက်။ သူ ကျန်းလျိုရှန်းအားမြင်သော် မျက်လုံးထဲမှာ အလင်းအေးအေးတစ်ချက် ပေါ်လာခဲ့သည့်တိုင် ဘာဒေါသအရိပ်အခြည်မှ မပြနေပေ။
ကျန်းလျိုရှန်းက မျက်စိတမှိတ်အတွင်းမှာ လှည့်၍ တာဝန်ကျလူကို တွေ့သွားလျှင် : " ရှရှီးအိုက် ပွဲခန်းမထဲမှာရှိသေးလား ငါ့ကိုရှာပေး "
တာဝန်ကျလူမှာ သူ တံခါးအားကန်ဖွင့်လိုက်သည့်ကြောင့် ကြောက်ရွံ့နေလျက် : " ကျ ကျွန်တော်ချက်ချင်း ကြည့်လိုက်ပါ့မယ်။ကျေးဇူးပြုပြီး ခဏစောင့်ပါ ရှန်းကော.... "
ကျန်းလျိုရှန်းက သူ့ပခုံးကို ပုတ်ခါသပ်ပြီးမှ ဆိုဖာပေါ်ကလူထံ မျက်ခုံးပင့်ပြလိုက်ပြီး : " သွမ့်မင်ယန် စကားပြောလို့ရလား ? "
သွမ့်မင်ယန်က သူ့ကို စက္ကန့်အနည်းငယ်မျှစိုက်ကြည့်နေပြီးမှ ထရပ်ကာ နားနေခန်းထဲသို့ ဝင်သွား၏။
ကျန်းလျိုရှန်းက သူ့နောက်မှ လိုက်သွားလျက်။တံခါး ပိတ်ကျသွားသည်နှင့် သူ့ပတ်ပတ်လည်က လေထုဖိအားဟာ အပြင်းအထန်ထိုးကျသွားကာ သွမ့်မင်ယန်၏ မျက်နှာထက်သို့ ထိုးချက်တစ်ချက် ပစ်သွင်းလိုက်လေသည်။
သွမ့်မင်ယန်က နောက်ခြေတလှမ်းယိုင်သွားသော်လည်း ရပ်နေနိုင်ဆဲဖြစ်ပြီး ဒုက္ခများသွားသလို မဖြစ်ပါဘဲ အေးစက်စွာဆိုလာသည် : " မင်းက ဒါကို စကားပြောတယ်လို့ခေါ်တာလား ? "
ကျန်းလျိုရှန်းကလဲ အေးစက်စွာ ရယ်လိုက်ပြီး : " ဆုရတဲ့သူကို အစားထိုးလိုက်တဲ့ ရွံစရာကိစ္စမျိုးကို မင်းလုပ်ထားပြီးမှ ငါက မင်းနဲ့ အေးအေးဆေးဆေးစကားပြောနိုင်မယ်လို့ တကယ် ထင်နေတာလား ? မင်းကို အလကားလူအဖြစ်ပြောင်းမပေးတာတောင် ကြင်နာပေးနှင့်ပြီးသား "
" အဆိုတော်ပေါက်စလေးတစ်ယောက်အတွက်နဲ့များ မင်းရဲ့တည်ငြိမ်ရည်မွန်တဲ့ပုံစံတွေ ဘာဖြစ်ကုန်တာလဲ ကျန်းလျိုရှန်း ? "
ကျန်းလျိုရှန်း၏ နဖူးမှာ ကြောက်စရာကောင်းသည့် သွေးကြောပြာတွေ ထင်းနေအောင် တင်းလျက်ရှိပြီး တစ်ညလုံး မျိုသိပ်ထားရသည့် ဒေါသတွေကျိုးပေါက်ကာ သူ့အရှေ့ရှိလူ၏ ကော်လာကို ဆွဲယူလိုက်သည် : " သွမ့်မင်ယန် ၊ သွမ့်မိသားစုတစ်ဝက်လောက်ကို အခုမှရပြီး မင်းလုပ်ချင်တာမှန်သမျှကို လုပ်လို့ရပြီလို့ မထင်လိုက်နဲ့။ ငါ ရှင်းအောင်ပြောထားလိုက်မယ် ၊ မင်းက အမွေဆက်ခံနိုင်ခွင့် ဘာမှရမှာမဟုတ်တဲ့ တရားမဝင်ကလေးတစ်ယောက်ဖြစ်နေတုန်းပဲ။ ငါမင်းကို ဖျက်ဆီးပေးဖို့က အရင်ကလို အလွယ်လေး။ ဒါ ငါမင်းကို သတိပေးတာ၊ မထိသင့်တဲ့ လူကို သွားမထိနဲ့ ! "
သွမ့်မင်ယန်က ကြောက်ရွံ့သည့်အရိပ်အယောင် စိုးစဉ်းမျှမရှိ : " မင်းအပေါ်က ပုဂ္ဂိုလ်ရေးရာ အာဃာတတွေကြောင့်နဲ့ ငါ ပြောင်းခဲ့တာမဟုတ်ဘူး။ ကုမ္ပဏီရဲ့အကျိုးစီးပွားကိုမျှော်ကိုးနေတဲ့ ဘယ်သူဌေးမဆို သူ စပွန်ဆာပေးထားတဲ့ပွဲက ပျက်ကိန်းဆိုက်တဲ့သတင်းနဲ့ ဧည့်သည့်တစ်ယောက်ကြောင့် ထိခိုက်သွားမှာကို ဝမ်းသာနေမှာ မဟုတ်ဘူး။ "
သူက ကျန်းလျိူရှန်း၏ လက်ကောက်ဝတ်ကို ဆုပ်၍ အားပိုတိုးလိုက်ပြီး : " ငါသာ သူ့ကို တကယ် ထိခိုက်စေချင်တယ်ဆိုရင် ငါနဲ့ ညှိနှိုင်းဖို့ အခွင့်အရေးပေးမှာ မဟုတ်ဘူး "
ကျန်းလျိုရှန်း ထိုသို့ကြားလျှင် စိတ်ပြေလျော့သွားခဲ့ရာ အခွင့်ကောင်းယူလိုက်သည့် သွမ့်မင်ယန်ထံမှ တွန်းထုတ်ခံလိုက်ရ၏။
" သူက......မင်းနဲ့ ညှိနှိုင်းချင်တာလား ? ဘာအတွက်လဲ ? "
သွမ့်မင်ယန်က သူ့ကော်လာကို တည်ငြိမ်စွာ ပြန်ပြင်ရင်း : " အဲ့ဒီအဆိုတော်လေးက စိတ်ဝင်စားစရာကောင်းသားပဲ။ သူ ကြံမိကြံရာဖြစ်ပြီး လုံရှင်းကို ပြန်လာဖို့ ငါ့ကို တောင်းပန်လိမ့်မယ် ထင်ခဲ့တာ။ အဆုံးသတ်တော့ ကျောက်ကျန်ဟွားက ဘယ်လောက် စက်ဆုပ်စရာကောင်းပြီး ဘယ်လောက် အရည်အချင်းမရှိလဲဆိုတာတွေ ငါ့ကို ထုတ်ပြောပြဖို့ ရောက်လာတာ ဖြစ်နေတာပဲ "
" ကျောက်ကျန်ဟွားက ကုမ္ပဏီ တိုးတက်ဖို့ တခြားလူတွေကို အားကိုးနေရတယ်လို့သူကပြောတယ်။ အဲ့ဒါက သူ ကုမ္ပဏီကို တစ်သီးပုဂ္ဂလနဲ့ စီမံခန့်ခွဲနိုင်စွမ်းမရှိဘူးဆိုတာပြနေတာပဲတဲ့။ ပြီးရင် သူက အနုပညာရှင်ကို မှန်မှန်ကန်ကန်ဖြစ်တဲ့အနေအထားတောင် မပေးနိုင်သလို ၊ ရေရှည်ကိုလည်း မကြည့်တတ်ဘူး။ သူက ပိုက်ဆံ မြန်မြန်ရဖို့ပဲတွေးပြီး အနုပညာရှင်ရဲ့အလားအလာတွေကို မြေမြှုပ်ပစ်တယ်တဲ့။ အနုပညာရှင်တစ်ယောက်က စာချုပ်ရပ်စဲချင်ပြီဆိုရင် သူတို့ကို ဘယ်လိုဆက်နေအောင်လုပ်ရမလဲဆိုတာကို တွေးရမယ့်အစား သူတို့ အနာဂတ်အခွင့်အလမ်းတွေကို ဘယ်လိုဖျက်ဆီးပစ်ရမလဲဆိုတာပဲ တွေးတယ်တဲ့။ ဒီလို ပုတ်ပွနေတဲ့ နောက်ကြောင်းအပြုံလိုက်နဲ့ အကြင်နာတရားခေါင်းပါးပြီး သမာဓိမရှိတဲ့လူတစ်ယောက်က အနှေးနဲ့အမြန် ကုမ္ပဏီကို ဆွဲချသွားမှာပဲမို့ ရှေ့လျှောက် ပျက်စီးလာမှာတွေကို တားလို့ရအောင် သူ့ကို တတ်နိုင်သမျှ မြန်မြန် အလုပ်ထုတ်ဖို့ ငါ့ကို လာအကြံပေးတာပဲ "
" သူသာ လုံရှင်းကို ပြန်လာဖို့ စိတ်ကူးမရှိတာမျိူးမဟုတ်ရင် သူ အာစလျှာစရှိတာရယ် ၊ အေးဆေးတဲ့ ကိုယ်နှုတ်အမူအရာတွေကြောင့် ငါ သူ့နဲ့ ပြန်ပြီး စာချုပ်ချုပ်ဖြစ်လောက်တယ်။ "
ကျန်းလျိုရှန်းဟာ တဒင်္ဂမျှပြောစရာပျောက်နေခဲ့လျက်။
ရှရှီးအိုက်ဟာ သူကိုယ်တိုင် ရွှံ့ထဲကို နစ်ပြီး တဖြည်းဖြည်း ဆုတ်ယုတ်သွားမှာကို စောင့်နေမယ့်သူမျိုးမဟုတ်ဘူးဆိုတာအား သူမေ့နေခဲ့မိသည်။
အတိတ်က ခံစားခဲ့ရသည့် နာကျင်မှုတွေနှင့်ယှဉ်လျှင် လက်ရှိဖြစ်ရပ်က သူ့အပေါ် ဘာမှ ဖြစ်မှာမဟုတ်လောက်ပေ။ ဆုတစ်ဆု လွဲချော်သွားခြင်းက သူ့ကို ပိုကြိုးစားပြီး သူ့ကိုယ်သူ သက်သေပြဖို့အတွက် လှုံ့ဆော်ပေးနိုင်သည့် စိတ်ခွန်အားမျှသာ ဖြစ်ပေလိမ့်မည်။
ကျန်းလျိုရှန်း၏ ခဲဆွဲလျက်ရှိသည့် နှလုံးသားမှာ နောက်ဆုံးတွင်တော့ အတန်ငယ် အနည်ထိုင်သွားရ၏။ အကောင်းဆုံး မျက်နှာသစ်အနုပညာရှင်ဆုဟာ ရှရှီးအိုက်မဟုတ်မှန်း သိလိုက်ရကတည်းက သူဟာ အလွန့်အလွန် ဒေါသထွက်သည့်အဆင့်ကိုရောက်သွားပြီိး သန်း၁၀၀နီးပါးလူထုရှေ့တွင် စာအိတ်ကိုပင် စုတ်ဖြဲမိတော့မတတ်ဖြစ်ခဲ့သည်။ သို့သော် သူ ထိုသို့လုပ်လိုက်ပါက မြောက်မြားစွာသော လူထုအားသွေးပူအောင် လှုံဆော်ပေးမိသလိုသာ ဖြစ်ကာ ရှရှီးအိုက်အတွက် ကောင်းသွားတာထက် အထိသာနာလိမ့်မည်ဖြစ်၏။
ထိုစဉ် စောင့်ကြပ်ရေးတာဝန်ကျလူက တံခါးခေါက်လာပြီး : " ရှန်းကော ....... ကျွန်တော်တို့ သူ့ကို တွေ့ပြီဗျ။ ပွဲအလယ်လောက်မှာ ရှရှီးအိုက်က လူထုထဲကနေထွက်သွားပြီး Backstageကို သွားခဲ့ပါတယ်။ သူ နားနေခန်းမှာ ရှိရင်ရှိနေလောက်တယ် ၊ ဒါပေမယ့် အဲ့မှာက ကင်မရာမရှိတော့ သူအခုထိ ရှိသေးလားတော့ မသိ..... "
" ကျေးဇူးပဲ " ကျန်းလျိုရှန်းဟာ ပုဂ္ဂိုလ်ရေးရာ အာဃာတတွေကို ယာယီဘေးချိတ်လိုက်၏။ သွမ့်မင်ယန်ကလဲ သူ့ကို မနှောင့်ယှက်တော့တာကြောင့် တံခါးကို အမြန်ဖွင့်ကာ အလျင်စလိုထွက်လာခဲ့တော့သည်။
သူ ထွက်သွားလျှင်တောင် တာဝန်ကျလူမှာ ကြောက်စိတ်တွေ ရစ်ဝဲနေဆဲ: " ရှန်းကောက များသောအားဖြင့်အရမ်းဖော်ရွေတာပါ။ ဒီနေ့ ဘာဖြစ်နေတာပါလိမ့်......? "
" သူ့အတွက်အရေးကြီးတဲ့လူတစ်ယောက်အတွက် ဒေါသထွက်နေတာဖြစ်လောက်မယ်.... " ဝန်ထမ်းတစ်ယောက်က ခပ်တိုးတိုးဆို၏။
တာဝန်ကျလူက သူ့ကို တံတောင်နှင့်တွတ်လိုက်ပြီး : " သွား သွား ! မင်း စားတာကို ဆင်ခြင်စရာမလိုပေမယ့် မင်းပြောတာကိုတော့ ဆင်ခြင်ရမယ်ဟ ! မြန်မြန်လုပ်ငန်းပြီးအောင်လုပ်မှ ငါတို့ အလုပ်ဆင်းနိုင်မှာ ! "
ကျန်းလျိုရှန်းဟာ စောင့်ကြပ်ရေးခန်းထဲမှ ထွက်ပြီး Backstageသွားသည့် တစ်လမ်းလုံး ပြေးလွှားနေခဲ့သည်။
ညဆယ့်နှစ်နာရီကျော်နေပြီဖြစ်၍ ယေဘုယျအားဖြင့် ဧည့်သည်တွေ ပွဲခန်းမမှ ထွက်သွားကြပြီပင်။ ဝန်ထမ်းတချို့တလေသာ တန်ဖိုးကြီးပစ္စည်းများကို ရွေးထုတ်ဖို့ ကျန်ခဲ့ကာ ကျန်နေသည့် အသေးအဖွဲ့ပစ္စည်းများနှင့် အမှိုက်တို့ကို မနက်ဖြန်မှ ရှင်းမှာဖြစ်သည်။အပူပေးတာအား ပိတ်လိုက်ပြီးနောက် Backstage တစ်ခုလုံး ဗလာကျင်း၍ လူသူကင်းမဲ့နေလျက်။
ကျန်းလျိုရှန်း ဝင်သွားသောအခါ ဝန်ထမ်းပေါင်းများစွာနှင့် မျက်နှာချင်းဆိုင်တွေ့ပြီး သူတို့က အံ့ဩသင့်နေကြ၏။ သူက တစ်ခုခုကိုရှာနေမှန်း မြင်ကြရလျှင် မေးကြသည် : " ရှန်းကော ၊ တစ်ခုခုများကျန်ခဲ့လို့လား ? ကျွန်တော်တို့ ကူရှာပေးမယ်လေ "
" ရတယ်။ မင်းတို့ဘာသာ ကြိုးစားလ်ိုက်ဦး၊ ငါ ကိုယ့်ဘာသာပဲရှာလိုက်မယ်။ ထွက်မသွားခင် ငါ့အတွက် တံခါးလေးတစ်ချပ်တော့ သော့မခတ်ပဲ ချန်ထားပေးဦး "
ဝန်ထမ်းက သဘောတူလိုက်လျှင် ကျန်းလျိုရှန်းမှာ ပြန်လှည့်ကြည့်ဖို့ပင် ဂရုမစိုက်တော့ဘဲ နားနေခန်းသို့ တန်းတန်းမတ်မတ် လျှောက်လာလိုက်၏။
သူ နားနေခန်းတံခါးဝမှာ ရပ်လိုက်သောအခါ စိတ်ပူနေတာကြောင့် နှလုံးခုန်နှုန်းတွေမြန်ဆန်နေလျက်။ သူ့စိတ်ထဲမှာ အတွေးတစ်ခုသာရှိသည် : သူ့ကလေးလေးက အထဲမှာ။
သူ သူ့ကို မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် အရင်ဆုံး တောင်းပန်ရမည်ဖြစ်ပြီး ၊ ပြန်ခေါ်သွားကာ ထပ်ပြီး ထိခိုက်နစ်နာမှု စိုးစဉ်းသော်မျှ ခံစားခွင့်မပေးတော့ဖို့ပါပင်။
ဘာလို့ သူ ဒီလိုလုပ်ရသလဲဆိုတာကတော့......သူ မနှေးကွေးနေ ၊ ရင်ထဲမှာ အဖြေတစ်ခုရှိပြီးသား။
ကျန်းလျိုရှန်း အသက်တစ်ချက်ရှိုက်လိုက်၍ လက်လမ်းကာ တံခါးကို ဖွင့်လိုက်သည်။ သူ မီးဖွင့်၍ လှည့်ပတ်ကြည့်လိုက်၏။
လူတစ်ယောက်၏ အရိပ်ကလေးမျှပင် မတွေ့ခဲ့ရ။
သူ သွားခဲ့ပြီကိုး......
ခဏမျှ သူ စိတ်ပျက်လက်ပျက်ဖြစ်သွားသလို ခံစားရပေမယ့် သူလုပ်နိုင်တာဘာမှ မရှိခဲ့ပေ။ သူ မီးကို ပြန်ပိတ်ပြီး လှည့်ထွက်ကာ တခြားနေရာမှာရှာဖို့ ပြင်လိုက်၏။ သို့သော် တံခါးပိတ်လုဆဲဆဲမှာပဲ နားနေခန်းထောင့်စွန်းမှ အသံယဲ့ယဲ့လေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကျန်းလျိုရှန်းတောင့်တင်းသွားကာ စိတ်ထဲမှ သေချာအောင် လုပ်လိုက်ပြီးသည့်နောက် မီးကို ပြန်ဖွင့်၍ တစ်လှမ်းချင်း ဆိုဖာနောက်ကို လျှောက်လာလိုက်သည်။
ပြတင်းပေါက်က ဟ,လျက် ပွင့်နေ၏။လေအေးတွေက အပြင်မှ တိုးဝင်လာခြင်းကြောင့် အရိုးထိတိုင် အေးစိမ့်စေကာ လိုက်ကာတို့ကလဲ လေအသွဲ့မှာ ကခုန်နေကြပေသည်။
လိုက်ကာတွေအောက်မှာတော့ အဖြူရောင်ဝတ်စုံပြည့်နှင့် ပုံရိပ်လေးတစ်ခုက ကြမ်းပြင်မှာ ခြေထောက်ပိုက်ထိုင်လျက် ဘောလုံးလေးလို ကွေးထားခဲ့၏။
"...... ရှီးအိုက် ? " သူ ညင်သာစွာ ခေါ်လိုက်မိသည်။
ပုံရိပ်လေးကတုန်ခနဲ့ဖြစ်သွားပေမယ့် ခေါင်းက ပိုနှိမ့်၍နစ်မြှုပ်သွားသည်။ သူ့လက်တွေက အင်္ကျီလက်စကို တင်းတင်းဆုပ်ထားရာ မူလပြန့်ရန့်နေသော ဝတ်စုံပင်လျှင်တွန့်ကြေနေလျက်။
ကျန်းလျိုရှန်း၏ နှလုံးသားဟာ ထိုလက်တွေနှင့် ဘောလုံးတစ်လုံး ဖြစ်အောင် ဆုပ်ညှစ်ခံလိုက်ရသည်ထင်၏။
" ရှီးအိုက် ကိုယ်ပါ။ " သူ ထိုင်ချ၍ ရှရှီးအိုက်၏ ဆံပင်လေးတွေကို ပွတ်ပေးကာ ညင်သာစွာဆိုလိုက်သည်။ " ကိုယ် မင်းကို လာခေါ်တာ။ ကိုယ်နဲ့အိမ်ပြန်လိုက်ခဲ့နော် ဟုတ်ပြီလား ? "
ရှရှီးအိုက်ကခေါင်းခါပြ၏။ သူ့အသံမှာ သဲသဲကွဲကွဲမဖြစ်ပဲ အနည်းငယ်တိမ်ဝင်နေသည့်တိုင် တည်ငြိမ်နေဆဲပင် : " မလိုဘူး။ ကျွန်တော့်မှာ နေစရာရှိတယ်။ ခင်ဗျားအရင်ပြန်လိုက်ပါ နောက်ကျနေပြီ "
" ဒါဆိုလဲ ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့လို့ရမလား ? အရင်ဆုံးထရအောင် "
" ဟင့်အင်း ကျေးဇူးတင်ပါတယ်။ သတင်းထောက်တွေက အပြင်မှာရှိနေတုန်းပဲ။ခင်ဗျား ဓာတ်ပုံရိုက်ခံရလိမ့်မယ်...ကျ...ကျွန်တော်က နည်းနည်း အိပ်ချင်နေလို့ပါ။ဒီမှာခဏထိုင်နေပြီးရင် ပြန်တော့မှာပါ။ ကျွန်တော့်အတွက် စိတ်ပူပေးစရာမလိုဘူး "
ကျန်းလျိုရှန်းက ထရပ်လိုက်၍ : " ကောင်းပြီလေ။ ဒါဆို ကိုယ်အရင်ပြန်နှင့်ပြီ "
ရှရှီးအိုက် စကားမပြောတော့ဘဲ တအောင့်ကြာမှ ခေါင်းလေး ညိတ်ပြလိုက်၏။ သူ့လက်ချောင်းလေးတွေ တုန်နေသောကြောင့် အင်္ကျီလက်စကို ဆုပ်ထားမိသည်။
ကျန်းလျိုရှန်းက အမှန်တကယ်ပင် မဆိုင်းမတွပဲ လှည့်ထွက်သွားခဲ့၏။သူ့ ခြေသံတွေ တဖြည်းဖြည်း ဝေးကွာသွားပြီး တံခါးဝသို့ရောက်သော် မီးကို ပြန်ပိတ်လိုက်သဖြင့် နားနေခန်းက ပြန်ပြီး အမှောင်ကျသွားသည်။
ဂျိန်း ! တံခါးပိတ်သွားသည်။
အပြင်ဘက်မှ တဟူးဟူးနှင့် လေအေးတိုက်သံကလွဲလျှင် နားနေခန်းတွင် တိတ်ဆိတ်လျက်ရှိ၏။
နှစ်မိနစ်ခန့်ကြာသော် တင်းခံထားသည့် နှာရှုံ့သံလေးတစ်ချက် ထပ်ထွက်လာခဲ့သည်။
ဖျတ် !
ဦးခေါင်းထက်မှ မီးက ရုတ်တရက် ပွင့်လာလျှင် ရှရှီးအိုက် အလန့်တကြား မော့ကြည့်လိုက်မိ၏။ လုံးဝမှ ထွက်မသွားရသေးသော ကျန်းလျိုရှန်းက သူ့ထံ ခြေလှမ်းကျဲကျဲလျှောက်လာကာ ရှင်းပြချက်မရှိ သူ့လက်မောင်းတွေကို ဆွဲယူလိုက်သည်။ သူက အားပါပါနှင့် ဆွဲထူလိုက်ပြီး သူ့ရင်ခွင်ထဲမှာ ဖိကပ်ထားလိုက်၏။
တောင့်တင်းသည့် ရင်အုပ်နှင့် နွေးထွေးသော ကုတ်အင်္ကျီက သူ့ကို ခပ်တင်းတင်း ထွေးပတ်ထားလျက်။
" မကြောက်နဲ့။ " ကျန်းလျိုရှန်းက သူ့ခေါင်းကိုပုတ်ပေးလာပြီး : " မကြောက်နဲ့ ၊ ကိုယ်ရှိတယ် "
သူ့ရင်ခွင်ထဲရှိ လူမှာ တုန်ယင်နေလျက်။ အအေးဒဏ်ကြောင့်ပေလား ၊ တခြားကြောင့်ပေလား မသိပေငြား သူက ဘာဆိုဘာမှမပြောပါချေ။
ကျန်းလျိုရှန်းက သက်ပြင်းဖွဖွချလိုက်ပြီး : " ချာတိတ် ၊ ကိုယ့်ရှေ့မှာ ဘာလို့ သန်မာချင်ယောင်ဆောင်နေရတာလဲ ? မင်းမှာ ပြဿနာရှိရင် ကိုယ့်ကိုသာပြောလိုက် ၊ ကိုယ်က အားလုံးကို ဖြေရှင်းပေးမှာပေါ့။ ဘာလို့ ရင်ထဲမှာပဲ သိမ်းထားပြီး မင်းဘာသာ ခံစားနေရတာလဲ ? "
ရှရှီးအိုက်က ထိန်းထားဖို့ အသဲအသန် ကြိုးစားနေပေငြား မထိန်းနိုင်ခဲ့တာကြောင့် စီးကျလာသော မျက်ရည်တွေက ကျန်းလျိုရှန်း၏ ရှပ်အင်္ကျီပေါ်မှာ စွန်းထင်းကုန်၏။
" ရှန်းကော......" သူက ဆို့နင့်လျက်ငိုကြွေးနေပြီး သူ့အရှေ့က လူ၏ အင်္ကျီကို တင်းတင်းဆုပ်ထားသည်မှာ ရေနစ်နေသောလူက ကောက်ရိုးတစ်မျှင်အား ဖမ်းဆွဲနေသည့်နှယ် : " ခင်ဗျား ခုထိ..... "
ခုထိ ကျွန်တော့်ကို သူငယ်ချင်းအဖြစ် လိုချင်သေးလား ? ခုထိ ကျွန်တော့်နဲ့ စာချုပ်ချုပ်ချင်သေးလား ? ခုထိ ကျွန်တော့်ကို ယုံသေးလား ?
ထောင်ချီမကသော စကားလုံးတွေ သူ့နှုတ်ဖျားမှာ ဝေ့သီနေပေငြား အားပျော့သော စာကြောင်းတစ်ကြောင်းအဖြစ်သာ ပြောင်းလဲသွားပါ၏ : " ခုထိ.....ကျွန်တော့်ကို လိုချင်သေးလား ? "
" ဒါပေါ့၊ ကိုယ်မင်းကို လိုချင်တယ်။ ဘာလို့ ကိုယ်က မလိုချင်ရမှာလဲ ? " ကျန်းလျိုရှန်းက သူ့ကျောပြင်လေးကို ပွတ်ပေးပြီး " ကိုယ်လာတာ နောက်ကျသွားလို့ မင်းကို ဝမ်းနည်းအောင်လုပ်မိသွားပြီ။ မင်းကို အတွေးမှားတွေ ပေးမိလို့ တောင်းပန်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်အဖတ်ဆယ်ဖို့ အခွင့်အရေးလေးပေးပါဦး ဟုတ်ပြီလား ? "
ရှရှီးအိုက်က ခေါင်းခါပြလိုက်ပြီး : " ကျွန်တော်က ခင်ဗျားကို ဒုက္ခပဲပေးမိနေမှာ.... ခင်ဗျားစကားတွေနဲ့တင် ကျေးဇူးတင်နေပါပြီ။ ရှေ့လျှောက် ကျွန်တော့်ကိစ္စတွေကိုထပ်ပြီး စိတ်ပူပေးစရာ မလိုတော့ပါဘူး.... "
" ဘယ်လိုလုပ်ပြီး မပူဘဲနေရမှာလဲ ? " ကျန်းလျိုရှန်းက သူ့ကုတ်ကို စုယူလိုက်ပြီး : " ကိုယ်က မင်းကို ကာပေးပါမယ်လို့ ပြောခဲ့တယ်မလား ၊ တွေ့လား ? ကိုယ့်စကားကိုယ်တည်တယ်။ "
ရှရှီးအိုက်ဟာ အဓိပ္ပာယ်ကွဲ*နေတာကြောင့် ရယ်လိုက်ပြီး သူ့ ကုတ်အင်္ကျီထဲကနေ ခပ်ဖွဖွလေး ရယ်လိုက်၏။
( ကာကွယ်ပေးတာနဲ့ ကာပေးတာနဲ့က စကားလုံးအတူတူပဲသုံးရပါတယ်တဲ့။ )
ကျန်းလျိုရှန်း၏ နှလုံးသားမှာ တစ်ဖန် ပြန်လည်ခုန်မြည်လာ၏။
ယခု ရှရှီးအိုက် သူ့ကို မော့ကြည့်လိုက်သည့်ပုံစံလေးက သူ့ရင်ကို ခွဲလိုက်သလိုပင်။ သူဟာ ဤကမ္ဘာမြေပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ပြန်မသွားနိုင်တော့သည့် နတ်သားလေးတစ်ပါးနှယ် အဖြူရောင်ကို ၀တ်ဆင်ထား၏။ မျက်နှာသေးသေးလေးက မျက်ရည်တွေ စိုလူးနေပြီး မျက်ဝန်းနက်ဝိုင်းဝိုင်းကြီးများက ငိုထား၍ ယောင်ယမ်းနီရဲနေသည်။ သူ့မျက်လုံးတွေထဲမှာ ကူကယ်ရာမဲ့ နာကျင်ခြင်းများက မပျောက်ကွယ်သွားသေး။ ထိုသို့သော ထိတ်လန့်ခြင်းမျိူးနှင့် သူ့ကိုမော့ကြည့်လာခဲ့တာမို့ သူ့နှလုံးသားထဲမှာ အပေါက်ကြီးတစ်ပေါက် ဖောက်ပစ်လိုက်သည်အထိ။
သည်လို ဝမ်းနည်းနေတဲ့ အမူအရာလေးရှိနေတာတောင် သူက အစောကစကားတွေကို အေးအေးဆေးဆေးနဲ့ ဘယ်လိုများပြောထွက်နိုင်ခဲ့တာလဲ......?
ကျန်းလျိုရှန်းဟာ သူ ရှရှီးအိုက် ငိုနေမည့်ပုံကိုတွေးဖူးခဲ့ကြောင်း အမှတ်ရမိသွားကာ သူ တိတိကျကျခန့်မှန်းနိုင်ခဲ့တာကို သိလိုက်ရ၏။ သူဟာ သူများမမြင်နိုင်တဲ့နေရာမှာ တကယ်ရှိနေခဲ့ပြီး မျက်နှာကိုအုပ်ရန် ကိုယ်လေးကွေး၍ တိတ်တိတ်လေး ငိုကြွေးခဲ့လေသည်။
သို့သော် သူမှားခန့်မှန်းမိဆဲပါပဲ။ ချာတိတ်လေးဟာ စိတ်ဆန္ဒပြင်းပြင်း ၊ အကြောက်တရားကင်းကင်းနှင့် မွေးဖွားလာခဲ့တာမဟုတ်ပါဘဲ လက်တွေ့ဘဝကြောင့် မဖြစ်မနေ ထိုသို့လုပ်နေရတာဖြစ်နေခြင်းပင်။ တစ်ဖက်လူက အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးခဲ့မိတာကြောင့် သူတကယ်ပင် အလေးမမူမိခဲ့။
ဤကဲ့သို့ အဖိုးတန် နတ်သားလေးဆိုတာ စိတ်တိုဒေါသထွက်နေရဖို့အတွက် မဟုတ်ပဲ ၊ ကာကွယ်ပေးပြီး အလိုလိုက်ပေးဖို့ အတွက်သာပင်။
ရှရှီးအိုက် ရယ်ပြီးနောက် ကြို့ထိုးလာ၏။ သူဟာ ကျန်းလျိုရှန်း၏ အင်္ကျီကိုဆုပ်ထားရင်းမှ တဖြည်းဖြည်းအငိုရပ်သွားခဲ့သည်။ ထိုအခါမှ သူယခု ဘယ်လောက် အထိန်းအကွပ်မဲ့သွားလဲဆိုတာ သဘောပေါက်လိုက်၏။ အလွန်ရှက်သွားရသဖြင့် ပွေ့ဖက်ထားသည်မှ သူရုန်းထွက်ချင်လာသည်။
ကျန်းလျိုရှန်းက လွတ်နေသောလက်နှင့် ပြတင်းပေါက်ကို အမြန်ပိတ်လိုက်ပြီး လူကို ပြတင်းဘောင်မှာ ကပ်ဖိထားလိုက်ကာ သူ့ကုတ်အင်္ကျီနှင့် တင်းတင်းပတ်ပေးထားလိုက်၏။
" ကျန်းလျိုရှန်း......" ရှရှီးအိုက် အသက်ရှူကျပ်လာသဖြင့် နောက်ဆုံးခေါင်းမော့လာသည်။ သူ့မျက်လုံးနှင့်နှာခေါင်းတွေက နီရဲနေဆဲဖြစ်သည့်တိုင် သူက အတည်ပေါက်မျက်နှာပေးဖြင့် : " လွှတ်ပေးဦး "
ကျန်းလျိုရှန်းက အလွန်နီးကပ်နေ၍ ခေါင်းငုံ့လိုက်ပါက သူနှုတ်ခမ်းနှင့် သူ၏ စိုစွတ်စွတ်မျက်တောင်လေးတွေပင် ထိသွားနိုင်သည်။ သူ့ လည်စလုပ်က မြင့်ချည်နိမ့်ခြည်ဖြစ်သွားကာ ရင်တွင်း မငြိမ်သက်မှုများကို ချိုးနှိမ်ရင်း တီးတိုးပြောလိုက်သည် : " ဘာလို့ ရှန်းကောလို့ မခေါ်တာလဲ ? "
သူ၏ဩရှ၍ ညှို့ငင်နိုင်သော အသံက ထောင့်နားလေးမှာ မြည်ဟည်းလာလျှင် ရှရှီးအိုက်မှာ အကြောင်းအရင်းမရှိ ပူလာခဲ့ရသည်။
" အဲ့ဒါက ခင်ဗျား ကျွန်တော့်ကို လာအာရုံပြောင်းအောင်လုပ်လိုက်လို့လေ။ ကျွန်တော် အဆင်ပြေပြီမို့ ခင်ဗျားပြန်လို့ရပြီ "
" ဟား ~ အပြောင်းအလဲတအားမြန်လွန်းနေတယ် မဟုတ်ဘူးလား ? မင်းက ကိုယ့်ရဲ့အော်ဒါချုပ်ဝတ်စုံကို ဖျက်စီးပစ်လိုက်ပြီးမှ အခုကျ ကိုယ့်ကိုကန်ထုတ်ချင်ပြီလား ? "
" ကျွန်တော် ခင်ဗျားကို ပြန်လျော်......"
" မလုံလောက်ဘူးလေ။ " ကျန်းလျိုရှန်းက သူ့နား,နားကပ်ကာ ခပ်ဖွဖွရယ်လိုက်ပြီး " ကိုယ်က မင်းကိုယ်တိုင်လျှော်ပေးစေချင်တာ။ မသန့်ရှင်းသေးရင် အိမ်ပြန်ဖို့ စိတ်တောင်မကူးနဲ့။ အဲ့ဒါက တချို့ကလေးတွေ အခု ကိုယ့်ကို လိုအပ်ပြီိး ကိုယ်နဲ့နေချင်တာနဲ့လည်း အတော်ပဲ ဖြစ်သွားတယ်မလား ? "
" ဘယ်သူက ခင်ဗျားနဲ့နေချင်——"
ရှရှီးအိုက် စကားမဆုံးသေးခင် နားနေခန်းတံခါးအပြင်မှတံခါးခေါက်သံကြားလိုက်ရ၏။
" ရှန်းကော ! ကျွန်တော်တို့ အခုသွားတော့မယ်ဗျ ! အစ်ကိုရှာနေတာရော တွေ့ရဲ့လား ? " အပြင်မှ ဝန်ထမ်းက အော်၏။
ကျန်းလျိုရှန်းက ရင်ခွင်ထဲမှ ခုန်ထွက်သွားသည့် ချာတိတ်လေးကို ပြန်ဖက်ထားလိုက်ပြီး ပြန်အော်လိုက်၏ : " တွေ့ပြီ ! ငါ ခဏနားချင်သေးလို့ မင်းတို့ အရင်ပြန်နှင့်ကြ ! ငါ တံခါးသော့ခတ်ခဲ့မယ် ! "
" ကောင်းပြီလေ ! ကြိုးစားခဲ့ပါပြီ ကျွန်တော်တို့ မနှောင့်ယှက်တော့ဘူး ! "
ဝန်ထမ်းတွေ၏ ခြေလှမ်းတို့က တစ်စနှင့်တစ်စ ပျောက်ကွယ်သွားပြီးနောက် ရှရှီးအိုက်ဟာ ခေါင်းလေးကို သတိတထားနှင့် ထောင်ကာ ပတ်ပတ်လည် ဝေ့ဝဲကြည့်လေသည်။ သူ့ဆံပင်တွေက ကုတ်အင်္ကျီကြောင့် လေထဲမှာ ခပ်ဖွာဖွာလေး ဖြစ်နေ၏။
ကျန်းလျိူရှန်းမှာ သူ၏ ချစ်စဖွယ်အပြုအမူလေးကြောင့် ရူးတော့မလိုပင်။
" ကိုယ့်ကို မလိုဘူး, ဟမ် ? " သူကတမင်စလိုက်၏။ " ဒါဆို ဘာလို့ ကိုယ့်ရင်ခွင်ထဲမှာ ပုန်းနေတာလဲ ? "
သူကိုယ်၌က ကာကွယ်နိုင်ရန် အင်အားမရှိတာကို သိနေသဖြင့် ရှရှီးအိုက်က နှုတ်ခမ်းကိုက်လိုက်ပြီး တိတ်နေမိတော့သည်။
ကျန်းလျိုရှန်းက သူ့ကို လေပြေလေးနှင့် ဆက်သိမ်းသွင်းသည် : " ကိုယ်နဲ့လိုက်ခဲ့။ ကိုယ်တို့ ဒီကိစ္စကို အတူဖြေရှင်းမယ်။ ကိုယ် မင်းနာမည်ကို သေချာပေါက် ရှင်းပေးပြီး မင်းကိုထိခိုက်စေတဲ့ လူဆိုးကြီးကို ဖယ်ရှားပေးမယ် ။ မင်း ဘောစ့်ကို ယုံလိုက် ဟုတ်ပြီလား ? "
ရှရှီးအိုက်က အတန်ကြာတိတ်နေပြီးမှ နောက်ဆုံး ခေါင်းညိတ်လိုက်၏။
" အလိမ္မာလေး ! " ဤတစ်ကြိမ်တွင်တော့ ကျန်းလျိုရှန်းဟာ ပြောင်ပြောင်တင်းတင်းပင် သူ့ခေါင်းထိပ်လေးကို နမ်းလိုက်လေရာ တစ်ဖက်လူမှာ ထိတ်လန့်ခြင်းကြောင့် ထွက်ပြေးမိတော့မတတ်။
" ဘ-ဘာလုပ်တာလဲဗျ ? ! "
" ဘာဖြစ်လို့ ? " ကျန်းလျိုရှန်းက အပြစ်ကင်းသလို မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် လူပါးဝစွာဆိုသည် : " ဒါက သူငယ်ချင်းတွေကြားမှာ ခံစားချက် ဖော်ပြတဲ့ နည်းလမ်းတစ်ခုပဲလေ။ ကိုယ် နိုင်ငံခြားမှာတုန်းက သူငယ်ချင်းတွေနဲ့ ဒီလိုမျိူး မကြာခဏ လုပ်ဖြစ်တာပဲ။ မင်းက မလုပ်ဖူးလို့လား ? "
ရှရှီးအိုက်ဟာ နှံ့နှံ့စပ်စပ်မရှိသူဟု ဆက်ဆံခံရမှာကို မလိုချင်သဖြင့် မတတ်သာတော့ပဲ ပြန်ဖြေလိုက်ရ၏ : " တချို့လူတွေကတော့ လုပ်ရင်လုပ်မှာပေါ့......ဒါမယ့် ကျွန်တော်က မလုပ်ဖူးဘူး "
" အသားကျလာမှာပါ။ ကြည့်လေ ၊ ကိုယ်တို့ အချင်းချင်းဖက်ထားကြတုန်းမှာ မင်း ကိုယ့်ရင်ခုန်သံတွေမြန်နေတာကို ခံစားမိလား ? ဒါက ကိုယ်တို့ကြားမှာ ဆုံးရှုံးပြီးမှ ပြန်ရလာတဲ့ ခင်မင်ရင်းနှီးမှုအတွက် ကိုယ် စိတ်လှုပ်ရှားနေတာပဲပေါ့ "
ရှရှီးအိုက်ခမျာ သူ့စကားကြားလိုက်ရလျှင် သင်္ကာမကင်းဖြစ်သွားရသည်။သူတို့ရင်ဘတ်တွေက အချင်းချင်းထိကပ်နေသည့်တိုင် သူ့အမြင်အရဆိုရင်တော့ ၊ သည်ပွေ့ဖက်မှုက နည်းနည်း ၊ ပွတ်သီးပွတ်သပ်ဖြစ်လွန်းနေတယ်.....မည်သို့ဖြစ်စေ ကျန်းလျိုရှန်း၏ ရင်ခုန်သံတွေက အမှန်တကယ် မြန်ပြီး အားပြင်းနေလျက် ညာဘက်ခြမ်းမှာ ထပ်တလဲလဲ ခုန်မြည်နေတာပင်။
ပြီးတော့ သူ့ကိုယ်ပိုင် ဘယ်ဘက်ခြမ်းမှာလဲ အရိုင်းဆန်စွာ အထိန်းအကွပ်မဲ့ ခုန်မြည်နေ၏။
အဲ့တော့ ဆိုလိုတာက ကျန်းလျိုရှန်းလဲ သူက သူ့ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ ဂရုစိုက်သလဲဆိုတာကို ခံစားမိမှာပဲပေါ့ ....?
နှလုံးသားက သူ့ကို သစ္စာဖောက်နေသဖြင့် ရှရှီးအိုက်၏ မျက်နှာလေးက ပကတိ ပူကျွမ်းသွားတော့သည်။
ကျန်းလျိုရှန်းဟာ သူ့ရင်ခွင်ထဲရှိပုဂ္ဂိုလ်လေး ရှက်နေတာကို မြင်ရလျှင် နှုတ်ခမ်းထောင့်တွေ ကော့တက်သွား၏။
နောက်ဆုံးတော့ ဒီထူးဆန်းတဲ့ ရင်ခုန်သံက ဘယ်ကလာလဲ ဆိုတာကို သူ နားလည်ခဲ့ပြီဖြစ်၍ သူဟာ ရင်ခုန်အောင်လုပ်တဲ့ လူသားလေးအား ဖက်ထားလိုက်တော့သည် ; ဘယ်တော့မှ ထပ်ပြီး လွှတ်ပေးတော့မှာ မဟုတ်။
──────────────────────────────────