抖阴社区

11. Sirius A ( U )

26.7K 1.6K 192
                                        

" အဘွားမရှိလဲ ဘာမှ အားငယ်စရာမလိုဘူး ။  ဘဘုန်းလဲရှိတယ် ။ မင့်ဘကြီးသက်တို့လဲရှိတယ်။ တစ်ရွာလုံးလဲ မင်းအမျိုးတွေချည်းပဲ။ ကိုယ့်ဟာကိုယ် ပုံမှန်အတိုင်း ကျောင်းတက်စရာရှိတာတက် ။ စာကြိုးစား ။ လိုတာရှိ ဘယ်သူ့နေနေပြောလို့ရတယ် ။ကြားလား မောင်ထင်  "

" တင်ပါ့ဘုရား "

ဘွားငွေအတွက် ရက်လည်ဆွမ်းသွတ်သည့်နေ့ ။  ရေစက်ချအမျှဝေပြီးသွားပေမဲ့ ဘဘုန်းက ဘုန်းကြီးကျောင်း ပြန်မကြွသေးဘဲ ထင်ရှားကို အမှာစကားခြွေနေသည် ။

တရားနာလာကြသည့် လူတချို့က သဘက်စလေးတွေ ပုခုံးပေါ်တင်ပြီး ပျဉ်ထောင်အိမ်ဟောင်းလေးထဲကနေ အလျှိုအလျှိုထွက်သွားကြ၏ ။ အရီးလှတို့ မပျိုဖြူတို့လို လူရင်းတွေတော့ ကျန်နေသေးသည် ။

ဘွားငွေဆုံးပြီးကတည်းက ရက်လည်နေ့အထိ သည်အိမ်လေးထဲမှာ လူအဝင်အထွက် မပြတ်ပေမဲ့လို့ နောက်ရက်တွေကျလျှင်တော့ အခုလို လှုပ်ရှားသက်ဝင်မှုတွေ ရှိတော့မှာ မဟုတ်ပေ ။ အခွံသက်သက်ပဲ ကျန်ရစ်တော့မည့် အိမ်ကလေးကို ဝေ့ကြည့်ရင်း လင်းထွဋ်ရင်ထဲ စို့နင့်လာရပြန်သည်။

သူ့အတွက်လည်း သည်ကနေ့က ရွှေတွဲလွဲ ငွေတွဲလွဲမှာ နေရမည့် နောက်ဆုံးရက်ပါ ။

" လူဆိုတာ အကုန် သေမျိုးချည်းပဲ ။ ဘဘုန်းတို့လဲ တစ်နေ့ ဒီလမ်းလိုက်ကြရမှာပဲ ။ အကောင်းဘက်ကတွေးကြည့်ရင် မင်းအဘွားက အသေကောင်းတာ။ အသက်ရှင်နေတုန်းမှာ ဘာခန္ဓာဝေဒနာမှ ကြာကြာ မခံစားလိုက်ရဘူး ။ သူ့လို သေရမယ်ဆို ငါတောင် အခုသေချင်သေးတယ် ။ ပြီးတော့ မင်းအဘွားက နေ့တိုင်း ဘုရားတရားနဲ့ပဲ နေတဲ့သူမို့ ကောင်းရာမွန်ရာလဲ ရောက်ဦးမှာ ။ အဘွားအတွက် စိတ်မကောင်း ဖြစ်မနေနဲ့ ။ ကိုယ်လျှောက်ရမဲ့လမ်းကိုပဲ အာရုံစိုက် ကြားလား "

" တင်ပါ့ ။ တပည့်တော် နားလည်ပါတယ်ဘုရား "

ဘဘုန်းရှေ့မှာ လက်အုပ်ချီပြီး ပုဆစ်တုတ်ထိုင်နေသည့် ထင်ရှားပုံစံလေးက တည်တည်ငြိမ်ငြိမ်ပင် ။ ဘွားငွေအလောင်း မြေချစဉ်ကလည်း မျက်ရည်တစ်စက်မှ မကျ ။ သည်ရက်တွေမှာလည်း အေးအေးဆေးဆေးနှင့် နာရေးသတင်းလာမေးကြသူများကို လူကြီးလေးတစ်ယောက်လို ဧည့်ခံနေသည် ။ နေကြာစေ့တို့ ချိုချဉ်တို့ ကုန်သွားလျှင်တောင် ကိုယ်တိုင် ပြေးဝယ်တတ်၏။ ဆွမ်းသွတ်ဖို့ ကိစ္စတွေမှာလည်း မပျိုဖြူတို့နှင့် တိုင်ပင်ပြီး  စီစဉ်သည် ။

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now