抖阴社区

15. Luna ( Z )

4.4K 51 3
                                        


အချစ်တဲ့ ...။

အင်းလျားမှာတိုက်သည့် လေညင်းနှင့်အတူ သူ့ပါးပြင်ပေါ်  ဖြတ်ပြေးသွားသည့် စကားသံတိုးတိုး။ အလင်းနှစ်သန်းပေါင်းများစွာကနေ လွင့်ကျလာသည့် တယောသံလို ညင်သာသွဲ့ပြောင်းသည်။ သို့သော်လည်း နှစ်သစ်ကူးည မီးရှူးမီးပန်းတွေ ‌တပြိုင်တည်း ပစ်လွှတ်လိုက်သလိုမျိုး ရင်ထဲမှာ ဆူညံသွား၏ ။ ရုတ်တရက် ကြယ်မိုးတွေရွာချလိုက်သလို အာရုံခံဆဲလ်တွေထဲကနေ အလင်းစက်ငယ်လေးတွေ တဖွားဖွား ပေါ်ထွက်လာသည် ။

သိပ်ပြီး စိမ်းသက်နေသည့် စကားလုံးတော့လည်း မဟုတ် ။ လူရယ်လို့ဖြစ်လာကတည်းက မည်သူမဆို ထိုစကားလုံးနှင့် ရင်းနှီးနေပြီးသား မဟုတ်လား ။

စာအုပ်တွေထဲမှာလည်း ဖတ်ဖူးသလို သီချင်းတွေထဲမှာလည်း နားထောင်ဖူးကြမည်။ ဖွင့်ဆိုသူအပေါ် မူတည်ပြီး အချစ်ဆိုသည့် ဝေါဟာရအမျိုးမျိုး ကွဲပြားတတ်ကြောင်းကိုလည်း တွေ့ကြလိမ့်မည် ။

လင်းထွဋ်အတွက်တော့ အချစ်ဆိုတာ ဦးခင်မောင်တိုးရဲ့သီချင်းစာသားထဲကလို * အပြုံးပန်းအလှများ ၊အစဉ်သာပွင့်ဝေစေချင် ၊အလွမ်းတေးများနှုတ်ပိတ်နေစေချင် * ဆိုသည့် ဆန္ဒလေးလည်း ဖြစ်နိုင်သည် ။

Jerry Maguire ရုပ်ရှင်ထဲက " You had me at hello " ဆိုသည့် ဒိုင်ယာလော့ဂ်လေးနှင့်လည်း ဆင်တူ၏ ။

ထိုအချစ် ဘယ်ကစခဲ့သလဲ မေးလျှင်တော့ မဖြေတတ်။ မထင်မှတ်ဘဲ ခေါင်းပေါ်ရောက်လာခဲ့သည့် ဝါးခမောက်လေးလား၊ ထန်းလျက်ရည်ညိုညိုနှင့် မုန့်လက်ဆောင်းဖန်ခွက်လေးလား ၊ လက်ဖဝါးထဲအရောက်ထည့်ပေးလာခဲ့တဲ့ ကြာပန်းဖြူလေးလား ၊ ရင်ခွင်ထဲ ပွေ့ပိုက်ထားခဲ့မိတဲ့ သနပ်ခါးကျောက်ပြင်လေးလား ။

အသေချာဆုံးကတော့ ကြယ်တွေအကြောင်း အလျဉ်းသင့်သလို စကားထဲ ထည့်ပြောတတ်သည့် တစ်စုံတစ်ယောက်ဆီက စခဲ့ခြင်းပါ ။

လွဲချော်ခြင်းများစွာနှင့် တည်ဆောက်ထားသည့် ဘဝဘူတာရုံကြီးထဲ ရှောင်လွှဲချိန် မရလိုက်ဘဲ ဝင်တိုက်ခဲ့မိသည့် လူတစ်ယောက်ပေါ့ ။

" သိပြီလား "

" ဪ ... အင်း "

လုပ်မိလုပ်ရာ ကားနောက်ဖုံးပေါ်ကနေ ခုန်ဆင်းပစ်လိုက်သည်။ သူ့နောက်လိုက်နေသည့် အပြုံးမြမြနှင့် မျက်ဝန်းညိုတွေက ဆည်းဆာနဲ့အပြိုင် သူ့ကို ညှို့ငင်နေ၏ ။ သည်နေရာမှာ လှုပ်ခတ်နေတာ အင်းလျားရေပြင်မဟုတ် ။ သူ့နှလုံးသားထဲက ရင်ခုန်သံစဉ်လှိုင်းတွေ ။

Love Beyond The Milky Way - ???????? { Completed }Where stories live. Discover now